သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ၆၀၀ ကျော် ထိုင်းအာဏာပိုင် ဖမ်းဆီး


ထိုင်းတောင်ပိုင်း ဖူးခက်မြို့တွင် ထိုင်းအာဏာပိုင်တွေရဲ့ ထိန်းသိမ်းခြင်းခံရတဲ့ ရိုဟင်ဂျာလှေစီးပြေးဒုက္ခသည်များ (ဇန်နဝါရီ ၁၊ ၂၀၁၃)
ထိုင်းတောင်ပိုင်း ဖူးခက်မြို့တွင် ထိုင်းအာဏာပိုင်တွေရဲ့ ထိန်းသိမ်းခြင်းခံရတဲ့ ရိုဟင်ဂျာလှေစီးပြေးဒုက္ခသည်များ (ဇန်နဝါရီ ၁၊ ၂၀၁၃)
ထိုင်းနိုင်ငံတောင်ပိုင်းမှာ လူမှောင်ခို ကူးသူတွေရဲ့ လက်ထဲကနေ ဖမ်းဆီးမိခဲ့တဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို ထိုင်းအာဏာပိုင်တွေက ပြန်ပို့လိုက်မှာကို စိုးရိမ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေ က ပြောပါတယ်။ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အနေနဲ့ ဒီလူတွေနဲ့ တွေ့ဆုံပြီး စစ်ဆေး မေးမြန်းမှုတွေ လုပ်ခွင့်မရသေးတဲ့ အချိန်အထိ သူတို့ကို မြန်မာနိုင်ငံကို ပြန်မပို့ဖို့ ထိုင်းအာဏာပိုင်တွေကို တောင်းဆိုနေတာ ဖြစ်ပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ မခင်ဖြူထွေးက အပြည့်စုံ ပြောပြပေးထားပါတယ်။

လူကုန်ကူးမှုတွေကို နှိမ်နှင်းတဲ့ ထိုင်းအာဏာပိုင်တွေရဲ့ စီးနင်းဝင်ရောက်မှုတွေ အတွင်း ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ်မှာ မြန်မာနိုင်ငံက ရိုဟင်ဂျာ ၇၀၀ နီးပါးကို လူမှောင်ခိုကူးသူတွေ လက်ထဲကနေ ထိုင်းအာဏာပိုင်တွေက ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပထမတကြိမ် ဝင်ရောက်စီးနင်းမှုမှာ ရိုဟင်ဂျာ ၃၀၀ ကျော်နဲ့ ကြာသပတေးနေ့က နောက် တကြိမ်စီးနင်းမှုအတွင်း နောက်ထပ် လူ ၄၀၀ နီးပါးကို ထိုင်းစစ်တပ်နဲ့ ရဲတွေက ရှာဖွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူတို့အထဲမှာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေလည်း ပါဝင်နေတာပါ။ ဒီ ရိုဟင်ဂျာတွေနဲ့ တွေ့ခွင့်ရဖို့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ထိုင်းအစိုးရကို တောင်းဆိုထားတယ်လို့ ထိုင်းနိုင်ငံ UNHCR ရုံး ပြောခွင့်ရသူ Vivian Tan က ဗွီအိုအေကို ပြောပါတယ်။

“အခု ဖမ်းထားတဲ့သူတွေ ဘယ်နေရာမှာလဲ၊ သူတို့ရဲ့ အခြေအနေ ဘယ်လိုရှိလဲ၊ ဒီလို အချက်အလက်တွေ ပိုသိရဖို့ သူတို့နဲ့ တွေ့ခွင့်ပေးဖို့ ထိုင်းအာဏာပိုင်တွေကို ကျမတို့ ချဉ်းကပ်ခဲ့ပါတယ်။ နိုင်ငံခြားရေးဌာနက ပြောတာကတော့ ဒီကိစ္စဖြစ်လာဖို့ အစိုးရ အေဂျင်စီတွေကြားထဲမှာ သူတို့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ ခုထိတော့ ကျမတို့ တွေ့ခွင့်မရသေးပါဘူး။”

အခု ထိုင်းအစိုးရလက်ထဲမှာ ထိန်းသိမ်းထားသူတွေနဲ့ တွေ့ခွင့်ရမှသာ သူတို့ကို ဘယ်လို အကူအညီပေးနိုင်မလဲ ဆိုတာကို နောက်တဆင့် ထိုင်းအစိုးရနဲ့ ညှိနှိုင်း ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့လည်း Vivian Tan က ပြောပါတယ်။

“UNHCR အနေနဲ့ ဒီလူတွေနဲ့ တွေ့ခွင့်ရပြီးတော့ သူတို့တွေ ဒီမှာ ခိုလုံခွင့် လိုချင်သလား၊ သူတို့ဟာ တကယ်ပဲ မြန်မာနိုင်ငံကလား၊ နိုင်ငံတကာက အကာအကွယ်ပေးဖို့ လိုအပ်တဲ့သူတွေလား ဆိုတာတွေကို ကျမတို့ သိခွင့်ရဖို့လိုပါတယ်။ ဒါတွေ သိပြီးတော့မှ သူတို့ကို ဒုက္ခသည်တွေ အဖြစ် အသိအမှတ်ပြု ကူညီဖို့ နောက်တဆင့် စစ်ဆေးမေးမြန်းတာပဲ ဖြစ်ဖြစ်၊ တခြား ဘယ်လိုနည်းလမ်းတွေနဲ့ သူတို့ကို ကူညီနိုင်မလဲ ဆိုတာတွေကို အာဏာပိုင်တွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။”

ထိုင်းနိုင်ငံကို ရောက်လာတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကို ပြန်ပို့မယ်ဆိုရင် လူမှောင်ခိုကူးခံရသူတွေရဲ့ ခေါင်းပုံဖြတ်ခံရမယ့် အခြေအနေနဲ့ သူတို့ရဲ့ လုံခြုံရေး အတွက် စိုးရိမ်ရတာကြောင့် သူတို့ကို မြန်မာနယ်စပ်ကို ပြန်မပို့ဖို့ ထိုင်းအခြေစိုက် လူ့အခွင့်အရေး အဖွဲ့တွေကလည်း တောင်းဆိုနေကြပါတယ်။

“ကျနော်တို့ရဲ့ စိုးရိမ်မှုကတော့ ထိုင်းအစိုးရအနေနဲ့ ဒီလူတွေကို ဖမ်းမိပြီးတဲ့နောက် ထိုင်း-မြန်မာနယ်စပ်ကို ပြန်ပို့မယ်ဆိုရင် သူတို့ကို တရားမဝင် ခိုးယူ ခေါ်ဆောင်လာတဲ့သူတွေ လက်ထဲ ပြန်ထည့်လိုက်သလို ဖြစ်မှာကိုပါ။ ဒါဆိုရင်တော့ အခြေအနေကို ပိုပြီး ဆိုးအောင် လုပ်သလိုပဲ ဖြစ်ပါလိမ့်မယ်။ မနေ့က ဖမ်းမိခဲ့တဲ့လူတွေထဲမှာဆိုရင် ကျနော်တို့ သိထားတာတော့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အများအပြား ပါနေပါတယ်။ သူတို့သာ လူမှောင်ခိုကူးတဲ့သူတွေ လက်ထဲ ပြန်ရောက်သွားမယ် ဆိုရင်တော့ ပိုပြီး ခေါင်းပုံဖြတ် နှိပ်စက်ခံရဖို့ပဲ ရှိပါတယ်။ ဒါကြောင့် ဒီလူတွေကို UNHCR က တွေ့ပြီး သူတို့ရဲ့ အခြေအနေတွေကို စစ်ဆေး လေ့လာတာတွေ လုပ်ပြီးတော့မှ ထိုင်းအစိုးရအနေနဲ့ သူတို့ကို ပြန်ပို့သင့် မသင့် ဆုံးဖြတ်ဖို့ ကျနော်တို့က တိုက်တွန်းပါတယ်။”

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch အဖွဲ့ရဲ့ ထိုင်းအခြေစိုက်ရုံးက Surin Phasuk ပြောသွားတာပါ။ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ဒေသမှာ နိုင်ငံမဲ့ ရိုဟင်ဂျာ ၈ သိန်းလောက်ရှိပြီး သူတို့ကို မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမဝင် ဝင်ရောက်လာတဲ့သူတွေ အဖြစ် သတ်မှတ်ထားသလို ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း နိုင်ငံသားအဖြစ် အသိအမှတ် မပြုပါဘူး။

ဒါကြောင့်လည်း ဘင်္ဂလား-မြန်မာနယ်စပ်ကနေ ရိုဟင်ဂျာတွေ တတိယနိုင်ငံတွေမှာ ခိုလုံနေထိုင်ခွင့် ရဖို့အတွက် ခုလို လူမှောင်ခို ကူးသူတွေကနေတဆင့် ထွက်ပြေးဖို့ ကြိုးစားကြတာတွေ၊ ပင်လယ်ဖြတ်ပြီး လှေစီးထွက်ပြေးကြတဲ့ ဖြစ်ရပ်တွေဟာလည်း မကြာခဏ ဆိုသလို ကြားနေရတာ ဖြစ်ပါတယ်။
XS
SM
MD
LG