သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာရှင်ဟောင်းမားကို့စ် အလောင်းကို ရွှေ့ပြောင်းမယ့် အစီအစဉ် လူထုကန့်ကွက်


အာဏာရှင်သမ္မတဟောင်း မားကို့စ်ကို ဂုဏ်ပြုုပြီး သူ့ရဲ့ ရုပ်အလောင်းကို ရွှေ့ပြောင်း သင်္ဂြိုဟ်မယ့်အပေါ် ကန့်ကွက် ဆန္ဒပြသူများ။ သြဂုတ် ၁၄၊ ၂၀၁၆။
အာဏာရှင်သမ္မတဟောင်း မားကို့စ်ကို ဂုဏ်ပြုုပြီး သူ့ရဲ့ ရုပ်အလောင်းကို ရွှေ့ပြောင်း သင်္ဂြိုဟ်မယ့်အပေါ် ကန့်ကွက် ဆန္ဒပြသူများ။ သြဂုတ် ၁၄၊ ၂၀၁၆။

ကွယ်လွန်သူ ဖိလစ်ပိုင်အာဏာရှင်ဟောင်း Ferdinand Marcos ကို သူရဲကောင်း ဗိမာန်မှာ နိုင်ငံတော် အခမ်းအနားနဲ့ ရွှေ့ပြောင်းပြီး ဂုဏ်ပြုသင်္ဂြိုဟ်မယ့် သမ္မတ Rodrigo Duterte ရဲ့ အစီအစဉ်ကို ကန့်ကွက်တဲ့ အနေနဲ့ ရာနဲ့ချီတဲ့ပြည်သူတွေ ဟာ မနီလာမြို့တော်မှာ ဒီကနေ့ မိုးတွေ သည်းထန်တဲ့ကြားကပဲ ဆန္ဒပြကြပါတယ်။

အာဏာရှင်ဟောင်း မားကို့စ်ရဲ့ ရုပ်အလောင်းကို မြုှပ်နှံထားရာ သူ့ရဲ့ မွေးရပ်မြေ ကနေ မနီလာမြို့တော်က အမျိုးသား သူရဲကောင်းဗိမာန်မှာ နောက်လ အတွင်း ရွှေ့ပြောင်းဂုဏ်ပြုဖို့ သမ္မတ ဒူတာတေးက စီစဉ်တာဖြစ်ပါတယ်။

ဒီအစီအစဉ်ကို နိုင်ငံတွင်း တခြားဒေသတွေမှာလည်း ကန့်ကွက် ဆန္ဒပြတာတွေ ရှိပေမယ့် သမ္မတ ဒူတာတေး ကတော့ သူ့အစီအစဉ်ကို အခိုင်အမာ ဆုပ်ကိုင် ထားဆဲဖြစ်ပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်သူတဦးဖြစ်တဲ့ အထက် လွှတ်တော်အမတ် Risa Hontiveros ကတော့ မားကို့စ်ဟာ ကျမတို့ရဲ့ သူရဲကောင်းတွေရဲ့ ရန်သူတော်ကြီး တယောက်အဖြစ်နဲ့ သမိုင်းမှာ နိဂုံးချုပ်ခဲ့သူပါ၊ သမ္မတ ဒူတာတေး အနေနဲ့ ဒီလို ဆိုးရွားလှတဲ့ အမှားကြီးတရပ် ကို မကျူးလွန်သင့်ပါဘူး ဆိုပြီး ပြောဆိုသွားပါတယ်။

အာဏာရှင် မားကို့စ်လက်ထက်က နှိပ်စက်ညှင်းပမ်းခံရသူတွေနဲ့ ထောင်သွင်း အကျဉ်းချခံရသူတွေလည်း ဒီကနေ့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ကြပါတယ်။

၁၉၆၅ ခုနှစ်မှာ ရွေးကောက်ခံသမ္မတဖြစ်လာတဲ့ Ferdinand Marcos ဟာ ၁၉၇၂ ခုနှစ်မှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး နောက်ပိုင်းမှာတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ကိုယ်ချမ်းသာဖို့အတွက် နိုင်ငံဘဏ္ဍာကို ရယူတာတွေနဲ့ စွပ်စွဲခံရပါတယ်။

၁၉၈၆ ခုနှစ်မှာတော့ လူထုလှုပ်ရှားမှုနဲ့ မားကို့စ်ကို ဖြုတ်ချခံခဲ့ရပြီးတဲံနောက် အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်အီမှာ သူ့မိသားစုနဲ့အတူ မသေခင် ၁၉၈၉ ခုနှစ်အထိ နေထိုင်ခဲ့ပါတယ်။ သူ့ရဲ့ ရုပ်အလောင်းကို မွေးရပ်မြေမှာ ပြန်လည် ပို့ဆောင်သင်္ဂြိုဟ်ခဲ့တာဖြစ်ပါတယ်။

မားကို့စ်ဟာ စစ်သားဟောင်းတဦးလည်းဖြစ်၊ သမ္မတ တဦးလည်းဖြစ်တာကြောင့် သူရဲကောင်းဗိမာန်မှာ သင်္ဂြိုဟ်ဖို့ ထိုက်တန်သူ ဖြစ်တယ်လို့ သမ္မတ ဒူတာတေး က ပြောဆိုနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG