သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားမှာ ရုရှားစစ်ရဟတ်ယာဉ် ပျက်ကျ


ဆီးရီးယားမှာ ရုရှားစစ်ရဟတ်ယာဉ် ပျက်ကျ
ဆီးရီးယားမှာ ရုရှားစစ်ရဟတ်ယာဉ် ပျက်ကျ

ဆီးရီးယား နိုင်ငံ အနောက်မြောက်ပိုင်းမှာ ဒီကနေ့ တနလာၤနေ့မှာ ရုရှား ရဟတ်ယာဉ်တစင်း ပစ်ချခံရပြီး စီးနင်းလိုက်ပါသူ ၅ ဦးလုံး သေဆုံးခဲ့ပါတယ်။ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ပစ်ချခံရတာလို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

အလက်ပိုမြို့ကို လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အထောက်အပံ့တွေ ပို့ဆောင်ပေးပြီး အပြန်မှာ ပစ်ချခံရတာ ဖြစ်ပြီး သေဆုံးသူတွေထဲမှာတော့ အရာရှိ ၂ ဦးနဲ့ ရဟတ်ယာဉ် ဝန်ထမ်း ၃ ဦးတို့ ပါဝင်တယ်လို့လည်း ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကစလို့ ဆီးရီးယား သမ္မတ ဘာရှားလ်အယ်လ်အာဆဒ် အစိုးရကို အထောက်အပံ့ပေးတဲ့ အနေနဲ့ ရုရှား တပ်ဖွဲ့တွေက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။

သမ္မတ အာဆဒ် အစိုးရ တပ်ဖွဲ့တွေနဲ့ သူ့ကို ရာထူးက ဖယ်ရှားလိုတဲ့ သူပုန်တွေကြား တိုက်ပွဲတွေက ၂၀၁၁ ခုနှစ် မတ်လကတည်းက စခဲ့တာပါ။ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုမှုတွေကနေ ပြည်တွင်းစစ် အထိ ဖြစ်ခဲ့ရတဲ့ ဆီးရီးယား ပြည်တွင်းစစ်မှာ သူပုန်အဖွဲ့တွေ အတော်များများ ပါဝင်တိုက်ခိုက်နေသလို နယ်မြေတွေ ရရှိရေး တိုက်ခိုက်နေတဲ့ အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့လည်း ပါဝင်ပါတယ်။

ကုလသမဂ္ဂရဲ့ အစီအစဉ်နဲ့ ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့မှာ သြဂုတ်လကုန်ပိုင်း ကျင်းပမယ့် အတိုက်အခံတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကြိုတင်သတ်မှတ်ချက်တွေ၊ ပြည်ပက စွက်ဖက်မှုတွေ မပါဘဲ ဆွေးနွေးဖို့ အဆင်သင့်ရှိတဲ့ အကြောင်း ဆီးရီးယား အစိုးရက မနေ့ တနင်္ဂနွေနေ့က ပြောပါတယ်။

ဆီးရီးယား နိုင်ငံတွင်း အကြမ်းဖက်မှုတွေ ဆက်ပြီး ဖြစ်နေတာနဲ့ သမ္မတ အာဆဒ် ရာထူးက ဆင်းရေး မဆင်းရေး ကိစ္စ မဖြေရှင်းနိုင်တာတွေကြောင့် ကုလသမဂ္ဂက စီစဉ်တဲ့ အရင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတော်များများက အထမမြောက်ခဲ့ပါဘူး။

ဘယ်လို ငြိမ်းချမ်းရေး သဘောတူညီချက်မှာ မဆို ဆီးရီးယား သမ္မတ ဘာရှားလ်အယ်လ်အာဆဒ် ဆင်းပေးရေး ပါဝင်ရမယ်လို့ အမေရိကန် ပြည်ထောင်စုနဲ့ အနောက်အင်အားကြီး နိုင်ငံတို့ဘက်က အခိုင်အမာ ပြောဆိုနေတာဖြစ်ပြီး သမ္မတ အာဆဒ်ရဲ့ အရေးအပါဆုံး ရုရှား အပါအဝင် မဟာမိတ်တွေကတော့ ဒီကိစ္စကို လက်မခံဘဲ ပယ်ချထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG