သုံးရလွယ်ကူစေသည့် Link များ

လူ့အခွင့်အရေး ကိုယ်စားလှယ် ကုလညီလာခံမှာ အစီရင်ခံစာ တင်သွင်းဖို့ ပြင်ဆင်


ရှေ့လထဲ ကျင်းပတော့မယ့် ၆၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ မြန်မာနိုင်ငံ အရေးကို သေသေချာချာ ဆွေးနွေးလာနိုင်ချေရှိပြီး နှစ်ပေါင်းများစွာ ကုလသမဂ္ဂက ဆုံးဖြတ်ချက်ချ အတည်ပြုပေးနေတဲ့ အဆင့်ထက် ဒီတခါမှာ ပိုလာနိုင်တယ်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်း စစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ကပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး မစ္စတာ ကင်တားနားဟာ ၆၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ တွေ့ရှိချက်တွေကို တင်သွင်းနိုင်ဖို့အတွက် သြဂုတ်လထဲမှာ မြန်မာနိုင်ငံကို စတုတ္ထအကြိမ်မြောက် သွားရောက်ဖို့ ကြိုးစားခဲ့ပေမဲ့ မြန်မာစစ်ခေါင်းဆောင်တွေက ရွေးကောက်ပွဲကြောင့် တာဝန်ရှိသူတွေ အလုပ်ရှုပ်နေတယ်လို့ အကြောင်းပြပြီး ဝင်ရောက်ခွင့် မပေးခဲ့ပါဘူး။ ဒါကြောင့် သြဂုတ်လ ဒုတိယပတ်ထဲမှာ ထိုင်း၊ မြန်မာ နယ်စပ်ဒေသတွေနဲ့ အင်ဒိုနီးရှား နိုင်ငံတွေကို မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်သစ်တွေ စုဆောင်းဖို့အတွက် သွားရောက်ခဲ့တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

“ထိုင်းနဲ့ အင်ဒိုနီးရှား နိုင်ငံတွေကို အရင်သီတင်းပတ်တွေက ကျနော် သွားခဲ့ပါတယ်။ သွားရတဲ့ အကြောင်းတွေထဲမှာ တခုက အောက်တိုဘာလထဲမှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတစောင် တင်သွင်းရမှာမို့ပါ။ ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ကျနော် အတိအကျ အခု ထုတ်ပြီး မပြောနိုင်ပေမဲ့ အောက်တိုဘာလ ၂၀ မှာ တင်သွင်းတဲ့ အခါမှာတော့ မြန်မာနိုင်ငံဆိုင်ရာ ဘာပြဿနာတွေကို တင်ထားတယ် ဆိုတာကို သိလာကြမှာပါ။”

မစ္စတာ ကင်တားနားဟာ မတ်လတုန်းက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကို တင်သွင်းခဲ့ပြီး မြန်မာစစ်အစိုးရဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နိုင်ချေ ရှိတာမို့ ကုလသမဂ္ဂကနေ စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးပေးဖို့ အကြံပြုခဲ့ပါတယ်။ ဒီအကြံပြုချက်နဲ့ ပတ်သက်ပြီး စုံစမ်းရေး ကော်မရှင်ဖွဲ့ စုံစမ်းဖို့ လိုအပ်တဲ့ အခြေအနေတွေကို မေးကြည့်ပါတယ်။

“စုံစမ်းရေး ကော်မရှင်ဖွဲ့ ထူထောင်နိုင်ဖို့အတွက် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေရဲ့ ဆွေးနွေး ဆုံးဖြတ်ချက်ပေါ်မှာ မူတည်နေပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေကလည်း စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့နိုင်ဖို့ ကိုးကားနိုင်တဲ့ အချက်အလက်တွေ ရဖို့လိုပါတယ်။ ဒီအချက်တွေ ရပြီဆိုရင် အခြေအနေကို သုံးသပ်ပြီး သီးခြား လုပ်ပိုင်ခွင့်အာဏာ သတ်မှတ်ရပါတယ်။ ဒါတွေ အဆင့်ဆင့် လုပ်ဆောင်နိုင်ဖို့အတွက် အဖွဲ့ဝင်နိုင်ငံတွေ ကြားမှာ ဆွေးနွေးမှုတွေ လုပ်ဖို့လိုပါတယ်။”

ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး တင်သွင်းတိုင်း တရုတ်နဲ့ ရုရှားလို နိုင်ငံတွေက ပယ်ပယ်ချခဲ့တာမို့ အခု ၆၅ ကြိမ်မြောက် ညီလာခံကြီးမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အလားအလာ ဘယ်လိုရှိမယ် ထင်ပါသလဲလို့ မေးတဲ့အခါမှာတော့…

“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကာလကြာရှည်စွာ ဖြစ်ပွားနေတဲ့အပြင် ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ အချိုးဖောက်ခံနေရတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ တင်ပြဖို့ အဖွဲ့ဝင်နိုင်ငံ တချို့က သေသေချာချာ စဉ်းစားနေတယ်လို့ ကျနော် သိရပါတယ်။ ဒါကြောင့် ဒီတခါမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေးဖို့ တောင်းဆိုလာနိုင်တဲ့ အခွင့်ကောင်းတွေ ရှိနေတယ်လို့ ကျနော်ထင်တဲ့အပြင် နှစ်ပေါင်းများစွာ ကုလသမဂ္ဂက ဆုံးဖြတ်ချက်ချ အတည်ပြုပေးနေတဲ့ အဆင့်ထက် ဒီတခါမှာတော့ ပိုမယ်လို့ ယုံကြည်ပါတယ်။”

လူ့အခွင့်အရေး ကိုယ်စားလှယ် တင်သွင်းခဲ့တဲ့ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ အဆိုကို ဗြိတိန်၊ ချက်ပြည်သူ့သမ္မတနိုင်ငံ၊ သြစတြေးလျ၊ စလိုဗက်ကီးယား နိုင်ငံတွေအပြင် အခုနောက်ဆုံး အမေရိကန် နိုင်ငံကပါ ထောက်ခံလာခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေအရ နိုင်ငံတနိုင်ငံရဲ့ အစိုးရတရပ်ဟာ နိုင်ငံတွင်းမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့၊ ကျူးလွန်နေသူတွေကို အပြစ်ပေးဖို့နဲ့ နောင် ဒါမျိုးမဖြစ်အောင် လုပ်ဆောင်ဖို့ တာဝန်ရှိသလို နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း လူ့အခွင့်အရေး ချိုးဖောက်တဲ့ အစိုးရတရပ်ကို ဒီအချက်တွေ လိုက်နာလာအောင် ဝိုင်းပြီး လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

နိုင်ငံတနိုင်ငံကို စုံစမ်းစစ်ဆေးနိုင်ဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတင် မကဘဲ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ ဒါမှမဟုတ် ကုလသမဂ္ဂ အထွေထွေ ညီလာခံလို ကုလသမဂ္ဂ အဖွဲ့အစည်း တခုခုက စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ကို ထူထောင်နိုင်ခွင့်ရှိပြီး ဒီလို ထူထောင်နိုင်ဖို့အတွက် အဖွဲ့ဝင် နိုင်ငံတွေက အဆိုပြုဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီအဆိုပြုချက်ကို တရားဥပဒေအရ အရေးယူနိုင်၊ မယူနိုင် မဲခွဲ ဆုံးဖြတ်ဖို့လည်း လိုအပ်တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) ကတော့ ကုလသမဂ္ဂက မြန်မာအာဏာပိုင်တွေနဲ့ ထိတွေ့ ဆက်ဆံပြီး မြန်မာ့အရေးကို ကြိုးစားပြီး ဆောင်ရွက်ခဲ့ပေမဲ့ အခုထိ အရာမထင်တဲ့အတွက် စိတ်ပျက်မိကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လာမယ့် အထွေထွေ ညီလာခံကြီးမှာ တင်သွင်းဖို့အတွက် အစီရင်ခံစာ ရေးနေတယ်လို့ သြဂုတ်လ ၉ ရက်နေ့က ကြေညာချက်တစောင် ထုတ်ပြန်ပြီး ပြောဆိုခဲ့ပါတယ်။

ဧပြီလ ၇ ရက်နေ့ကတော့ ပြည်ထဲရေးဝန်ကြီး ဦးမောင်ဦး ဦးဆောင်တဲ့ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ကော်မတီက ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာတစောင် တင်သွင်းဖို့ရှိတယ်လို့ မြန်မာအစိုးရ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG