သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Rio အိုလံပစ်ပွဲတော် ဖွင့်ပွဲနေ့အတွက် ပြင်ဆင်


အိုလံပစ်ပွဲတော်ဖွင့်ပွဲအတွက် လုံခြုံရေး တင်းကျပ်။ ( သြဂုတ် ၄၊ ၂၀၁၆)
အိုလံပစ်ပွဲတော်ဖွင့်ပွဲအတွက် လုံခြုံရေး တင်းကျပ်။ ( သြဂုတ် ၄၊ ၂၀၁၆)

၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲကိုတော့ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့မှာ ဒီကနေ သြဂုတ်လ ၅ ရက်နေ့မှာ တရားဝင်စတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။ မာရာကာနာ အားကစားကွင်းကြီးမှာ ကျင်းပမယ် အိုလံပစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားမှာ ဘရာဇီးနိုင်ငံကို ကိုယ်စားပြုတဲ့ ဖန်တီးမှုတွေကို ပုံဖော်ပြသသွားမှာဖြစ်တယ်လို့ ပြိုင်ပွဲတာဝန်ရှိသူတွေက ပြောပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် အပါအဝင် နိုင်ငံတကာက ခေါင်းဆောင်တွေလည်းရီယိုမြို့ကိုရောက်ရှိနေပြီး မှာလည်း ဖွင့်ပွဲ အခမ်းအနားအတွက် လုံခြုံရေးတွေကို တင်းကြပ်ထားပါတယ်။ ရိုက်တာသတင်းဌာနရဲ့ သတင်းဆောင်းပါးကို အခြေခံပြီး ကိုရန်နိုင်က ပြောပြပေး မှာဖြစ်ပါတယ်။

၂၀၁၆ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကိုတော့ ရီယိုဒီဂျနေရိုးမြို့က နာမည်ကျော် မာရာကာနာဘောလုံးကွင်းကြီးမှာ ရီယိုဒေသစံတော်ချိန် သောကြာနေ့ည ၈ နာရီ ၊ မြန်မာစံတော်ချိန် စနေနေ့ မနက် ၅ နာရီခွဲမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

အိုလံပစ်မီးရှုးတိုင်ဟာလည်း ရီယိုမြို့ကို မနေ့ သြဂုတ်လ ၄ ရက်နေ့က ရောက် လာခဲ့ပြီး၊ ဖွင့်ပွဲ မကျင်းပခင် ရီယိုမြို့တဝိုက်ကို လှည့်လည် သယ်ဆောင်နေကြ ပါတယ်။ ဖွင့်ပွဲ ကျင်းပမယ့် မာရာကာနာကွင်းကြီးမှာလည်း မနေ့သြဂုတ်လ ၄ ရက်နေ့က မီးရှုးမီးပန်းတွေနဲ့ ဖွင့်ပွဲအကြို အစမ်းလေ့ကျင့်ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။

ရီယိုအိုလံပစ်ရဲ့ ဖွင့်ပွဲအခမ်းအနားမှာ ဘရာဇီးတွေရဲ့ ဖန်တီးမှုတွေကို ကမ္ဘာကြီးကို ပြသသွားမှာဖြစ်တယ်လို့ ဖွင့်ပွဲအခမ်းအနားကို အဓိက ကြီးကြပ်ဆောင်ရွက်သူ Marco Balich က ပြောပါတယ်။

"ဖွင့်ပွဲကို ပံ့ပိုးကူညီနေတဲ့ နိုင်ငံတကာအဖွဲ့ နဲ့ ဘရာဇီးတွေရဲ့ ဖန်တီးမှုကြားမှာ ဘာပြဿနာမှ မရှိပါဘူး။ ဒီဖွင့်ပွဲမှာတွေ့ရမှာတွေကတော့ အားလုံး ဘရာဇီးနဲ့ ပတ်သက်တာတွေပဲတွေ့ရမှာပါ။ ဘရာဇီးရဲ့ လှပတဲ့ ဖန်တီးမှုတွေက လူတွေရဲ့ နှလုံးသားကိုဖမ်းစားနိုင်မှာဖြစ်ပါတယ်။"

ဒီဖွင့်ပွဲအခမ်းအနားကိုတော့ ဘရာဇီးနိုင်ငံကို ကိုယ်စားပြုတဲ့ သစ်တောဥယျာဉ်တွေ၊ မတူကွဲပြားမှုတွေ နဲ့ ပျော်ရွှင်မှုတွေကို အဓိက အလေးပေးပြီး တင်ဆက်သွားမှာဖြစ်ပါတယ်။

အခုဆိုရင် အိုလံပစ်ပြိုင်ပွဲဝင်မယ့် နိုင်ငံတကာက အားကစားသမား ၁ သောင်းကျော် အပြင် ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ ပြင်သစ်သမ္မတ Francois Hollande အပါအဝင် နိုင်ငံတကာက ခေါင်းဆောင်တွေလည်း အခုအခါမှာ ရီယိုမြို့ကို ရောက်နေကြပြီး ၊ ရီယိုမြို့မှာလည်း လုံခြုံရေးတွေကို တင်းကျပ် ထားပါတယ်။

ပြိုင်ပွဲမတိုင်ခင်ကတော့ - ဆန္ဒပြပွဲတွေ ၊ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ အပါအဝင် အားကစားကွင်းတွေ နဲ့ တခြားအခြေခံအဆောက်အအုံတွေ အချိန်မီမပြီးစီးတာတွေကြောင့် စိုးရိမ်မှုတွေ အတော်လေးထွက်ပေါ်ခဲ့ပါတယ်။ အိုလံပစ်အားကစားသမားတွေ နေထိုင်မယ့် အားကစားရွာတွေမှာလည်း ရေ၊ လျှပ်စစ်မီး အပါအဝင် သန့်ရှင်းမှု မရှိတာကြောင့် ဘရာဇီးအာဏာပိုင်တွေ နဲ့ ပွဲစီစဉ်ကျင်းပသူတွေဟာ အတော်လေးဝေဖန်ခံခဲ့ရပေမယ့်လည်း အခုအခါမှာတော့ အခြေအနေတွေက အရင်ထက်တိုးတက်နေပြီလို့ပြောပါတယ်။

"အခြေအနေတွေက ကောင်းပါတယ်။ အားကစားကွင်းကြီးတွေ အဆောက်အအုံတွေကလှသလို၊ လူတွေကလည်း အရမ်းကိုဖော်ရွေပါတယ်။ ပြီးတော့ အစားအသောက်ကလည်း အဆင်ပြေပြီး လုပ်စရာတွေလည်း အများကြီးပါ။"

ရီယိုအိုလံပစ်ပြိုင်ပွဲကိုတော့ ကမ္ဘာ့နိုင်ငံ ၂၀၅ နိုင်ငံ အပါအဝင် အားကစားအဖွဲ့ ၂၀၇ ဖွဲ့က အားကစားနည်း ၃၉ မျိုးမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကတော့ သေနတ်ပစ်၊ မြားပစ်၊ ပြေးခုန်ပစ်၊ ရေကူး နဲ့ ဂျူဒို အားကစားနည်း ၅ မျိုးမှာ အားကစားသမား ၇ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ရီယို အိုလံပစ်ပြိုင်ပွဲဝင်မှာ မြန်မာအားကစားသမား ၇ ဦးကတော့ ကိုရဲထွန်းနောင်၊ ကိုစန်းနိုင်၊ ကိုရန်နိုင်စိုး၊ ကိုသင့်မြတ်၊ မအိအိသက်၊ မစန်းယုထွေး နဲ့ မဆွေလီမြင့်တို့ ဖြစ်ကြပါတယ်။

အိမ်ရှင် ဘရာဇီးနိုင်ငံကတော့ ပြိုင်ပွဲဝင်အားကစားသမား ၄၇၅ ယောက် ပါဝင်ယှဉ်ပြိုင်ပြီး၊ အားကစားသမားအများဆုံးကတော့ အမေရိကန်နိုင်ငံဖြစ်ပြီး စုစုပေါင်း ၅၅၂ ယောက် ပါဝင်မှာဖြစ်ပြီးတော့ ၊ ပစိဖိတ် သမုဒ္ဒရာတောင်ပိုင်းကျွန်းနိုင်ငံ Tuvalu ကတော့ မီတာ ၁၀၀ ပြေးခုန်ပစ် အားကစားသမား ၁ ဦး နဲ့ ပြိုင်ပွဲဝင်ကစားသမား အနည်းဆုံးနိုင်ငံဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG