သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေဝါရောင်တော်လှန်ရေး ၉ နှစ်ပြည့် အထိမ်းအမှတ် ငြိမ်းချမ်းရေး ဆုတောင်းပွဲလုပ်


ရွှေဝါရောင်တော်လှန်ရေး ၉ နှစ်ပြည့် အထိမ်းအမှတ် ငြိမ်းချမ်းရေး ဆုတောင်းပွဲလုပ်
ရွှေဝါရောင်တော်လှန်ရေး ၉ နှစ်ပြည့် အထိမ်းအမှတ် ငြိမ်းချမ်းရေး ဆုတောင်းပွဲလုပ်

ဒီကနေ့ဟာ ရွှေဝါရောင်တော်လှန်ရေးလို့ သိနေကြပြီဖြစ်တဲ့ ဗုဒ္ဓဘာသာသံဃာတော်တွေ မေတ္တာပို့ စီတန်း လမ်းလျှောက်ကြွချီကြတဲ့ လှုပ်ရှားမှု ၉ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ဒီနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန် တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ဓမ္မပီယကျောင်းတိုက်မှာ သံဃာတော်အများစုပါဝင်တဲ့ အခမ်းအနားတခု ပြုလုပ်ပါတယ်။ ဒီ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်လုပ်တဲ့ ရည်ရွယ်ချက်နဲ့ လွန်ခဲ့တဲ့ကိုးနှစ် ၂၀၀၇ ခုနှစ်က နိုင်ငံအခြေအနေတွေနဲ့ ဒီကနေ့ အခြေအနေတွေအပေါ် သံဃာတော်တွေရဲ့အမြင်ကိုသိရအောင် ရွှေဝါရောင်လှုပ်ရှားမှု ဦးဆောင်သံဃာတော်တပါးဖြစ်တဲ့ ဆရာ တော် ဦးပဏ္ဍဝံသကို ကိုကျော်ကျော်သိန်းက ဆက်သွယ် မေးမြန်းတဲ့အခါ ဆရာတော်က အခုလို စမိန့်ပါတယ်။

“လက်ရှိလိုအပ်နေတဲ့ ငြိမ်းချိမ်းရေး အမြန်ဆုံးရရှိဖို့၊ နောက်စစ်ပွဲတွေ ဖြစ်နေတာရပ်ဆိုင်းဖို့ ပြည်တွင်းစစ်ပွဲတွေပေါ့။ နောက်ပြီးတော့ လက်ကျန်နိုင်ငံရေးအကျဉ်းသားတွေမရှိဖို့၊ လွှတ်ပေးဖို့၊ နောက် ကလေးသူငယ်တွေ မိုးလုံလေလုံ အန္တရာယ်ကင်းစွာနဲ့ ပညာသင်ကြားရေး အဲဒီ ရည်ရွယ်ချက်တွေနဲ့ လုပ်တယ်။"

မေး။ ။ တင်ပါ့ဘုရား။ အရှင်ဘုရားတို့ လွန်ခဲ့တဲ့ ၉ နှစ်က ရွှေဝါရောင်လှုပ်ရှားမှုမှာ သံဃာတော်တွေ မေတ္တာပို့ ကြွချီခဲ့ကြတယ်။ အဲဒီအချိန်တုန်းက အရှင်ဘုရားတို့ စိတ်ဆန္ဒထဲမှာ မျှော်မှန်းခဲ့တဲ့ ရှိခဲ့တဲ့အခြေအနေတွေ ဒီနေ့ခေတ် ဒီနေ့အချိန်မှာ အရှင်ဘုရား ဒီနေ့ကြည့်တဲ့အခါမှာ အတော်များများပြည့်နေပြီလို့ အရှင်ဘုရား အဲဒီလိုမြင်ပါသလားဘုရား။

ဖြေ။ ။ "(၁၉) ၉၀ တုန်းကတကြိမ် ပတ္တနိက္ကုဇ္ဖန ကံဆောင်ပြီးတော့ တောင်းဆိုခဲ့တာတွေရှိတယ်၊ ၂၀၀၇ ရွှေဝါရောင်မှာ လည်း တောင်းဆိုခဲ့တာတွေရှိတယ်။ အဲဒီလိုတောင်းဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ ဒီရည်ရွယ်ချက်တွေ ဦးတည်ချက်တွေ အပြည့်အ၀ ရရှိတာကတော့ မရသေးဘူး။ သို့သော်လည်း တချို့ တစိတ်တဒေသ ပြောင်းလဲမှုအနေနဲ့ အပြည့်အ၀ ရရှိတာကိုတွေ့ရတယ်ပေါ့။ ဒါပေမယ့်လည်း ဘယ်အစိုးရပဲ တက်တက်ပေါ့ ဆင်းရဲသားတွေနဲ့ ပတ်သက်ပြီးတော့ အထူးစီမံကိန်းကြီးတခု ရေးဆွဲပြီးတော့ မလုပ်နိုင်ဘူး ဆိုရင် မြန်မာနိုင်ငံကတော့ ရှေ့ဆက်ပြီးတော့ တိုးတက်မှုတွေက နှေးကွေးနေဦးမှာပဲဆိုတာတော့ တွေ့ရတယ်ပေါ့။"

မေး။ ။ တင်ပါ့ဘုရား။ ဒီကနေ့အစိုးရအဖွဲ့အပြောင်းလဲဖြစ်ပြီးတော့ တိုင်းပြည်ကို အစိုးရသစ်အုပ်ချုပ်နေတဲ့ ကာလမျိုးမှာ အရှင်ဘုရားတို့ သံဃာတော်တွေတွေအနေနဲ့ လွန်ခဲ့တဲ့ ၉ နှစ်ကထက်စာရင် အရှင်ဘုရားတို့အနေနဲ့ တိုင်းပြည်အပေါ်မှာ ကိုယ့်ရဲ့ ဒကာ တွေ ရဲ့အနာဂတ်အပေါ်မှာ အခုအချိန်ဟာ ပိုပြီးတော့ အကောင်းမြင်မျှော်လင့်ချက်တွေအရှင်ဘုရားတို့မှာရှိနေပြီလို့ ပြောနိုင်ပါသလားဘုရား။

ဖြေ။ ။ "အဲဒီလိုပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် ကမ္ဘာပေါ်မှာရှိနေတဲ့ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံကြီးတွေကနေလာရောက်ပြီးတော့ ဒီမှာ အစိုးရအတွင်း ဆက်ဆံရေးတိုးတက်လာတာတွေ၊ အပြင်ကနေပြီးတော့ NGO တွေကနေပြီးတော့ ဝိုင်းဝန်းပြီး Support လုပ်လို့ ပြည်တွင်းမှာ မမြင်ဖူးတဲ့ Education နဲ့ ပတ်သက်တဲ့ သင်တန်းတွေ၊ စာမေးပွဲတွေ၊ ဒီမှာရှိနေတဲ့ လူငယ်တွေအလိုက် online ကနေပြီးတော့ စာမေးပွဲဖြေဆိုခွင့် အစရှိတဲ့ ကောင်းတဲ့ လက္ခဏာတွေ ကောင်းတဲ့လမ်းစဉ်တွေနဲ့ ကောင်းတဲ့ လမ်းကြောင်းလေးတွေပေါ်နေတာကို တွေ့ရတာပေါ့နော်။ လွန်ခဲ့တဲ့ ၉ နှစ်တုန်းကတော့ အဲဒီလိုအခွင့်အရေးတွေဟာ မတွေ့ခဲ့ရဘူး။ အခုကျတော့ သင်တန်းတော်တော်များများလည်း ဒီနိုင်ငံကို လာပြီးပို့ချတာတွေရှိ တယ်။ အဲဒီသင်တန်းတွေမှာက ဝမ်းသာစရာတွေက အခမဲ့သင်တန်းတွေ ပါလာတာတွေ့ရတော့ ဒါ ဘုန်းကြီးတို့ ရွှေဝါရောင်သံဃာတော်တွေ ကတော့ တိုင်းပြည်အတွက် တကယ့်ကိုပဲ အနစ်သာရရှိတဲ့ အကျိုးကျေးဇူးတွေကို ခံစားနေရတယ်လို့ အဲလိုမြင်ပါတယ်။”

ရွှေဝါရောင်တော်လှန်ရေး ၉ နှစ်မြောက် နှစ်ပတ်လည်နေ့နဲ့ပတ်သက်ပြီး ဦးပဏ္ဍဝံသကို ဆက်သွယ်မေးမြန်းခဲ့တာ ပါ။ ဒီကနေ့ အခမ်းအနားကို နေ့လည် ၁၂ နာရီကနေ ၁ နာရီအထိ ဓမ္မပီယကျောင်းတိုက်မှာ ကျင်းပပြီးတဲ့နောက် အခမ်းအနား တက်ရောက်တဲ့ သံဃာတော်တွေနဲ့ လူပရိသတ်တွေစုပေါင်းပြီး ရွှေတိဂုံဘုရားပေါ်မှာ ငြိမ်းချမ်းရေး ဆုတောင်းပွဲတခုကိုလည်း လုပ်ခဲ့ကြပါတယ်။ ဒီကနေ့အခမ်းအနားကို ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်သံဃာတော်တွေ၊ ၁၉၉၀ ပြည့်နှစ် ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲမှာ ပါဝင်ခဲ့တဲ့ သံဃာတော်တွေ တက်ရောက်ကြပါတယ်။

ရွှေဝါရောင်လှုပ်ရှားမှုကို အဲဒီအချိန် စစ်အစိုးရက အကြမ်းဖက်နှိမ်နင်းခဲ့တာပါ။ အဲဒီဖြစ်ရပ်အတွင်။ သံဃာတော်အများအပြား ထိခိုက် ဒဏ်ရာရခဲ့ကြသလို အကျဉ်းချခံခဲ့ကြရသူတွေလည်း ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG