သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်လည်သင့်မြတ်ရေး ရခိုင်အကြံပေးကော်မရှင် ဦးစားပေးမည်


ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် သတင်းစာရှင်းလင်းပွဲ
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် သတင်းစာရှင်းလင်းပွဲ

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အနေနဲ့ လူ့အခွင့်အရေးအခြေအနေတွေကို စုံစမ်းစစ်ဆေးမှာ မဟုတ်ပဲ ရခိုင်ပြည်နယ်က နှစ်ဖက် အသိုင်းအဝိုင်းကြား တင်းမာမှုတွေကို လျှော့ချနိုင်ဖို့အတွက် အကြံ ပြုချက်တွေ ပေးနိုင်ဖို့သာဖြစ်တယ်လို့ ကော်မရှင် ဥက္ကဌ တာဝန်ယူထားတဲ့ ကုလ အတွင်းရေးမှူးချုပ် ဟောင်း ကိုဖီအာနန်က ပြောဆိုလိုက်ပါတယ်။ ရခိုင်အကြံပေးကော်မရှင်အနေနဲ့ တဖက်တည်းကို အာရုံ စိုက်လုပ်ဆောင်မှာ မဟုတ်ဘဲ အသိုင်းအဝန်းအားလုံးအတွက်ရည်ရွယ်ပြီး အကြံပြုသွား မှာဖြစ်တယ်လို့ ဒီကနေ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုဖီအာနန်က ပြောလိုက်တာပါ။ ဒါနဲ့ ပတ် သက်လို့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က ပြောပြပေးပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် သတင်းစာရှင်းလင်းပွဲ
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် သတင်းစာရှင်းလင်းပွဲ

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌ ကိုဖီအာ နန်က ကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်က လူ့အခွင့်အရေးအခြေအနေတွေကို စုံစမ်းစစ်ဆေးမှာမဟုတ် ဘဲ ရခိုင်ပြည်နယ်က နှစ်ဖက်အသိုင်းအဝိုင်းကြား တင်းမာမှုတွေကို လျှော့ချဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ရေး အ တွက်အထောက်အကူဖြစ်မယ့် အကြံတွေပေးသွားမှာဖြစ်တယ်လို့ ဒီကနေ့ရန်ကုန်မှာပြုလုပ်တဲ့ သတင်း စာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

“ကျွန်တော်တို့ လူ့အခွင့်အရေးအခြေအနေတွေကို စုံစမ်းဖို့နဲ့ လူ့အခွင့်အရေး အစီရင်ခံစာရေးဖို့ ဒီကို ရောက်နေတာ မဟုတ်ပါဘူး။ ဒီကော်မရှင်ရဲ့ တာဝန်နဲ့ ပတ်သက်လို့ ကျွန်တော် ရှင်းရှင်းလင်းလင်း ပြော ထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ပိုင်ခွင့်က အကြံပြုချက်တွေ ပေးဖို့ပဲဖြစ်ပါတယ်။ ဒီအကြံပေး ချက်တွေက ရခိုင်ပြည်နယ်က နှစ်ဖက်အသိုင်းအဝိုင်းကြားက တင်းမာမှုတွေကို လျှော့ချပေးနိုင်ဖို့နဲ့ ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုဖို့အတွက် ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့တော့ ကော်မရှင်ရဲ့ လုပ်ဆောင်ချက်နဲ့ အစီရင်ခံစာကို စောင့်ကြည့်ပါလို့ပဲ ပြောချင်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ဒီမှာ ရဲတွေလို စုံစမ်းစစ်ဆေးသူလို ပုံစံမျိုးနဲ့ ရောက်နေတာမဟုတ်ပါဘူး။ အစိုးရရဲ့တောင်းဆိုချက်အရ ကျွန်တော်တို့ ဒီကိုရောက်ရှိနေတာဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ဒီ ကော် မရှင်ကို မြန်မာကော်မရှင်အဖြစ်သာရှုမြင်ပါတယ်။ ကျွန်တော်တို့က နိုင်ငံတကာရဲ့ အမြင်တွေ ထည့်သွင်း စဉ်းစားနိုင်ဖို့အတွက် ပါဝင်တာဖြစ်ပါတယ်။"

ရခိုင်အကြံပေးကော်မရှင်အနေနဲ့ လက်တွေ့ မြေပြင်အခြေအနေတွေကို လေ့လာရာမှာ တဖက်တည်းကို အာရုံစိုက် တာမျိုးမဟုတ်ဘဲ အသိုင်းအဝိုင်းအားလုံးအတွက် အထောက်အကူဖြစ်မယ့် အကြံပြုချက်တွေ ပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း ကော်မရှင်ဥက္ကဌ ကိုဖီအာနန်က ပြောဆိုလိုက်ပြီး သူ့အနေနဲ့ အချိန်လည်း မဆွဲဘဲ အလောလည်းမကြီးပဲ အစီရင်ခံတင်နိုင်အောင် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အကြံပေး ကော်မရှင် ဥက္ကဌ ကိုဖီအာနန်ဟာ ရခိုင်ပြည်နယ်ကို ၂ရက်တာ သွားရောက် လေ့လာခဲ့ပြီး ဖွံ့ဖြိုးတိုးတက်ရေး၊ လွတ်လပ်စွာ သွားလာခွင့်၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဆိုင်ရာ လိုအပ်ချက်တွေ အပါအဝင် ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြဿနာတွေကို နား လည်နိုင်ဖို့အတွက် သမိုင်းကြောင်း ကိစ္စတွေကို ခရီးစဉ်အတွင်း အဓိက ဆွေးနွေးခဲ့တာလည်း ဖြစ်ပါ တယ်။

ရခိုင်အကြံပေးကော်မရှင်အနေနဲ့ နယ်စပ်ဖြတ်ကျော်သွားလာမှု ကိစ္စတွေနဲ့ ပတ်သက်လို့လည်း အိမ်နီး ချင်းတိုင်းပြည်တွေနဲ့ ပူးပေါင်းပြီး ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်အောင်လည်း ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ကိုဖီ အာနန်က ဆိုပါတယ်။

“ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံတွင်းမှာတင်မကဘဲ အိမ်နီးချင်းတွေနဲ့လည်း နယ်စပ်အခြေ အနေ တွေ၊ နယ်စပ်ဖြတ်ကျော်သွားလာမှုတွေနဲ့ ပတ်သက်လို့ ဘယ်လိုပိုကောင်းအောင် ကိုင်တွယ်မလဲ ဆိုတာနဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်နိုင်အောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးလုပ်သွားမှာဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ အကြံပေးချက်တွေနဲ့ အစီရင်ခံစာထုတ်ပြန်တဲ့ အခါမှာ အသိုင်းအဝိုင်းအားလုံးကို အကူညီပေးဖို့ဖြစ်ပါတယ်။ တဖက်တည်းကို အာရုံစူးစိုက်ရုံနဲ့ ပြဿနာတွေ ပြေလည်သွားမှာမဟုတ်ဘဲ အားလုံးအတွက် အထောက်အကူဖြစ်အောင် အကြံပြုသွားမှာဖြစ်ပါတယ်။”

ကော်မရှင်ရဲ့အကြံပြုချက်တွေဟာ လက်ရှိ ရခိုင်ပြည်နယ်က နှစ်ဘက်အသိုင်းအဝိုင်းကြား သဘောထား ကွဲလွဲနေတဲ့ “ရိုဟင်ဂျာ၊ ဘင်္ဂါလီ” ဆိုတဲ့ ဝေါဟာရနဲ့ ပတ်သက်တဲ့ ပြဿနာတွေကိုလည်း လျှော့ပါး သွား စေမယ်လို့ မျှော်လင့်ကြောင်း ကိုဖီအာနန်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်း ပြောဆိုသွား ပါတယ်။

ရခိုင်အကြံပေးကော်မရှင်ရဲ့ အခုတခေါက် ရခိုင်ခရီးစဉ်အတွင်းမှာ ဖိနှိပ်ချုပ်ချယ်တဲ့ ဖြစ်ရပ်မျိုးတွေ မတွေ့ခဲ့ရဘူးလို့ ကော်မရှင် ဥက္ကဌ ကိုဖီအာနန်က ပြောပါတယ်။ ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်ကတော့ တကယ့်မြေပြင်အခြေအနေမှာ ဖိနှိပ်မှုတွေရှိမရှိ သိနိုင်ဖို့အတွက် အချိန်ယူလေ့လာဖို့လိုတယ်လို့ ပြော ပါတယ်။

“ကျနော်တို့အနေနဲ့ လက်တွေ့မြေပြင်အခြေအနေမှာ ဖိနှိပ်ချုပ်ချယ်မှုတွေ ရှိမရှိဆိုတာကို အချိန်ယူစောင့်ကြည့်လေ့လာဖို့ လိုတယ်” လို့ ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်ပြောသွားတာပါ။

ရခိုင်အကြံပေးကော်မရှင် ဥက္ကဌ ကိုဖီအာနန်ဟာ ရခိုင်ပြည်နယ်ကို သွားရောက်ပြီးနောက် ဒီကနေ့ မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ကုလ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အရေးအကြံပေးကော်မရှင်ကို မကြာသေးခင်ကာလက ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကော်မရှင်မှာ နိုင်ငံတကာ က ပုဂ္ဂိုလ်တွေ ပါဝင်မှုနဲ့ ပတ်သက်လို့ ကန့်ကွက်ခံရမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။ နိုင်ငံတော် အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ထိခိုက်ခံမှာ မဟုတ်ဘူး လို့တော့ ပြောဆိုထားပါတယ်။

ရခိုင်အကြံပေးကော်မရှင်အနေနဲ့ မြေပြင်အခြေအနေတွေကို ကွင်းဆင်းလေ့လာပြီးနောက် ၁၂လ အ တွင်း အစီရင်ခံထုတ်ပြန်သွားမှာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG