သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားတောမီး သေဆုံးသူ ၂ ဆတိုးလာ


ရုရှားနိုင်ငံ မော်စကိုမြို့မှာ တောမီးလောင်ရာက မီးခိုးတွေ ထူထပ်ပြီး စံချိန်ချိုးလောက်အောင် အပူချိန် မြင့်မားခဲ့တာကြောင့် နေ့စဉ် သေဆုံးသူနှုန်းဟာ ၂ ဆနီးပါး ရှိလာပြီလို့ ရုရှား ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

သာမန်အချိန်မှာ နေ့စဉ် လူ ၃၆၀ ကနေ ၃၈၀ တဝိုက်လောက် သေဆုံးနေရာက အခုအခါ မြို့တော်မှာ ၇၀၀ နီးပါးအထိ သေဆုံးမှုနှုန်း တိုးလာတဲ့အကြောင်း မော်စကိုမြို့က ကျန်းမာရေးဌာန အကြီးအကဲ အန်ဒရေ ဆဲ့လ်တ်ဆောဗ်စကီး (Andrei Seltsovsky) က ဒီကနေ့ပဲ ပြောဆိုလိုက်တာပါ။

တချိန်တည်းမှာပဲ မြို့ကနေ ထွက်ခွာနေတဲ့ မော်စကိုမြို့သား အရေအတွက်ဟာလည်း မကြုံဘူးလောက်အောင် များပြားလာနေပါတယ်။ မနေ့တုန်းကပဲ မော်စကိုမြို့က အဓိက လေဆိပ်ကြီး ၃ ခုကနေ ခရီးသည်ပေါင်း ၁၄၀,၀၀၀ ကျော် ထွက်ခွာခဲ့တယ်လို့ လေကြောင်း တာဝန်ရှိသူတွေက ပြောဆိုခဲ့တာပါ။

ရုရှား ခရီးသွားတွေနဲ့ ရေပန်းစားလေ့ရှိတဲ့ အီဂျစ်နဲ့ တူရကီလို နိုင်ငံတွေက အားလပ်ရက် အနားယူရာ ခရီးစဉ်တွေအတွက် လက်မှတ်တွေဟာလည်း အကုန် ကုန်တဲ့အထိ ရောင်းမလောက် ဖြစ်ခဲ့ရတယ်လို့ ခရီးသွား လုပ်ငန်းတွေက ပြောပါတယ်။

ရုရှားနိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး ကြုံခဲ့ရတဲ့ တောမီးလောင်ကျွမ်းမှုကို မီးသတ်သမားတွေ ငြိမ်းသတ်နေရာမှာတော့ တိုးတက်မှုတွေ ရနေတယ်လို့ ဆိုပေမဲ့ မော်စကို တမြို့လုံး မွန်းကျပ်နေခဲ့တဲ့ မီးခိုးတွေကနေ သက်သာရာ ရစေဖို့ အတွက်ကတော့ ကြိုးပမ်းနေရဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG