သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Rio အိုလံပစ် အမေရိကန်ဆုတံဆိပ် အများဆုံးနဲ့ ဦးဆောင်နေ


အမေရိကန် ရေကူးချန်ပီယံ ရွှေတံဆိပ်ဆုရှင် Michael Phelps
အမေရိကန် ရေကူးချန်ပီယံ ရွှေတံဆိပ်ဆုရှင် Michael Phelps

ဘရာဇီးနိုင်ငံ၊ Rio de Janeiro မြို့မှာ ကျင်းပနေတဲ့ ၂၀၁၆ အိုလံပစ် အားကစား ပြိုင်ပွဲတွေရဲ့ နံမည်ကြီး လူကြိုက်များတဲ့ ရေကူးပြိုင်ပွဲ နောက်ဆုံး ပွဲစဉ်တွေကို ဒေသ စံတော်ချိန် စနေနေ့မှာ နောက်ဆုံး ကျင်းပကြမှာဖြစ်ပြီး အမေရိကန်နိုင်ငံက ရေကူး ချန်ပီယံ Michael Phelps ဟာ မီတာ ၁၀၀ ၊ ၄ ယောက်တွဲ လက်ဆင့်ကမ်း အလွတ် ကူးပြိုင်ပွဲမှာ ပါဝင်မှာ ဖြစ်ပါတယ်။

ရေကူးပြိုင်ပွဲတွေကနေ အနားယူထားရာက Rio ၂၀၁၆ အိုလံပစ် အားကစား ပြိုင်ပွဲမှာ ပြန်လည် ပါဝင်လာတဲ့ Phelps ဟာ အခုသီတင်းပတ်အတွင်း ကျင်းပ ခဲ့တဲ့ ရေကူးပြိုင်ပွဲတွေမှာ ရွှေတံဆိပ် ၄ နဲ့ ငွေတံဆိပ် ၁ ခု ရရှိထားပြီး ဖြစ်ပါတယ်။ စနေနေ့ည နှောင်းပိုင်းမှာ ကျင်းပမယ့် နောက်ဆုံးပြိုင်ပွဲမှာ Phelps အနေနဲ့ နောက် ထပ် ရွှေတံဆိပ် ၁ ခု ထပ်ရနိုင်ဖို့ အလားအလာများတဲ့အတွက် အမေရိကန် အသင်း အတွက်လည်း ရွှေတံဆိပ် ၁ ခု ထပ်တိုးမယ့် သဘောရှိနေပါတယ်။

သောကြာနေ့တုန်းကတော့ အမေရိကန်နိုင်ငံက ရေကူးချန်ပီယံ Katie Ledecky က မီတာ ၈၀၀ အလွတ်ကူးပြိုင်ပွဲမှာ ကမ္ဘာ့စံချိန်သစ်တင်ပြီး ရွှေတံဆိပ်ဆုကို ဆွတ်ခူး သွားခဲ့ပါတယ်။ အခု အသံလွှင့်ချိန်အထိ ရရှိထားတဲ့ ဆုတံဆိပ်စာရင်းအရကတော့ အမေရိကန်က ရွှေတံဆိပ် ၂၁ ခု၊ ငွေတံဆိပ် ၁၅ ခု၊ ကြေးတံဆိပ် ၁၈ ခု၊ စုစုပေါင်း ဆုတံဆိပ် ၅၄ ခုနဲ့ ထိပ်ကနေ ဦးဆောင်နေပါတယ်။

တရုတ်နိုင်ငံကတော့ ရွှေ ၁၃ ခု၊ ငွေ ၁၁ ခု၊ ကြေး ၁၇ ခု၊ စုစုပေါင်း ဆုတံဆိပ် ၄၁ ခုနဲ့ ဒုတိယ လိုက်နေပြီး ဗြိတိန်နိုင်ငံက ရွှွေ ၉ ခု၊ ငွေ ၁၁ ခု၊ ကြေး ၆ ခု၊ စုစုပေါင်း ဆုတံဆိပ် ၂၆ ခုနဲ့ တတိယ နေရာမှာ ရှိနေပါတယ်။ အရှေ့တောင် အာရှနိုင်ငံတွေ ထဲမှာတော့ မြန်မာ့ အိမ်နီးချင်း ထိုင်းနိုင်ငံက ရွှေတံဆိပ် ၂ ခု၊ ငွေ ၁ ခု၊ ကြေး ၁ ခု၊ စုစုပေါင်း ဆုတံဆိပ် ၄ ခုနဲ့ နံပတ် ၁၇ နေရာမှာ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG