သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်စုံစမ်းရေး အစီရင်ခံစာ ထုတ်ပြန်ရက်ရွှေ့ဆိုင်း


ရခိုင်မှာဖြစ်ခဲ့တဲ့ အဓိကရုဏ်းအတွင်း လုံထိန်းရဲက လုံခြုံရေး ယူထားစဉ် (၂၇ အောက်တိုဘာ ၂၀၁၂)
ရခိုင်မှာဖြစ်ခဲ့တဲ့ အဓိကရုဏ်းအတွင်း လုံထိန်းရဲက လုံခြုံရေး ယူထားစဉ် (၂၇ အောက်တိုဘာ ၂၀၁၂)
ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ် သက်ပြီး နိုင်ငံတော် သမ္မတဆီကို မတ်လ နောက်ဆုံးရက်မှာ အပြီးသတ် တင်သွင်းရမယ့် အစီရင်ခံစာကို ဧပြီလလယ်ပိုင်းအထိ ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ ရခိုင် စုံစမ်းစစ်ဆေးရေး ကော်မ ရှင်က ကြေညာလိုက်ပါတယ်။ နိုင်ငံတကာ ကပါ စောင့်ကြည့် လေ့လာ မယ့် အစီရင်ခံစာ အပေါ် နောက်ဆုံးအကြိမ် ပြန်လည်စိစစ်သုံးသပ်ဖို့ အချိန်ယူတာနဲ့အမျှ အချက်အလက် မှန်ကန်တဲ့ ဒီအစီရင်ခံစာ ထွက်ပေါ်လာမယ့်လို့ မျှော်လင့်တဲ့အကြောင်း ဒေသခံ ပြည်သူ့ လွှတ်တော် အမတ်တွေက ပြောပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြပေးထားပါတယ်။

မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံတော်သမ္မတဆီ အပြီးသတ် တင်သွင်းရမယ့် ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံး အစီရင်ခံစာထဲမှာပါတဲ့ သတင်းမှတ်တမ်း အချက်အလက်တွေနဲ့ ပတ်သက်ပြီး ပြန်လည် စိစစ်သုံးသပ်ဖို့ လိုသေးတဲ့အတွက် ဖြစ်တယ်ဆိုပြီး ဧပြီလ ၂၄ ရက်နေ့ကို ရက် ရွှေ့ဆိုင်းလိုက်တယ်လို့ ကော်မရှင်က ကြေညာလိုက်ပါတယ်။

နိုင်ငံတော်သမ္မတနဲ့ ပြည်သူတွေတင်မကဘဲ နိုင်ငံတကာကပါ စောင့်ကြည့်လေ့လာမယ့် အစီရင်ခံစာ ဖြစ်တဲ့အတွက် အငြင်းပွားဖွယ်ရာ အချက်အလက်တွေ မပါဝင်အောင် စနစ်တကျ လုပ်ဆောင်ဖို့ ကြိုးစားနေကြတယ်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အဖွဲ့ဝင်လည်းဖြစ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဒေါက်တာအေးမောင် က ပြောပါတယ်။

“ဒါနဲ့ပတ်သက်လို့ ထပ်ဖြည့်နိုင်တာလေးတွေပေါ့နော်၊ နောက် ဘယ်လိုဆောင်ရွက်ရင်
ကောင်းမလဲဆိုတာလေးတွေ သူတို့ ဒီဘက်မှာရှိတဲ့ အသွင်အပြင် မတူတဲ့ မျိုးနွယ်စု နှစ်ခု ဟာ တဦးကိုတဦး ယုံကြည်မှုထက် ဖြစ်လာနိုင်တဲ့ တခြားအကြမ်းဖက်မှုလေးတွေကို စိုးရိမ်တဲ့အခါကျတော့ အတူယှဉ်တွဲနေထိုင်ရေးထက်လေ ယုံကြည်မှု တည်ဆောက်ရေး ကာလရှည်တခုကို ဖြတ်ဖို့ လိုမယ်ဆိုတဲ့ သဘော ရှိနေကြတယ်လို့ သုံးသပ်ပါတယ်။”

အခုလမှာ ထွက်ရှိမယ့် အပြီးသတ် အစီရင်ခံစာနဲ့ ပတ်သက်ပြီးလည်း ကော်မတီ၊
ကော်မရှင်ပါ အဖွဲ့ဝင်တွေအနေနဲ့လည်း အစီရင်ခံစာ တင်ပြနိုင်အောင် အချိန်နဲ့တပြေးညီ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့သင့်တယ်လို့လည်း ဒေါက်တာ
အေးမောင်က ပြောပါတယ်။

“အမှန် အချိန်က တော်တော်နည်းပါတယ်။ အကုန်လုံး စုစည်းဖို့ကလည်း လိုချင်မှ လိုမယ်လေ။ ဒါပေမဲ့လည်း ကော်မတီ သို့မဟုတ် ကော်မရှင်ရဲ့ ပုံမှန်လုပ်ငန်း လုပ်ဖို့အတွက်တော့ သူ့မှာ ခိုင်မာတဲ့ report တခု မပြီးခင်မှာ ကျနော်တို့ကို ပြန်ပြီး ဥပမာ final report မထွက်ခင် ၃ ပတ်လောက် ကြိုပြီး တွေ့ဆုံညှိနှိုင်းဖို့ သင့်တယ်။ တွေ့ရှိချက် အပေါ်မှာလည်းပဲ အပြန်အလှန် သုံးသပ် ဝေဖန် ဆွေးနွေးကြတဲ့ အဆင့်လည်း ရှိသင့်တာပေါ့လေ။”

နိုင်ငံတော်သမ္မတထံ တင်သွင်းမယ့် အပြီးသတ် အစီရင်ခံစာထဲမှာ ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ အခြေခံအကြောင်းအရင်း၊ အဓိကအကြောင်းအရင်း၊ ပဋိပက္ခ ဖြစ်ပွားမှုကြောင့် သေဆုံး ထိခိုက်ဒဏ်ရာရမှုတွေ၊ ပျက်စီးဆုံးရှုံးမှုတွေ အပါအဝင် နယ်မြေ တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မှုတွေ အပါအဝင်၊ ဒုက္ခသည်တွေကို ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနိုင် ဖို့နဲ့ ပဋိပက္ခ ချုုပ်ငြိမ်းရေးအတွက် ရေတို၊ ရေရှည် ဆောင်ရွက်သင့်တဲ့ အချက်များ၊ မတူကွဲပြားတဲ့ လူအုပ်စုတွေအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မည့် နည်းလမ်းတွေနဲ့ နယ်မြေတွင်း ပြန်လည် ထူထောင်ရမယ့် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြံပြုချက်တွေ ပါဝင်မှာဖြစ်ပါတယ်။

အခုလို သမ္မတ ဦးသိန်းစိန်ဆီကို အပြီးသတ် အစီရင်ခံစာတင်သွင်းဖို့ ရက်ရွှေ့ဆိုင်းလိုက်ပြီး ဧပြီလကုန်ပိုင်းလောက်မှာ ထွက်လာမယ့် အစီရင်ခံစာပါ မှတ်တမ်း အချက်အလက်တွေဟာ မှန်ကန်မှုရှိဖို့ လိုအပ်ပြီး၊ အငြင်းပွားဖွယ်ရာ အချက်အလက်တွေနဲ့ပတ်သက်ပြီး သမိုင်းမှတ်တမ်းတွေ၊ ဘက်ပေါင်းစုံက လေ့လာ စုံစမ်းမှု စုံစုံလင်လင်နဲ့ ထွက်ရှိသင့်ပြီး ပွင့်လင်းမြင်သာမှု ရှိသင့်တယ်လို့လည်း အချက်အလက် စုဆောင်းရေးမှာ ပါဝင်ကူညီခဲ့တဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်အမတ် ဦးရွှေမောင်း က ထောက်ပြ ပြောဆိုလိုက်ပါတယ်။

“ဒီလကုန်မတိုင်ခင် ထွက်ရမယ်လို့၊ တင်မယ်လို့ အဲ့လို ကြားခဲ့တာ။ အဲ့ဒါက နိုင်ငံတော် သမ္မတဆီကို တင်မှာပေါ့နော်။ တင်ပြီးလို့ရှိရင် နိုင်ငံတော် သမ္မတကနေ ဒါကို လူသိရှင်ကြားဖြစ်အောင် ကြေ ညာမယ်။ အဲ့လိုမျိုး အကြမ်းဖျင်းသိရတယ်။ ကျနော်တို့ကလည်း တောက်လျှောက် သူတို့ကို လိုအပ်တဲ့ အချက်အလက်တွေ၊ ကျနော်တို့ ပေးထားတာရှိတယ်။ ဒီရခိုင်စုံစမ်းရေးကော်မရှင်အနေနဲ့ နိုင်ငံတော် သမ္မတဆီကို တင်သွင်းတဲ့အခါမှာ သူတို့အနေနဲ့ ဘယ်လို စုံစမ်းလို့ ရခဲ့တယ်ဆိုတာကို အလေးအနက် ထားပြီးမှ ပါစေချင်တယ်ခင်ဗျ။”

ကော်မရှင်အနေနဲ့ အပြီးသတ် အစီရင်ခံစာ တင်သွင်းမယ့်ရက်ကို အချိန်ယူပြီး ပြန် သုံးသပ်ဖို့ လုပ်ဆောင်နေတဲ့အချိန်မှာပဲ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ပဋိပက္ခအတွင်း အိုးအိမ်ဆုံးရှုံးခဲ့ရသူတွေအတွက်လည်း မိုးရာသီအမှီ နေစရာ အခက်အခဲ ဖြစ်နေတဲ့အပေါ် အရေးတကြီး ဆောင်ရွက်သင့်တယ်လို့ ဘူးသီးတောင်အမတ် ဦးရွှေမောင်း က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

“အခုက မိုးရာသီက လာတော့မယ်။ ဇွန်လဆိုရင်ပေါ့နော်။ တချို့ဆိုရင် မေလ အလယ်လောက်မှာ မိုးရွာတာပဲ။ ဆိုတော့ အခုအချိန်ထိ အိမ်တွေ ဆောက်ဖို့အတွက်ကို အဆင်မပြေသေးဘူး။ လိုအပ်တဲ့ အစီအမံတွေကိုလည်း ဆောင်ရွက်ပေးရမယ်။ လုံခြုံရေးကိစ္စတွေကိုလည်း သူတို့က ဝင်ပြီး လုပ်ပေးလိမ့်မယ်။”

ရခိုင် စုံစမ်းစစ်ဆေးရေး ကော်မတီရဲ့ ကြားဖြတ် အစီရင်ခံစာကို နိုဝင်ဘာလ နောက်ဆုံး ပတ်တွင် နိုင်ငံတော် သမ္မတဆီကို တင်သွင်းခဲ့ပြီး၊ အပြီးသတ် အစီရင်ခံစာ တင်သွင်း မယ့်ရက်ကို ၂၀၁၃ မတ်လ ၃၁ ရက်နေ့ကို သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံကို တိုက်ရိုက်အစီရင်ခံ တင်ပြရမယ်လို့ သမ္မတက အမိန့်ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
XS
SM
MD
LG