သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကိစ္စ စုံစမ်းရေး အမေရိကန်ထောက်ခံမှု ကင်တားနား ကြိုဆို


မြန်မာနိုင်ငံအတွင်း စစ်အစိုးရက ကျူးလွန်ခဲ့ဖွယ်ရှိတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ကော်မရှင်ဖွဲ့ စုံစမ်းရေးကိစ္စကို အမေရိကန်နိုင်ငံက ထောက်ခံလိုက်တဲ့အတွက် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ကြိုဆိုလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စုက အခုလို ဆုံးဖြတ်လိုက်တာဟာ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အဓိက ပစ်မှတ်ထား ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ အဆင်မြင့် အမေရိကန် အရာရှိတွေက ပြောဆိုခဲ့တာပါ။ မစ္စတာ ကင်တားနားကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းပြီး တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရက ကျူးလွန်ထားတယ်ဆိုတဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးမယ့် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဖို့ ပြီးခဲ့တဲ့ မတ်လအတွင်း ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့ လူ့အခွင့်အရေးကောင်စီ စည်းဝေးပွဲမှာ မစ္စတာ တောမတ်စ် အိုဟေး ကင်တားနားက တင်သွင်းခဲ့တာပါ။ သူ့ရဲ့အဆိုပြုချက်ကို သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အစိုးရက ထောက်ခံမယ်ဆိုပြီး အင်္ဂါနေ့မှာ ဆုံးဖြတ်လိုက်တဲ့အပေါ် သူ့အနေနဲ့ ကြိုဆိုကြောင်း မစ္စတာ ကင်တားနားက ပြောပါတယ်။

“မြန်မာစစ်အစိုးရရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေ ရပ်တန်းက ရပ်အောင် နိုင်ငံတကာ အသိုင်းအဝိုင်းက ကြိုးစားလုပ်ဆောင်တဲ့ အနေနဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်း ဖော်ထုတ်ရေး ကျနော် ဂျနီဗာမြို့မှာ အဆိုပြု တင်သွင်းခဲ့တာကို အမေရိကန် ပြည်ထောင်စုက အခုလို ထောက်ခံလိုက်တဲ့အတွက် ကျနော် ကြိုဆိုပါတယ်။ နောက် အဲဒီအဆိုပြုချက်ကို ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေကလည်း ထောက်ခံကြဖို့ အရေးကြီးပါတယ်။”

သူ့ရဲ့ အဆိုပြုချက်ကို အမေရိကန်လို အရေးပါတဲ့ နိုင်ငံတွေက တဖြည်းဖြည်း ထောက်ခံလာကြတဲ့အတွက် ဘယ်လို ကော်မရှင်မျိုး ဖွဲ့စည်းမယ်ဆိုတာ စတင်ဆွေးနွေးဖို့ လိုပြီလို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

“အခုတော့ အနာဂတ်မှာ ဘယ်လို ကော်မရှင်မျိုး ဖွဲ့စည်းကြမယ်၊ ဘယ်လို အခြေခံ အချက်တွေအောက်မှာ ဖွဲ့စည်းမယ် ဆိုတာကို စတင်စဉ်းစားဖို့ လိုပါပြီ။ ဒါက အရေးကြီးပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကိုင်တွယ် ဖြေရှင်းဖို့ ဘယ်လို ကော်မရှင်မျိုး ဖွဲ့စည်းမယ်ဆိုတဲ့ အချက်အပေါ် အဖွဲ့ဝင် အများစုရဲ့ ထောက်ခံမှု လိုပါတယ်။ အခုချိန်မှာတော့ ကြိုတင် ခန့်မှန်းဖို့ ခက်ခဲပါတယ်။ မတ်လတုန်းက စတင် အဆိုပြုခဲ့တဲ့ ကိစ္စက အခုချိန်ထိ စားပွဲဝိုင်းပေါ် ပြောဆို ဆွေးနွေးနေကြတုန်း ဖြစ်ပါတယ်။ မကြာခင် နယူးယောက်မြို့မှာ ကျင်းပမယ့် အထွေထွေ ညီလာခံမှာလည်း ဒီကိစ္စကို ပြောဆို ဆွေးနွေးကြဦးမှာ ဖြစ်ပါတယ်။ အခုလို ပြောဆို ဆွေးနွေးနေဖို့က အရေးကြီးပါတယ်။”

အမေရိကန်က အခုလို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဖို့ ထောက်ခံလိုက်တာဟာ စစ်အစိုးရ အနေနဲ့ နိုင်ငံရေး ပြိုင်ဘက်တွေကို မတရားသတ်ဖြတ်၊ ဖမ်းဆီး နှိပ်စက်မှုတွေ လုပ်ခဲ့တာတွေအပေါ် ပြင်းပြင်းထန်ထန် အရေးယူသွားမယ့် ပေါ်လစီလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်လာအောင်၊ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာအောင် ဖိအားပေးတဲ့ အနေနဲ့ စစ်အစိုးရအပေါ် လက်ရှိ ချမှတ်ထားတာတွေထက် ပိုမိုပြင်းထန်တဲ့ ဘဏ္ဍာငွေကြေးအရ အရေးယူ ပိတ်ဆို့မှုတွေကို ချမှတ် လုပ်ဆောင်သွားဖို့ အမေရိကန် အစိုးရက စဉ်းစားနေတယ်လို့လည်း အမည်မဖော်လိုတဲ့ အစိုးရ အရာရှိတဦး ပြောတာကို ကိုးကားပြီး ဒီကနေ့ထုတ် The Washington Post သတင်းစာထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန်က အခုလို ဆုံးဖြတ်ချက် ချလိုက်တဲ့အပေါ် သူတို့အနေနဲ့ ကြိုဆို ထောက်ခံကြောင်းနဲ့ မြန်မာပြည် အရေးမှာ ဒါဟာ ထူးခြားတဲ့ တိုးတက်ပြောင်းလဲမှုတခု ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Burma Campaign UK အဖွဲ့က ညွှန်ကြားရေးမှူး မာ့ခ် ဖာမနာ (Mark Farmaner) က ပြောပါတယ်။

“စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့နိုင်ဖို့ ကြိုးစားနေကြတဲ့ အထဲမှာ ဒါဟာ အင်မတန် ထူးခြားတဲ့ ပြောင်းလဲမှုတခုလို့ ကျနော်တို့ ယူဆပါတယ်။ အမေရိကန်က နိုင်ငံရေးအင်အား ပိုရှိတော့ ဒီလို ထောက်ခံလိုက်ပြီဆိုတော့ တိုးတက်မှုတွေ ဖြစ်ပေါ်ဖို့ ကျနော်တို့ စတင် လုပ်ဆောင်နိုင်ပါပြီ။ ကော်မရှင် ဖွဲ့စည်းဖို့ကိစ္စ တိတ်တဆိတ် ထောက်ခံလိုတဲ့သူတွေ ရှိပေမဲ့ ရှေ့က ဦးဆောင်တဲ့ အခန်းကဏ္ဍကနေ ထွက်မလုပ်ချင်တဲ့ နိုင်ငံတွေ အများကြီး ရှိတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ အခု အမေရိကန် ပါလာပြီဆိုတော့ သူတို့လည်း လူသိရှင်ကြား ထောက်ခံလာကြလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

ကုလသမဂ္ဂ အထွေထွေ ညီလာခံကို လာမယ့် စက်တင်ဘာလအတွင်း နယူးယောက်မြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ မစ္စတာ ကင်တားနား အနေနဲ့ အဲဒီ အထွေထွေ ညီလာခံမှာ တင်ပြနိုင်ဖို့ အစီရင်ခံစာကို အခု စတင် ရေးသားနေပြီး အောက်တိုဘာလ ၂၀ ရက်နေ့မှာ တင်သွင်းမယ်လို့ ဆိုပါတယ်။

ဘယ်လို ကော်မရှင်မျိုး ဖွဲ့စည်းဖြစ်မယ် ဆိုတာကတော့ အဖွဲ့ဝင်နိုင်ငံ အသီးသီးရဲ့ တုံ့ပြန်လာမှုတွေ၊ တင်ပြချက်တွေကို စောင့်ကြည့်ပြီးမှ အများသဘောတူ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

XS
SM
MD
LG