သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေပြည်တော်ကြွက်မှာ ပလိပ်ရောဂါတွေ့


နေပြည်တော်ကြွက်မှာ ပလိပ်ရောဂါတွေ့
နေပြည်တော်ကြွက်မှာ ပလိပ်ရောဂါတွေ့

နေပြည်တော်မှာ ပုလိပ်ရောဂါကြောင့် သေဆုံးနေတဲ့ ကြွက်သေတွေကို တွေ့ရှိခဲ့တဲ့အတွက် အစိုးရက သက်ဆိုင်ရာ ဌာနတွေကို သတိထားဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြရေးသားပါတယ်။ ပုလိပ်ရောဂါနဲ့ အလှမ်းဝေးခဲ့ပြီ ဖြစ်တဲ့ မြန်မာပြည်သူတွ အနေနဲ့ ဒီကိစ္စကို သတိထားပြီး စောင့်ကြည်ဖို့ လိုတယ်လို့လည်း နေပြည်တော်ဝန်းကျင်က ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းတွေကလည်း ပြောပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာပဲ ရန်ကုန်-နေပြည်တော် ကားလမ်းမပေါ်က မှတ်တိုင်အမှတ် ၄၅ ဝန်းကျင်လောက်မှာ ကြွက်အုပ်ကြီးတွေ ဖြတ်သန်းသွားလာခဲ့တဲ့ သတင်းတွေ ထွက်လာခဲ့သလို ပဲခူးတိုင်း၊ ရန်ကုန်-နေပြည်တော် ၈ လမ်းသွား အမြန်လမ်းမပေါ်က ဒိုက်ဦးမြို့နယ်ပိုင် ဘာနီကျေးရွာ၊ ကျောက်တလုံးနဲ့ မရမ်းချောင်းကျေးရွာ အနီးမှာ ကြွက်တွေ အများအပြား ဖြတ်သန်းဝင်ရောက်ခဲ့တဲ့ သတင်းတွေကို ပြည်တွင်းထုတ် သတင်းဂျာနယ်တွေမှာ ရေးသားကြပါတယ်။ အဲဒီနောက်ပိုင်း ကြွက်ရောဂါ ကာကွယ်ရေး နှိုးဆော်ချက်တွေလည်း အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြလာကြပါတယ်။

တခါ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်က ဝန်ကြီးဌာန ရုံးတခုမှာ ပလိပ်ရောဂါ ကူးစက်နေတဲ့ ကြွက်သေ ၆ ကောင်လောက် တွေ့ရှိတဲ့အကြောင်း အမည်မဖော်လိုသူ ဝန်ထမ်းတယောက်ရဲ့ ပြောဆိုချက်ကို ရိုက်တာသတင်းက ဖော်ပြပါတယ်။ ဒါကြောင့် နေပြည်တော် ကျန်းမာရေး ဝန်ကြီးဌာနက ပုလိပ်ရောဂါ ကာကွယ်ရေး သတိပေးချက်တွေ ထုတ်ပြန်ထားတယ်လို့လည်း ရိုက်တာက ဆိုပါတယ်။ အခုလို ကြွက်အများအပြား တွေ့ရတာဟာ ကြွက်နဲ့ပတ်သက်တဲ့ ပလိပ်ရောဂါတွေကို ဒီအချိန်မှာ အထူး သတိထားသင့်တယ်လို့ နေပြည်တော်အနီး ပျဉ်းမနားမြို့က ကျန်းမာရေးဆိုင်ရာ ဆရာဝန်တဦးက ဆိုပါတယ်။

“မဖြစ်ဘူးလို့တော့ ပြောလို့မရဘူး။ ကြွက်နဲ့ပတ်သက်တဲ့ ပလိပ်ရောဂါတို့ ဘာတို့ ဖြစ်နိုင်တာပဲလေ။ ကြွက်နဲ့ပတ်သက်တာ များလာရင်တော့ ဖြစ်မယ်ဆိုရင် ဖြစ်နိုင်တာပေါ့။ မဖြစ်နိုင်ဘူးလို့တော့ ပြောလို့မရဘူး။ ဘယ်လောက် အတိုင်းအတာအထိ ဖြစ်လာမယ်ဆိုတာတော့ ကျနော် တခါမှ ဒီလို ကြွက်တွေ အလုံးအရင်းနဲ့ မကြုံဘူးတော့ သေချာတော့ မသိဘူး။”

အထူးသဖြင့် ဒီအချိန်မှာ ဒေသခံလူထုနဲ့ ကျန်းမာရေးဌာနတွေကြား အချိတ်အဆက်မိမိ ကြွက်ရောဂါ အန္တရာယ်ကို သတိထား စောင့်ကြည့်ဖို့ လိုအပ်တယ်လို့လည်း သူက တိုက်တွန်းပါတယ်။

“ကြွက်တွေ သေတာတို့၊ ကျတာတို့ ရှိရင် စောစောစီးစီး နီးရာဌာနတွေကို အသိပေးရမှာပေါ့။ တကိုယ်ရေ သန့်ရှင်းတာတို့၊ ကြွက်က ကူးစက်နိုင်တဲ့ ပလိပ်ရောဂါတို့ ဘာတို့ ရှိနေတဲ့အခါကြတော့ ပြည်သူလူထု အနေနဲ့ကတော့ စောင့်ကြည့်နေရမှာပေါ့။ ကျန်းမာရေးဌာနကလည်း သူတို့ အမြဲတမ်း သတိပေးပါတယ်။ သတိပေးတဲ့အတိုင်း လိုက်နာဖို့ပါပဲ။

“အဓိကကတော့ ကိုယ့်အနီးအနားမှာ ကြွက်ကျတယ်၊ သေတယ်ဆိုရင် အနည်းနဲ့ အများတော့ တဦးနဲ့တဦး ကျန်းမာရေးဆိုင်ရာ ဌာနတွေကို အသိပေးမယ်၊ ကာကွယ်ဖို့တို့၊ ရောဂါမပြန့်ပွားအောင်တို့ ဒါတွေလုပ်ဖို့တော့ ရှိမှာပေါ့။ ပလိပ်ကလည်း မဖြစ်တာ ကြာပြီဆိုတော့ လူတွေကလည်း အဲဒါနဲ့ ပတ်သက်လို့တော့ နည်းနည်း အလှမ်းဝေးမှာပေါ့။ အဲဒါတွေကို ပြန်ပြီးတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့လူတွေက တဆင့်တဆင့် ပိုပြီးတော့ နားလည်လာအောင်လို့ ဖြန့်ဝေပေးဖို့ပါပဲ။”

ပျဉ်းမနားမြို့ခံ ဆရာဝန်တဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်းက ကြွက်တွေဟာ ပဲခူးတိုင်းအတွင်းကို အုပ်နဲ့ချီ ရွှေ့ပြောင်းပြီး ဝါးတောတွေထဲ ဝင်သွားကြတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ ညဘက်အချိန် အုပ်စုနဲ့ လမ်းမတွေပေါ် ဖြတ်ပြေးကြတဲ့ ကြွက်တွေကို ကားတွေက ရှောင်တိမ်းမရ နင်းကြိတ်ခဲ့ရတဲ့အထိ များပြားသလို ဒေသခံတွေကတော့ စပါးနဲ့ သီးနှံစိုက်ခင်းတွေ ပျက်စီးမယ့်အရေးလည်း တွေးပူနေကြပါတယ်။ အခုလို ကြွက်တွေ အစုလိုက် အပြုံလိုက် ရွှေ့ပြောင်းလာတာ ဒါ ပထမဦးဆုံးအကြိမ် တွေ့ရတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောသလို ကြွက်တွေက ဝမ်းဗိုက်ဖြူ ကြွက်အမျိုးအစားများ ဖြစ်တယ်လို့လည်း ပြည်တွင်းထုတ် သတင်းတွေမှာ ဖော်ပြ ရေးသားထားကြပါတယ်။

XS
SM
MD
LG