သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားသူလျှို ၃ ဦး ရုံးထုတ်


အမေရိကန် ပြည်ထောင်စုမှာ ၁၀ နှစ်ကျော် နေထိုင်ပြီး ရုရှားအစိုးရအတွက် သတင်းအချက်အလက်တွေ စုဆောင်းပေးနေတယ်လို့ စွပ်စွဲခံရပြီး အဖမ်းခံထားရတဲ့ မသင်္ကာဖွယ် ရုရှားသူလျှိုအဖွဲ့ထဲက ၃ ဦးကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ အမေရိကန်ပြည်ထောင်စု တရားရုံးမှာ ရုံးထုတ်မှာ ဖြစ်ပါတယ်။

မစ်ခေးလ် ကုဇစ်ခ် (Mikhail Kutzik)၊ နာတာလီယာ ပီရီဗာဇီဗာ (Natalia Pereverzeva) နဲ့ မစ်ခေးလ် ဆီမန်ကို (Mikhail Semenko) လို့ အာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုတဲ့ သူ ၃ ဦးနဲ့ ပတ်သက်ပြီး အပြစ်ရှိကြောင်း သက်သေ အထောက်အထားတွေကို အစိုးရ ရှေ့နေတွေက ဒီကနေ့ တင်ပြပါလိမ့်မယ်။

သူတို့ ၃ ဦးဟာ ဝါရှင်တန်မြို့တော် အပြင်ဘက်လေးမှာတင် နေထိုင်ကြတာဖြစ်ပြီး မစ္စတာ ကုဇစ်ခ်နဲ့ မစ်စ် ပီရီဗာဇီဗာတို့ဟာ နာမည်တုနဲ့ နေထိုင်နေကြတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။

နိုင်ငံခြားအစိုးရ တခုရဲ့ သူလျှိုအဖြစ် မှတ်ပုံမတင်ဘဲ ပူးပေါင်းကြံစည်မှုတွေနဲ့ နယူးယောက်ခ်၊ ဘော်စ်တွန်နဲ့ ဝါရှင်တန်မြို့တော် ဆင်ခြေဖုံးတွေမှာ အခု ၃ ယောက် အပါအဝင် လူ ၁၀ ဦး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သူတို့ထဲက ၆ ဦးကို ရုံးထုတ်ပြီးဖြစ်ပြီး တယောက်ကို အာမခံနဲ့ ပြန်လွှတ်ပေးထားပါတယ်။

ဒီသူလျှိုမှုထက် ပိုပြင်းထန်တဲ့ အမှုနဲ့တော့ တယောက်ကိုမှ စွဲချက်မတင်ထားပါဘူး။

ရုရှားနိုင်ငံမှာ သူလျှိုမှုနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ အဏုမြူ သုတေသီတဦးကို အခု အဖမ်းခံရတဲ့ လူတွေနဲ့ လဲလှယ်ယူနိုင်ကိန်း ရှိတယ်လို့ ရုရှားက အာဏာပိုင်တွေက ပြောကြောင်း သူ့ရဲ့ ဆွေမျိုးတွေက ဆိုပါတယ်။

XS
SM
MD
LG