သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုယ်စားလှယ်ရုပ်သိမ်းခွင့် RTR ပြန်အတည်ပြုဖို့ တောင်းဆို


Right to recall ဟောပြောဆွေးနွေးပွဲ(Political Prisoner)
Right to recall ဟောပြောဆွေးနွေးပွဲ(Political Prisoner)

ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်ပါ မဲဆန္ဒရှင်ပြည်သူတွေက မိမိတို့ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြန်လည်ရုပ်သိမ်းဖို့ တောင်းဆိုခွင့်ရှိတဲ့ Right to Recall ဥပဒေကြမ်းကို လွှတ်တော်မှာ အတည်ပြုပြဋ္ဌာန်းပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒီမိုကရေစီအင်အားစုတွေက တောင်းဆိုလိုက်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် အရည်အချင်း မရှိဘူးဆိုရင် ပြန်ရုပ်သိမ်းပေးဖို့ နိုင်ငံသားတွေရဲ့အခွင့်အရေးနဲ့အညီ တောင်းဆိုပိုင်ခွင့်ရှိသလို တကယ်လို့ ရုပ်သိမ်းပိုင်ခွင့် မကျင့်သုံးနိုင်သေးဘူးဆိုရင် ပြည်သူတွေရဲ့ အခွင့်အရေးချိုးဖောက်ခံနေရတာလားဆိုတာကိုလည်း မေးခွန်းထုတ်နေကြပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပေးပါမယ်။

ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းအတွင်းတုန်းကတော့ ရွေးကောက်ပွဲနီးကပ်ချိန် နောက်ဆုံးကျင်းပခဲ့တဲ့လွှတ်တော်အစည်းအဝေးတွေမှာ Right to Recall လို့ခေါ်တဲ့ မဲဆန္ဒရှင်ပြည်သူတွေက မိမိတို့ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တာဝန်က ပြန်လည်ရုပ်သိမ်းဖို့ တောင်းဆိုခွင့်ရှိတဲ့ Right to Recall ဥပဒေကြမ်းကို အတည်ပြုနိုင်ရေးဆွေးနွေးမှုတွေ ရပ်ဆိုင်းဖို့ ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့တာပါ။ အခုအရပ်သားအစိုးရလက်ထက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်သူက ရွေးချယ်တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ် အများစုလွှတ်တော်ကိုယ်စားလှယ် နေရာယူထားတဲ့ အခုကျင်းပနေတဲ့လွှတ်တော်တွေမှာတော့ ပြည်သူ့ဆန္ဒကို ဦးစားပေးကျင့်သုံးတဲ့ ပြည်သူတွေရဲ့လုပ်ပိုင်ခွင့်အာဏာဖြစ်တဲ့ ဒီ Right to Recall ဥပဒေကြမ်းကို အတည်ပြုပြဌာန်းပေးစေချင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့နဲ့ ဒီမိုကရေစီအင်အားစုတွေက တောင်းဆိုလိုက်ကြတာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်အရည်အချင်းနဲ့မပြည့်မှီတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူတွေဘက်က ကိုယ်စားလှယ်အဖြစ်က ရုပ်သိမ်းပိုင်ခွင့်ကို ဒီမိုကရေစီအစိုးရလက်ထက်မှာ အလေးထားဆောင်ရွက်ပေးသင့်တယ်လို့ ခေတ်ရနံ့မဂ္ဂဇင်းတာဝန်ခံအယ်ဒီတာ ကိုပြည့်သွေးနိုင်က ပြောပါတယ်။

“ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အန်တီစုကလည်းပြောတယ် ပါတီကိုပဲ ကြည့်ပြီးမဲပေးကြပါ။ အလံကိုပဲ ကြည့်ပြီးမဲပေးကြပါဆိုတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းနဲ့ ပတ်သက်ပြီးတော့ မပြည့်စုံတဲ့လူတွေ တော်တော်များများပါလာတယ်ဆိုတဲ့ သုံးသပ်ချက်ရှိပါတယ်။ နောက်တခုကလည်း ဒီမိုကရေစီနည်းလမ်းအရဆိုရင် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားပေမယ့် ကိုယ်စားလှယ်အကျင့်ပြက်ရင်သော်လည်းကောင်း သူ့ရဲ့ ပုဂ္ဂိုလ်ရေးအရ ဂုဏ်သိက္ခာကျနိုင်တဲ့ သူ့ကျင့်ဝတ်ပိုင်းဆိုင်ရာ ဖောက်ဖျက်မှုတွေရှိရင် ပြန်လည်ပြီးတော့ ရုတ်သိမ်းနိုင်အောင် ဥပဒေတရပ် ပြဌာန်းသင့်တယ်လို့ အဲဒီလို သုံးသပ်ကြပါတယ်။”

လွှတ်တော်ကိုယ်စားလှယ်ဆိုတာဟာ ပြည်သူဆန္ဒမဲနဲ့ ရွေးချယ်တင်မြှောက်လိုက်တာဖြစ်လို့ ဒီလွှတ်တော်ကိုယ်စားလှယ်ဟာ အရည်အချင်းနဲ့ မညီဘူးဆိုရင် ပြန်ရုပ်သိမ်းပိုင်ခွင့် အခွင့်အာဏာကို ဖွဲ့စည်းပုံမှာလည်း ထည့်သွင်းပြဌာန်းထားလို့ ဥပဒေတရပ်အနေနဲ့ အတည်ပြုပြဌာန်းသင့်ကြောင်းကိုလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောဝေက တိုက်တွန်းပြောဆိုပါတယ်။ ဒါပေမဲ့လို့ ရွေးချယ်တင်မြှောက်လိုက်တဲ့ မဲဆန္ဒနယ်က ပြည်သူ တစ်ရာခိုင်နှုန်းရဲ့တောင်းဆိုချက်ဆိုတဲ့ ကန့်သတ်ချက်ကိုတော့ ပြင်စေချင်တယ်လို့ ဒေါ်ခင်စောဝေကပြောပါတယ်။

“လွှတ်တော်ကိုယ်စားလှယ်တွေကို မဲပေးလိုက်ရဲ့သားနဲ့ လွှတ်တော်ကိုယ်စားလှယ်ကို လိုက်ပြီး ကိုယ်က ပြန်ဖြုတ်ချလို့မရဘူးဆိုရင် ဒါနိုင်ငံသားတွေရဲ့အခွင့်အရေးဆုံးရှုံးနေတယ်ဆိုပြီး အန်တီအနေနဲ့ ပြောချင်တယ်။ ဒီဥပဒေက တကယ်လည်း ရှိသင့်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံမှာလည်း ပါပါတယ်။ ၃၉၆ (ခ) မှာ ၁ ရာခိုင်နှုန်းနဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ပြည်သူတွေက လက်မှတ်ထိုးပြီးတော့ ပြည်ထောင်စု ကော်မရှင်ကို တိုင်လို့ရပါတယ်။ ဒါပေမယ့်လို့ အန်တီ ၁ ယောက်တည်းဆိုရင် ၁ ရာခိုင်နှုန်းအနေနဲ့ တိုင်တယ်ဆိုရင်လည်း မကြောက်ပါဘူး။ အန်တီတို့လွှတ်တော်ကိုယ်စားလှယ်တွေ ပြန်လည်ဖြည့်ဖို့ ဥပဒေတွေ လောလောဆယ်မှာ မရေးဆွဲထားသေးလို့ ဒါတွေကို အန်တီ တို့ထောက်ပြရခြင်းဖြစ်ပါတယ်။”

ဒါပေမဲ့လို့ တိုင်ကြားမှုတွေရှိလာရင်တော့ မလျော်သြဇာသုံး မမှန်မကန်တိုင်ကြားခြင်းလား တကယ်ပဲ လွှတ်တော်ကိုယ်စားလှယ်ဟာ အရည်အချင်းနဲ့ မညီဘူးလားဆိုတာကိုတော့ သေသေချာချာ စုံစမ်းဖော်ထုတ်ရမှာဖြစ်တယ်ဆိုတာကိုလည်း ပြောပါတယ်။

“တကယ်လို့ အန်တီတို့ကို ၁ ရာခိုင်နှုန်းနဲ့ဆိုရင် အန်တီတို့က ကြောက်နေသလားပေါ့နော် ၊ မကြောက်ပါဘူး တဦးဦးက တိုင်လာတယ်ဆိုရင် ဒါတိုင်ကြားခြင်းဟာ အစစ်အမှန်လားဆိုတာလည်း စိစစ်ဖို့လိုတယ်ပေါ့နော် နောက်တခါ ဒီတိုင်ကြားတဲ့အခါမှာ တကယ်လို့ လက်မှတ်ထိုးတဲ့လူတွေက ဘယ်သူ့ ပယောဂနဲ့ ထိုးတာလည်း ကိုယ့်ဆုံးဖြတ်ချက်နဲ့ထိုးတာလား အဲဒီအတွက်ကြောင့်မို့လို့ ဥပဒေတခုက လိုအပ်ပါတယ်။”

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၆၊ ၃၉၇ ပါ ပြဌာန်းချက်အရ သက်ဆိုင်ရာမဲဆန္ဒရှင်ပြည်သူတွေဟာ လွှတ်တော်တရပ်ရပ်က လွှတ်တော်ကိုယ်စားလှယ်ကို ဥပဒေနဲ့အညီ တာဝန်ကပြန်လည်ရုပ်သိမ်းခွင့်အတွက် အဲ့ဒီ့လွှတ်တော်ကိုယ်စားလှယ်ကို ရွေးချယ်တင်မြှောက်ထားတဲ့ မဲဆန္ဒနယ်က မဲဆန္ဒရှင်ပြည်သူ တစ်ရာခိုင်နှုန်းက ပြန်လည်ရုပ်သိမ်းပေးဖို့ တောင်းဆိုခွင့်ရှိတယ် ဒီလိုတောင်းဆိုလာရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က အမှုဖွင့်စုံစမ်းမှာဖြစ်ပြီး အတိုင်ကြားခံရတဲ့ ကိုယ်စားလှယ်ဘက်က ထုချေလျောက်လဲဖြေရှင်းရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်း အတွင်းတုန်းကတော့ မဲဆန္ဒရှင်ပြည်သူတွေက လွှတ်တော်ကိုယ်စားလှယ်တွေကို ပြန်လည်ရုပ်သိမ်းဖို့ တောင်းဆိုခွင့်ရှိတဲ့ Right to Recall ဥပဒေကြမ်းကို အတည်ပြုပေးဖို့ကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က လွှတ်တော်ကို တိုက်တွန်းခဲ့ပေမဲ့လို့ ဒီအဆိုကို အတည်ပြုနိုင်ခြင်းမရှိခဲ့ပါဘူး။

Right to Recall ဥပဒေ အတည်မပြုနိုင်ခဲ့တာကြောင့် မဲဆန္ဒရှင်တွေရဲ့ အခွင့်အရေးဆုံးရှုံးတယ်လို့ ယူဆမှုရှိသလို၊ ဒီ ဥပဒေကြမ်းမှာ အငြင်းပွားစရာအချက်တွေ ရှိတယ်လို့ ရှု့မြင်သူတွေလည်း ရှိပါတယ်။ Right to Recall နဲ့ပတ်သက်ပြီး အောက်တိုဘာလ ၂၃ရက်နေ့က ကျင်းပတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ရဲ့ အသိပညာမျှဝေပွဲမှာ “ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းပိုင်ခွင့် မကျင့်သုံးနိုင်သေးတာက ပြည်သူ့အခွင့်အရေးချိုးဖောက်ခံနေရတာလား” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ရှေ့နေကြီးဦးအောင်သိန်း၊ ဒေါက်တာရန်မျိုးသိမ်း ၊ ကိုပြည်သွေးနိုင်တို မြန်မာ့ဒီမိုကရေစီအင်အားစုတွေက ဝိုင်းဝန်းဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG