သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump မဲဆွယ်စည်းရုံးရေးအဖွဲ့ အပြောင်းအလဲလုပ်


Donald Trumpရဲ့ မဲဆွယ်မှုတွေ ဦးဆောင်စီစဉ်ပေးနေတဲ့ Paul Manafort
Donald Trumpရဲ့ မဲဆွယ်မှုတွေ ဦးဆောင်စီစဉ်ပေးနေတဲ့ Paul Manafort

လာမယ့်နှစ် ဇန်နဝါရီလမှာ စတင်တာဝန်ထမ်းဆောင်မယ့် အမေရိကန်သမ္မတသစ်ကို အမေရိကန်ပြည်သူတွေ ရွေးချယ်ဖို့ သုံးလတောင် မလိုတော့တဲ့အချိန်မှာ ရီပါဘလီကန်သမ္မတလောင်း Donald Trump ကတော့ သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖွဲ့ ဦးဆောင်မှုပိုင်း မှာ အပြောင်းအလဲတွေ လုပ်နေပါတယ်။

Breitbart ကွန်ဆားဗေးတစ် အွန်လိုင်းသတင်းဌာနရဲ့ အကြီးတန်း အမှုဆောင် Stephen Bannon ကို သူ့ရဲ့ မဲဆွယ် စည်းရုံးရေးအဖွဲ့ အကြီးအကဲအဖြစ် ခန့်အပ်လိုက်သလို၊ Kellyanne Conway ကိုတော့ လူထုစစ်တမ်း ကောက်ယူတဲ့ရာထူး ကနေ မဲဆွယ် လှုပ်ရှားမှု မန်နေဂျာ အဖြစ် ရာထူး တိုးလိုက်တာပါ။

သူတို့ဟာ အောင်ပွဲခံရတာကို နှစ်သက်သူတွေဖြစ်သလို၊ ဘယ်လို အနိုင်ရအောင် လုပ်ရမလဲ ဆိုတာကို သိကြတဲ့ အရည်အချင်း မြင့်မားပြီး သိပ်တော်ကြတဲ့သူတွေ ဖြစ်တယ်လို့ Trump က ပြောပါတယ်။

Bannon ရဲ့တာဝန်က အဓိက မဲဆွယ်လှုပ်ရှားမှုကြီးတွေနဲ့ ဝန်ထမ်းတွေ ကြီးကြပ်သွားဖို့ ဖြစ်ပြီး Conway ကတော့ Trump ရဲ့ ပြောစကား တွေကို အဓိက ပြန်ကြားပေးဖို့ဖြစ်ပြီး သမ္မတလောင်းနဲ့အတူ မကြာခဏ ခရီးထွက်ရမှာပါ။

အခုလို ရာထူးသစ်ခန့်အပ်မှုတွေကြောင့် လက်ရှိ မဲဆွယ်လှုပ်ရှားမှုတွေကို ကြီးမှူးနေတဲ့ Paul Manafort ရဲ့ လုပ်ပိုင်ခွင့်တွေကို ထိခိုက်နိုင်ဖွယ် ရှိပေမဲ့လို့ Trump ကတော့ အခုလုပ်ရပ်ကြောင့် Manafort အပေါ် သက်ရောက်စရာ ဘာမှမရှိဘူးလို့ ပြောပါတယ်။ အရင် မဲဆွယ်လှုပ်ရှားမှုအဖွဲ့ အကြီးအကဲ Corey Lewandowski ကို Trump က ပြီးခဲ့တဲ့ဇွန်လမှာ အလုပ်ဖြုတ်ခဲ့ပြီးတဲ့နောက် Manafort ကိုအစားထိုးခန့်အပ်ထားတာပါ။ Manafort ဟာ ၂၀၁၄ ခုနှစ်က ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့ ရုရှားလိုလားသူ ယူကရိန်းသမ္မတဟောင်း Viktor Yanukovich နဲ့ ဆက်ဆံရေးရှိခဲ့တဲ့အပေါ် လတ်တလော စစ်ဆေးခံနေ ရပါတယ်။

ယူကရိန်းနိုင်ငံမှာ Manafort ကို ရည်ရွယ် ပေးခဲ့တဲ့ ဒေါ်လာငွေ ၁၂.၇ သန်း လျှို့ဝှက် ငွေစာရင်း မှတ်တမ်းတွေကို New York Times သတင်းစာမှာ ဖော်ပြခဲ့ပြီးတဲ့နောက် အခုလို မဲဆွယ်စည်းရုံးရေးအဖွဲ့အတွင်း အပြောင်းအလဲတွေကို ဒီကနေ့ လုပ်လာခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG