သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ရေဘေး အနည်းဆုံး ၆ ဦးသေ


 ရခိုင်ပြည်နယ်မြေပုံ
ရခိုင်ပြည်နယ်မြေပုံ

ဇွန်လ ၁၀ ရက်နေ့ကစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်နေရာအနှံ့မှာ ရေလွှမ်းမိုးခဲ့ပြီးလူနေအိမ် ၁၅၀ ကျော် ပျက်စီးပြီးလူ ၆ ဦးသေဆုံးခဲ့ပါတယ်။ ပြည်နယ်အစိုးရအဖွဲ့ကလည်းပြန်လည်ထူထောင်ရေးအတွက် စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ အပြည့်အစုံကိုဆက်သွယ်မေးမြန်းထားတဲ့ VOA သတင်းထောက် မသိင်္ဂ ီလင်းကပြောပြပေးပါမယ်။

ရခိုင်ပြည်နယ် အနှံ့အပြားမှာဇွန်လ ၁၀ ရက်နေ့ကစတင်ပြီးမိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် မြစ်ရေချောင်းရေတွေ တက်လာပြီးရေကြီးရေးလျှံမှုတွေဖြစ်ပွားခဲ့ပါတယ်။ ရေလွှမ်းမိုးမှုကြောင့် သံတွဲမြို့၊ တောင်ကုတ်မြို့နဲ့ အမ်းမြို့တွေမှာလူ ၆ ဦးရေမြောသေဆုံးခဲ့ပြီးအိမ်ခြေ ၁၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီးဦးမင်းအောင်ကအတည်ပြု ပြောဆိုပါတယ်။

“လူသေဆုံးမူက ကျနော်တို့ တောင်ကုတ်မြို့မှာ ၊ တောင်ကုတ်မြို့နဲ့နီးတဲ့ ဝက်ကျိတ် ကျေးရွာဆိုတာရှိတယ်။ အဲဒီမှာ အမျိုးသမီး ၄ ယောက်သေဆုံးသွားတယ်။ နောက် သံတွဲမှာ အမျိုးသား ၂ ယောက်သေတယ်။ နောက်ပြီးတော့ အမ်းမြို့မှာတော့ သိပ်မသေချာသေးဘူး ၁ ယောက်ဆုံးတယ်လို့သိတယ်။ သံတွဲမြို့နယ် ရွှေလည်ကျေးရွာအုပ်စု ကနေပြီးတော့ ပေါက်တိုးကျေးရွာမှာ အဲဒီမှာ အိမ်ခြေ ၅ လုံးပေါ့နော်။ နောက်ပြီးတော့ ရေကျောက်ကျေးရွာအုပ်စု မှာ အိမ်ခြေ ၃၀ နောက်ပြီးတော့ ပယင်းတိုးကျေးရွာမှာ အိမ်ခြေ ၁၂၀ နောက် စာသင်ကျောင်း ၁ ကျောင်း ရေစီးထဲ မြောပါသွားတာရှိတယ်။”

လူ ၄ ဦးရေမြောပြီးသေဆုံးခဲ့တဲ့ တောင်ကုတ်မြို့က အခြေအနေကိုတောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးရုံးက ဒု-ဦးစီးမှူး ဦးစည်သူဖြိုးကအခုလိုပြောပါတယ်။

“ရေမြောပြီးသေတာပါ။ သူတို့ကလေ ချောင်းရှိတယ်ပေါ့ အဲဒီရေလွှတ်ကြော နားမှာလေ အဲဒါကို ဖြတ်ကူးရင်းနဲ့ဖြစ်သွားတာပေါ့။ ဒီမှာကတော့ လူ ၄ ဦးဆုံးတာရယ်၊ ဆည် ၂ ဆည် ကျိုးပေါက်သွားတာရယ် ဒီလောက်ပဲရှိပါတယ်ခင်ဗျ။”

ဇွန်လ ၁၀ ရက်နေ့မှာမိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် မြစ်ရေချောင်းရေတွေ ဟာ ၇ ပေထိမြင့်တက်လာခဲ့တာပါ။ ဇွန်လ ၁၁ ရက်နေ့ ည ၁၂ နာရီလောက်မှသာရေပြန်ကျသွားခဲ့တာဖြစ်ပါတယ်။

ဒီနေ့မှာပဲရခိုင်ပြည်နယ် လူမှုရေးဝန်ကြီးနဲ့ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့ဟာရေလွှမ်းမိုးခဲ့တဲ့ နေရာတွေကိုသွားရောက်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စတင်နေပြီလို့ ဦးမင်းအောင်ကပြောပါတယ်။

“ပြည်နည်ထူထောင်ရေးကကျတော့ ခုနက လူမှုရေးဝန်ကြီးအောက်မှာရှိတဲ့ ကျနော်တို့ ဒီ လူကယ်ပြန် ပေါ့နော် လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနပါတယ်။ အဲဒီမှာ လိုအပ်တဲ့အကူအညီအတွက်တို့ လှူသွားကြတယ်အကုန်လုံး ။ ပြီးတော့မှ အသက်ဆုံးရူံးသွားတဲ့ မိသားစုတွေအတွက် လိုအပ်တဲ့ငွေကြေးအထောက်အပံ့လေးတွေ ၊ အိမ်တွေပါသွားတဲ့ အတွက် လိုအပ်တဲ့အကူအညီတွေ ဒီလူကယ်ပြန်ဦးစီးဌာနမှာရှိတယ်လေ။ အဲဒီဟာတွေ ကူညီပေးဖို့ မြေပြင်ရဲ့အနေအထားကို သိပြီးတော့ ချက်ချင်း ကူညီပေးဖို့အတွက် လိုက်သွားကြပြီခင်ဗျ ”

ရန်ကုန်မှာရှိတဲ့လူသားချင်းစာနာကူညီပေးခြင်းဆိုင်ရာကုလသမဂ္ဂညှိနှိုင်းရေးမှူးရုံး UNOCHA ကလည်းရေလွှမ်းမိုးခံရတဲ့နေရာတွေမှာ လိုအပ်တဲ့အကူအညီတွေပေးဖို့အတွက် စတင်ဆောင်ရွက်နေတယ် လို့လည်းဦးမင်းအောင်ကပြောပါတယ်။

ဇွန်လ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာရခိုင်ပြည်နယ်အပြင် ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာလည်းမိုးကြီးခဲ့တာပါ။ မုတ်သုံလေဟာလည်းအားကောင်းဆဲဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ရေဘေး အနည်းဆုံး ၆ ဦးသေ
please wait

No media source currently available

0:00 0:03:32 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG