သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောဒေသ နောက်ဆုံးအခြေအနေ


မောင်တောမြို့တွင် ကင်းလှည့်ဖို့ ပြင်ဆင်နေသည့် ရဲတပ်ဖွဲ့ဝင်များ။
မောင်တောမြို့တွင် ကင်းလှည့်ဖို့ ပြင်ဆင်နေသည့် ရဲတပ်ဖွဲ့ဝင်များ။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ကျေးရွာတွေမှာ နယ်မြေရှင်းလင်းတဲ့ လုံခြုံရေးတပ်တွေကို ချောင်း မြောင်းတိုက်ခိုက်မှုတချို့ ဆက်ပြီး ရှိနေသေးပေမဲ့ မောင်တောမြို့ပေါ်မှာတော့ အခြေအနေတွေ တည်ငြိမ်နေပြီး ဌာနဆိုင်ရာလုပ်ငန်းများ ပုံမှန် လည်ပတ်နေပြီလို့ ဒေသခံ အရာရှိ တဦးက ပြောပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ပြန်ပြီးတောက်လာနေတဲ့ ပဋိပက္ခမီးတောက်တွေကို အမြန်ဆုံး ငြိမ်အောင် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ NCA လက်မှတ်ရေး ထိုးခြင်း တနှစ်ပြည့် အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ဆက်မှာပါ။

ရခိုင်ပြည်နယ် အနောက်မြောက်နယ်စပ် မောင်တောမြို့နယ် လိပ်အိုင်ကျေးရွာမှာ မနေ့ စနေနေ့က လုံခြုံရေး ကင်းလှည့်လည်နေတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကို ချောင်းမြောင်း တိုက်ခိုက်ခဲ့တဲ့ အမျိုးသား (၁) ဦးနဲ့ အမျိုးသမီး (၂) ဦးကို အသေပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း မြန်မာအစိုးရက ထုတ်ပြန်တဲ့ သတင်းမှာ ဖေါ်ပြထားပါတယ်။

ဒါအပြင် အခြားကျေးရွာတရွာမှာ လုံခြုံရေးတပ်တွေကို နောက်ထပ် တိုက်ခိုက်မှုတွေရှိခဲ့ပြီး (၄) ဦးကိုတော့ အရှင် ဖမ်းဆီးရမိပြီး စစ်ဆေးမေးမြန်းနေကြောင်း မြန်မာအစိုးရ သတင်းမှာ ရေးသားထားပါတယ်။

အခုတိုက်ခိုက်မှုတွေ ဖြစ်နေတဲ့ နေရာတွေဟာ ဘင်္ဂလားဒေ့ရှ် နယ်စပ်နားက ရွာတွေမှာဖြစ်နေပေမဲ့ မောင်တောမြို့ပေါ်မှာတော့ အခြေအနေတွေ တည်ငြိမ်ပြီး အစိုးရဌာနတွေနဲ့ စာသင်ကျောင်းတွေက ပုံမှန် လည်ပတ်နေကြောင်း မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင်က ဗွီအိုအေကိုပြောပါတယ်။

“ဒီဘက်မှာတော့ အေးအေးဆေးဆေးပါပဲ။ ဌာနဆိုင်တွေက အကုန်ရှိပါတယ်။ မနေ့က ကျောင်းပိတ်ရက်လေ၊ သီတင်းကျွတ် ကျောင်းပိတ်ရက်။ ပုံမှန်အတိုင်းပါပဲ။”

မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ NCA အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးခြင်း တနှစ်ပြည့် အခမ်းအနားမှာ အဖွင့်မိန့်ခွန်း ပြောကြားခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ အခုလို ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“အားလုံးသိတဲ့အတိုင်းပဲ ကျွန်မတို့နိုင်ငံရဲ့ အနောက်ပိုင်းဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ ဆိုရင် စစ်မီးတောက်တွေ ပြန်ပြီးတောက်လာတာကို တွေ့ရပါတယ်။ ပဋိပက္ခမီးတောက်တွေ ပြန်ပြီး တောက်လာ တာကိုတွေ့ရပါတယ်။ ကျမတို့ ဒါတွေကို အမြန်ဆုံး ငြိမ်းအောင်လုပ်ရပါမယ်။”

ဒါအပြင် နိုင်ငံရဲ့ လုံခြုံရေးကိစ္စနဲ့ ပတ်သက်လို့ NLD အစိုးရရဲ့ ဥပဒေနဲ့အညီ သတ္တိရှိရှိ လုပ်ဆောင်ချက်တွေကို ပြည်သူတွေက ဝိုင်းဝန်း ထောက်ခံမယ်လို့ သူ့အနေနဲ့ ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောပါတယ်။

“တာဝန်အရ လုပ်သင့် လုပ်ထိုက်တာတွေကိုတော့ ကျမတို့ လုပ်သွားပါမယ်။ တရားဥပဒေ စိုးမိုးရေး မူဘောင်အတွင်းက လုပ်သင့် လုပ်ထိုက်တာတွေကို ကျမတို့ လုပ်သွားမှာပါ။ ကျမတို့ နိုင်ငံသူနိုင်ငံသားများရဲ့ လုံခြုံရေး၊ ကျမတို့နိုင်ငံရဲ့ တည်တံ့ခိုင်မြဲရေးအတွက် လုပ်သင့်လုပ်ထိုက် တဲ့ကိစ္စတွေကို ကျွန်မတို့ဟာ တရားဥပဒေဘောင်အတွင်းက မှန်မှန်ကန်ကန်နဲ့ သတ္တိရှိရှိနဲ့ လုပ်သွားမှာဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့နေရာမှာ ပြည်သူကလည်း ဝိုင်းဝန်းပြီး ကျွန်မတို့ကို ထောက်ခံမယ်လို့ ယုံကြည်ပါတယ်။”

လက်ရှိ မတည်ငြိမ် သေးတဲ့ နယ်စပ် မောင်တောဒေသ ကျေးရွာတွေက ပြည်သူတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို ဘေးကင်းရာ ဒေသတွေဘက်ကို သက်ဆိုင်ရာ လုံခြုံရေးတပ်တွေက ကူညီရွှေ့ပြောင်းပေး နေပါတယ်။

ဒီအတောအတွင်း မနေ့က အထက်ကန်သာယာရွာက ကျောင်းဆရာ တဦး ချောင်းမြောင်းပစ်ခံခဲ့ရပြီး မောင်တောဆေးရုံးမှာ ဆေးကုသ ခံယူနေပါတယ်။

အကြမ်းဖက် စီးနင်း တိုက်ခိုက်မှုတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်ကို သွားရောက် စုံစမ်းခဲ့ကြတဲ့ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် ဦးဆောင်တဲ့ NLD အစိုးရ ကိုယ်စားလှယ် အဖွဲ့ဟာ အောက်တိုဘာလ (၁၇) ရက်နေ့ (တနင်္လာနေ့) နေ့လည် (၂) နာရီမှာ ခရီးစဉ်နဲ့ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။

မောင်တောဒေသ နောက်ဆုံးအခြေအနေ
please wait

No media source currently available

0:00 0:03:15 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG