သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ်အိမ်ရှင် ဘရာဇီးဘောလုံးသင်း ကွာတားဖိုင်နယ်တက်


၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲ အမျိုးသားဘောလုံးပွဲတွေမှာ ဘရာဇီး အသင်းနှင့် ဒိန်းမတ်အသင်းတို့ ကစားစဉ်
၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲ အမျိုးသားဘောလုံးပွဲတွေမှာ ဘရာဇီး အသင်းနှင့် ဒိန်းမတ်အသင်းတို့ ကစားစဉ်

၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲ အမျိုးသားဘောလုံးပွဲတွေမှာတော့ အိမ်ရှင်ဘရာဇီးအသင်းက ဒိန်းမတ်ကို အုပ်စုနောက်ဆုံးပွဲစဉ်မှာ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်သွားပါပြီ။ ဘရာဇီး နဲ့ အတူ နာမည်ကြီးအသင်းတွေထဲက ဂျာမနီ ၊ ပေါ်တူဂီ နဲ့ နိုင်ဂျီးရီးယားအသင်းတွေလည်း ကွာတားဖိုင်နယ်ကို တက်လာပါတယ်။ နာမည်ကြီး ဘရာဇီးအသင်းဟာ အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်တခါမှ မရဖူးတာကြောင့်၊ အခုတကြိမ် ဘရာဇီးအသင်း ရွှေတံဆိပ်နိုင်ချေ ရှိ ၊ မရှိဆိုတာ အပါအဝင် အိုလံပစ်ဘောလုံးပွဲအခြေအနေတွေ ပတ်သက်ပြီး ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

ဘရာဇီးအသင်းဟာ အခုနှစ် ရီယိုအိုလံပစ်ဘောလုံးပွဲ အုပ်စု ပထမ ၂ ပွဲမှာ တောင်အာဖရိက နဲ့ အီရတ်အသင်းတွေကို ဂိုးမရှိသရေ ကျတဲ့အတွက် ၊ ပရိဿတ်တွေရဲ့ လှောင်ပြောင်အော်ဟစ်တာတွေကို ခံရပြီးတဲ့နောက် အုပ်စုနောက်ဆုံးပွဲစဉ်မှာတော့ ဒိန်းမတ်ကို ၄ ဂိုး ဂိုးမရှိ နဲ့ နိုင်လိုက်ပါတယ်။ ဘရာဇီးအတွက် ဘာဘိုဆာက ၂ ဂိုး၊ Jesus နဲ့ Luan က ၁ ဂိုးစီသွင်းခဲ့ပါတယ်။ ဒါကြောင့် ဘရာဇီးအသင်းဟာ ၁ ပွဲ နိုင် ၂ ပွဲ သရေ ၊ ၅ မှတ် နဲ့ အုပ်စုဗိုလ်ဖြစ်ပြီး ကွာတားဖိုင်နယ်ကို တက်သွားခဲ့ပါတယ်။

ဘရာဇီးတိုက်စစ်မှူး Jesus ကတော့ - အစောပိုင်းပွဲတွေမှာ ဘရာဇီးအသင်း ဂိုးမသွင်းနိုင်လို့ ဖိအားတွေနဲ့ရင်ဆိုင်နေရပြီး၊ ဒီပွဲနိုင်လိုက်တဲ့အတွက် စိတ်သက်သာသွားတယ်လို့ ပြောလိုက်ပါတယ်။ ဘရာဇီးအိုလံပစ်အသင်းရဲ့ ခြေစွမ်းအပေါ် အားကစားဆောင်းပါးရှင် ကိုဇော်မျိုးသန့်ကတော့ အခုလို သုံးသပ်ပါတယ်။

“ဘရာဇီးအိုလံပစ်အသင်းကတော့ ကြည့်ခဲ့ရသလောက်ကတော့ သိပ်အကောင်းကြီးမဟုတ်ဘူးပေါ့။ ဖွင့်ပွဲ ၂ ပွဲက ဂိုးမရှိ သရေဗျာ။ ဒီနေ့မနက်ကျမှ ဒိန်းမက်ကို ၄ ဂိုး ၀ နဲ့ နိုင်တယ်ပေါ့။ လက်ရှိခြေစွမ်းအတိုင်းဆိုရင်တော့ ချန်ပီယံဖြစ်ဖို့ဆိုတာ အင်မတန်ခက်ခဲမယ့်အနေအထားမှာရှိပါတယ်။ အထူးသဖြင့်ကတော့ အသင်းလိုက်ကစားပုံက နည်းနည်းလေးအားနည်းနေတယ်ပေါ့။ ဒီနေ့ပွဲကတော့ သူတို့အတွက် မဖြစ်မနေနိုင်မှပဲ နောက်တဆင့်တက်မယ့်အနေအထားပေါ့။ နောက်တဆင့်တက်မယ့်အနေအထားဆိုတာ ဖိပြီးကန်တာလည်းပါပါတယ်။ ဖိပြီးကန်တဲ့အတွက်ကြောင့် ဒီလောက်ဖြစ်တာပါ။ ဒီနေ့ပွဲက ခြေစွမ်းအမှန်လားဆိုရင်တော့ ကျနော်တို့ ကိုလံဘီယာနဲ့ပွဲကိုစောင့်ကြည့်ရမှာပါ။”

မနေ့က ကစားသွားတဲ့ တခြားပွဲစဉ်တွေမှာတော့ ဂျာမနီက ဖီဂျီကို ၁၀ ဂိုး ဂိုးမရှိနိုင်ပြီး၊ တောင်ကိုရီးယားက မက္ကဆီကို ၁ ဂိုး ဂိုးမရှိ ၊ ကိုလံဘီယာက နိုင်ဂျီးရီးယားကို ၂ ဂိုး ဂိုးမရှိ၊ နဲ့ နိုင်ပြီး အာဂျင်တီးနား နဲ့ ဟွန်ဒူးရပ်စ်တို့ ၁ ဂိုးစီ သရေကျပြီး၊ လန်ဒန်အိုလံပစ် ချန်ပီယံ မက္ကဆီကို နဲ့ အာဂျင်တီးနားအသင်းတို့ အုပ်စုအဆင့်ကနေ ပြုတ်သွားပါတယ်။ ကွာတားဖိုင်နယ်မှာတော့ ဘရာဇီး နဲ့ ကိုလံဘီယာ၊ တောင်ကိုရီးယား နဲ့ ဟွန်ဒူးရပ်စ်၊ နိုင်ဂျီးရီးယား နဲ့ ဒိန်းမတ်၊ ဂျာမနီ နဲ့ ပေါ်တူဂီတို့ သြဂုတ်လ ၁၃ ရက်နေ့မှာ ကစားကြမှာဖြစ်ပါတယ်။ ဆိုတော့ ဘရာဇီးအသင်းအနေနဲ့ သူတို့ တခါမှ အနိုင်မရဖူးတဲ့ အိုလံပစ်ရွှေတံဆိပ်ကို အခုတကြိမ်အိမ်ရှင်အဖြစ်နဲ့ ရယူနိုင်ပါ့မလား၊ ရီယိုအိုလံပစ်ပြိုင်ပွဲရဲ့ အမျိုးသားဘောလုံးပွဲမှာ ဘယ်အသင်း ရွှေတံဆိပ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ကိုဇော်မျိုးသန့်သုံးသပ်တာကတော့

“လက်ရှိအနေအထားအရ ဘရာဇီးက ဗိုလ်လုပွဲအထိရောက်ဖို့အတွက်ကို လမ်းကြောင်းဖြောင့်နေတယ်ပေါ့ဆရာရယ်။ ဆိုတော့ ဗိုလ်လုပွဲရောက်ပြီဆိုရင်တော့ ပြောလို့မရဘူပေါ့။ သို့သော်လည်း ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း ဘရာဇီးက ဗိုလ်လုပွဲရောက်ခဲ့တာပဲလေ။ အဲဒီအချိန်တုန်းကလည်း ဘရာဇီးတော့ သမိုင်းကြောင်းတလျှောက် ပထမဆုံး ချန်ပီယံ ဖြစ်ပြီလို့ အားလုံးက သေချာပေါက်တွက်ခဲ့ကြတာပဲလေ။ သို့သော်လည်း မက္ကဆီကို ကိုရှုံးပြီးတော့ ဒုတိယပဲ ရတယ်ပေါ့ ။ ဆိုတော့ ဒီတကြိမ်မှာတော့ ပြီးခဲ့တဲ့တကြိမ်ထက်စာရင် ကိုလံပီယာကို နိုင်လိုက်ပြီဆိုတာနဲ့ ချန်ပီယံဖြစ်ဖို့က အခွင့်အလမ်းနည်းနည်းကောင်းတယ်လို့ပြောလို့ရတာပေါ့။ ဘရာဇီး ချန်ပီယံဖြစ်မဖြစ်အတွက်ကို ကိုလံဘီယာနဲ့ ပွဲကတော်တော်လေး အရေးပါလိမ့်မယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။

မေး။ ။ အဲဒီတော့ ကျန်တဲ့ အသင်းတွေထဲမှာရော ဘယ်အသင်းက အကောင်းဆုံးအနေအထားရှိသလဲ။

ဖြေ။ ။ ကျနော်သိရသလောက်ကတော့ ပေါ်တူဂီကောင်းတယ်၊ ဂျာမနီကောင်းတယ်ဗျာ။ ဒီဘက်အုပ်စုကတော့ ကျနော်ထင်တယ် ပေါ်တူဂီက ဂျာမနီကို မနိုင်လောက်ဘူး။ ဂျာမနီပဲဗိုလ်လုပွဲတက်ဖို့များတယ်။ ဆိုတော့ ဗိုလ်လုပွဲကို ဂျာမနီတက်မယ်လို့ ကျနော်သုံးသပ်တာပေါေ့နာ်။ ဂျာမနီကလည်း တကြိမ်မှ ချန်ပီယံမဖြစ်ဖူးဘူးဆိုတော့ ဒီနှစ်တော့ ကျနော်ထင်တယ် အိုလံပစ်ရွှေတံဆိပ်ဆုက ဘရာဇီး (သို့မဟုတ်) ဂျာမနီ (သို့မဟုတ်) ပေါ်တူဂီပေါ့ဗျာ။”

အမျိုးသမီးဘောလုံး ကွာတားဖိုင်နယ်ပွဲစဉ်တွေကိုတော့ - သြဂုတ်လ ၁၂ သောကြာနေ့မှာ ကစားကြမှာဖြစ်ပြီး၊ ဘရာဇီး နဲ့ သြစတြေးလျ၊ အမေရိကန် နဲ့ ဆွီဒင်၊ ဂျာမနီ နဲ့ တရုတ်၊ ကနေဒါနဲ့ ပြင်သစ်တို့ ကစားကြမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG