သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ငြိမ်းချမ်းရေး ဦးစားပေး ဆောင်ရွက်ဖို့ လူမှုအဖွဲ့များ တိုက်တွန်း


အစိုးရ စစ်တပ်နဲ့ ရခိုင် တပ်မတော် (AA) တို့ တိုက်ပွဲ ဖြစ်ပွားရာ နေရာပြ မြေပုံ။ (ဓါတ်ပုံ - official publication)
အစိုးရ စစ်တပ်နဲ့ ရခိုင် တပ်မတော် (AA) တို့ တိုက်ပွဲ ဖြစ်ပွားရာ နေရာပြ မြေပုံ။ (ဓါတ်ပုံ - official publication)

ရခိုင်ပြည်နယ်အစိုးရသစ်ရဲ့ ရက် ၁၀၀ စီမံကိန်း စတင်ပြီ လို့ ရခိုင်ဝန်ကြီးချုပ်က ကြေညာလိုက်ချိန်မှာပဲ ရခိုင်မှာ အရေးကြီးဆုံး အရင်လုပ်ရမယ့်အလုပ်က ငြိမ်းချမ်းရေး နဲ့ နယ်မြေတည်ငြိမ်ရေး အမြန်ဆုံး အလေးအနက်ထား ဖော်ဆောင်ရမှာဖြစ်တယ်လို့ ရခိုင်လူမှု အဖွဲ့တွေက ပြောဆိုလိုက်ပါတယ်။ စစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ် တွင်း ဒေသခံပြည်သူတွေ အသက်အိုးအိမ်လုံခြုံရေး နဲ့ စစ်ရှောင်ဒုက္ခသည်တွေ ကူညီကယ်ဆယ်ရေး အရေးကြီး လိုအပ်ချက်တွေကို ထောက်ပံ့ပေးဖို့ကိုလည်း ရခိုင်ပြည်နယ် အစိုးရနဲ့ပြည်ထောင်စုအစိုးရကို တောင်းဆိုကြပါတယ်။ အသေးစိတ် မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ရခိုင်ပြည်နယ်တွင်း ရခိုင်ပြည်နယ် အစိုးရသစ် လက်ထက် ရက် ၁၀၀ စီမံကိန်းကို မူ ၅ချက်နဲ့ ကော်မတီတွေဖွဲ့ပြီး စတင် အကောင်အထည်ဖော်နေပြီလို့ ဧပြီလ ၂၉ရက်နေ့က သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပပြီးတော့ ရှင်းလင်းခဲ့ပါတယ်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပမ်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး စတာတွေ အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ ရခိုင်ဝန်ကြီးချုပ်က ပြောဆိုသလို ရခိုင်ပြည်နယ်တွင်း လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီးလည်း နယ်မြေ တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်နေတဲ့အကြောင်းပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဘက်က ရှင်းလင်းခဲ့ပါတယ်။

အခုလိုရခိုင်ပြည်နယ်အစိုးရဘက်က ရက် ၁၀၀ စီမံကိန်း စတင်နေပြီလို့ ကြေညာလိုက်ချိန်မှာပဲ ရခိုင်ပြည်နယ်မှာ အရေးကြီးဆုံး စလုပ်ရမယ့် အလုပ်က ငြိမ်းချမ်းရေးနဲ့ ဒေသတွင်း နယ်မြေတည်ငြိမ်အေးချမ်းလုံခြုံရေးဖြစ်တယ်လို့ ရခိုင်လှုမှုရေးအသင်းအဖွဲ့တွေက ပြောဆိုလိုက်ပါတယ်။ ပဋိပက္ခပေါင်းစုံနဲ့ အစစအရာရာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတဲ့ ရခိုင်ပြည်နယ်တွင်း တည်ငြိမ်အေးချမ်းအောင် ရခိုင်ပြည်နယ် အစိုးရအနေနဲ့ ဦးစားပေး ဆောင်ရွက်ပေးစေလိုပါတယ်လို့ရခိုင်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စောခင်တင့် က ပြောပါတယ်။

" အရင်တုန်းကလည်း အန်တီတို့ရခိုင်ဒေသဟာ ဒုက္ခပေါင်းမျိုးစုံကို ခံလာရတယ်။ ဒီကြားထဲမှာ စစ်ပွဲဖြစ်လိုက်မယ်ဆိုရင် အန်တီတို့ ရခိုင်ပြည်သူလူထုရဲ့ခံရတဲ့ ခံစားချက်ဟာ အင်မတန်မှပဲ ရင်နင့်စရာကောင်းလှပါတယ်။ ဒါကြောင့်မို့ ပြည်သူလူထုရဲ့ဆန္ဒကို ကြည့်တဲ့အခါမှာ ပြည်သူလူထုဟာ ဒီလိုမငြိမ်းချမ်းတဲ့ဘဝ၊ မတည်ငြိမ်တဲ့အခြေအနေမျိုးကို ပြည်သူလူထု တဦးမှ မလိုလားပါဘူး။ ဒီလိုပဲ အန်တီတို့ လူမှုရေးအဖွဲ့အစည်းတွေကလည်း ဒါတွေကို မဖြစ်စေချင်ပါဘူး။ ဒါကြောင့်မို့ အန်တီတို့ ရခိုင်ဒေသကို ဖွံ့ဖြိုးတိုးတက်ဖို့ အားယူရမယ့်အချိန်မှာ ဘယ်ဒုက္ခမှ ထပ်ပြီး မဖြစ်စေချင်ပါဘူး။ အထူးသဖြင့် ဒီစစ်ဖြစ်နေတာကို မဖြစ်စေချင်ဘူး။ ငြိမ်းချမ်းတာကိုပဲ အန်တီတို့ လိုပါတယ်။ ဒါ ပြည်နယ်အစိုးရပဲဖြစ်ဖြစ်၊ ပြည်ထောင်စု အစိုးရပဲဖြစ်ဖြစ် ဒီငြိမ်းချမ်းစွာ နေနိုင်ရေးကိုပဲ ဦးစားပေးပြီးတော့ အန်တီတို့ ပြည်သူလူထုနဲ့ လက်တွဲဆောင်ရွက်ကြပါမယ်လို့။"

ရခိုင်ပြည်နယ်တွင်း ရက်၁၀၀ စီမံကိန်း စတင်ချိန် အရေးတကြီးနဲ့ အရင်ဆုံးဆောင်ရွက်ပေးသင့်တာကတော့ လတ်တလော ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ရခိုင်စစ်ရှောင် ဒုက္ခသည်တွေ အရေးဖြစ်တယ်လို့လည်း ရခိုင်အမျိုးသား ကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင် ကပြောပါတယ်။

"ဒီရက် ၁၀၀ စီမံကိန်းထဲမှာ ရခိုင်ပြည်နယ်မှာ အရေးကြီးတဲ့ပြဿနာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ လတ်တလော ဖြေရှင်းရမယ့်ပြဿနာကတော့ စစ်ရှောင်ဒုက္ခသည်တွေ အရေးကိစ္စ၊ နောက်ပြီးတော့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ နောက်ပြီးတော့ ရခိုင်ပြည်နယ် လုံခြုံရေး၊ နောက်ပြီးတော့ တရားဥပဒေစိုးမိုးရေး၊ နောက် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ နောက် အခြေခံအဆောက်အအုံတွေ နောက်ပြီးတော့ ကျနော်တို့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ၊ နောက် သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တာတွေ ဒါတွေကတော့ ကျနော်တို့ ဖော်ဆောင်သွားရမယ့်ကိစ္စတွေ ဒီလိုမြင်ပါတယ်။"

စစ်ရေးတင်းမာနေဆဲရခိုင်ပြည်နယ်တွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရဆဲ ရာချီတဲ့ စစ်ပြေးဒုက္ခသည်တွေကို ကယ်ဆယ်ရေး၊ နေရာချထားရေးနဲ့ သူတို့ရဲ့ လူနေမှုဘဝ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အမြန်ဆုံးဆောင်ရွက်ပေးဖို့ ရခိုင်ပြည်နယ် အစိုးရကို တိုက်တွန်းသလို၊ အရပ်ဘက် ရခိုင် လူမှုအသင်းအဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေ ပူးပေါင်းပြီး ဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက်နေကြ ပါတယ်လို့ ရခိုင်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စောခင်တင့်ကပြောပါတယ်။


"လုံခြုံရေးကတော့ အဓိက ပါပဲ။ စစ်ရှောင်ဒေသက ပြည်သူတွေအနေနဲ့ပေါ့နော် တနေရာကနေ တနေရာ စစ်ရှောင်ထွက်ပြေးရတဲ့ ဒုက္ခကို မဖြစ်စေချင်ပါဘူး။ ဒါကြောင့်မို့လို့ ဒီပြောင်းရွှေ့ရမယ့် ဒုက္ခကို ဒီပြည်သူလူထု က တကယ်ကို မလိုလားပါဘူး။ အထူးသဖြင့် အန်တီတို့ ရခိုင်ဒေသမှာ စစ်ပွဲဖြစ်လာတဲ့အခါမှာ သူတို့ရဲ့ ရွာလေးတွေကို သူတို့ရဲ့နေရာလေးတွေကို စွန့်ခွာရမှာ သူတို့ အရမ်းပဲ စိုးရိမ်ပူပင်နေကြပါတယ်။ ဒါကြောင့်မို့လို့ အန်တီတို့ကတော့ ဘာပဲဖြစ်ဖြစ် အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင်ပဲ သဘောတရားတခုကို တယောက်နဲ့တယောက် ညှိနှိုင်းပြီးတော့ ငြိမ်းချမ်းမှုရအောင်ပဲ လုပ်စေချင်ပါတယ်။"

ရခိုင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားနေတဲ့စစ်ပွဲတွေ ချက်ခြင်း ရပ်တန့်ပေးဖို့နဲ့စစ်ရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ နှစ်ဘက်တွေ့ဆုံညှိနှိုင်းအဖြေရှာဖို့ကိုလည်း ရခိုင်လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းကော်မတီက တောင်းဆိုထားပါတယ်။ ဒါ့အပြင် တိုက်ပွဲ ဖြစ်နေချိန်မှာ ဒေသခံရခိုင်ပြည်သူလူထုကို ပေါ်တာခိုင်းစေတာမျိုး၊ မသင်္ကာမှုတွေနဲ့ ဖမ်းဆီးနှိပ်စက်စစ်ဆေးအရေး ယူတာမျိုးတွေကို ရပ်တန့်ပေးဖို့ကိုလည်း ရခိုင် အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က တောင်းဆိုပါတယ်။

“တိုင်းရင်းသားတွေရဲ့ ဘဝနဲ့ ဆန္ဒကို အလေးထားဖို့ လိုအပ်တယ်။ တစ်ချက်။ နောက်ပြီးတော့ ဒီဟာ ကို ဖြေရှင်းတဲ့အခါမှာ အခုလက်ရှိ စစ်ကို ဖြစ်နေတဲ့ အချိန်အတောအတွင်းမှာ ဂျနီဗာ ကွန်ှဗင်းရှင်း လို့ ခေါ်တဲ့ နိုင်ငံတကာမှာ စစ်ဖြစ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေရှိတယ်။ ဒါတွေကို လိုက်နာဖို့ လိုအပ်တယ်။ အရပ်သား ပစ်မှတ်တွေကို အထူးသဖြင့် ထိခိုက်အောင် မလုပ်ဖို့ အရေးကြီးတယ်။ ဒါကို အဓိက ပြောချင်ပါတယ်။ ပြည်နယ် အစိုးရ အနေနဲ့လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ အခက်အခဲ ဘယ်လိုပဲ ရှိရှိ ဒီဟာကို ကျော်လွှားနိုင်လိမ့်မယ်လို့ကျွန်တော်တို့ ယုံကြည်ပါတယ်။ ”

အခုဆိုရင်တော့ ရခိုင်ပြည်နယ်တွင်း တိုက်ပွဲဖြစ်ပွားရာ ဒေသတွေကနေ ဒေသခံ ရခိုင်ပြည်သူ လူထု ရာချီ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပြီး ယာယီ စစ်ပြေး ဒုက္ခသည်စခန်းတွေ ဖွင့်လှစ်ပေးထားပြီး လိုအပ်တဲ့ စားဝတ်နေရေး အခက်အခဲတွေကို နယ်မြေခံ တာဝန်ရှိသူတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ လူမှုအဖွဲ့တွေ ဒေသခံ အလှူရှင်တွေက ကူညီ စောင့်ရှောက် ဖြေရှင်းပေးနေရတာဖြစ်ပါတယ်။ ဒါကြောင့် NLD အစိုးရ ဦးစားပေး ဖော်ဆောင်မယ့် ငြိမ်းချမ်းရေးကို အမြန်ဆုံး အကောင် အထည်ဖော် ဆောင်ရွက်ပြီး စစ်ပွဲများကို ချက်ချင်း ရပ်တန့် အပြုသဘောဆောင်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အမြန်ဆုံး လုပ်ဆောင်ကြဖို့ ရခိုင်လူမှုအသင်းအဖွဲ့များ ပူးပေါင်းကော်မတီ(ရန်ကုန်) က တိုက်တွန်းထားပါတယ်။

XS
SM
MD
LG