သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှု ဖယ်ရှားရေး ကန်သံအမတ်ကြီး ရှင်းလင်း


 မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel (U.S. Embassy Rangoon)
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel (U.S. Embassy Rangoon)

အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှု အများစုကို ဖယ်ရှားဖို့ မကြာသေးခင်တုန်းကပဲ ကြေညာ လိုက်တဲ့အပေါ် မေးခွန်းထုတ်နေ တာတွေကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ကာကွယ်ပြောဆိုလိုက်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ဝါရှင်တန် ခရီးစဉ်မှာ အတူရှိနေခဲ့တဲ့ အမေရိကန် သံအမတ်ကြီး Scot Marciel က ခရီးစဉ်နဲ့ပတ်သက်လို့ ဒီကနေ့ ရန်ကုန်မြို့ အမေရိကန်သံရုံးမှာ သတင်း စာရှင်းလင်းပွဲတရပ် ကျင်းပချိန်မှာ ပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုအောင်လွင်ဦးက ပြောပြပေး မှာ ဖြစ်ပါတယ်။

မြန်မာအစိုးရရဲ့ ထိပ်တန်းခေါင်းဆောင်တဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားတို့ အိမ်ဖြူတော်မှာ တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဖယ်ရှားဖို့ ကြေညာခဲ့တာဟာ အချိန်မတန်သေးတဲ့ လုပ်ရပ်အဖြစ် ဝေဖန်မေးခွန်း ထုတ်နေတာတွေကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ကာကွယ်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒီမိုကရေစီ အပြောင်းအလဲတွေ တွေ့မြင်နေရတဲ့ မြန်မာနိုင်ငံမှာ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဆက်ထားခြင်းအားဖြင့် အကောင်းထက်၊ အဆိုးက ပိုများနိုင်တာကြောင့် ပြန်လည် ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်ရတာ ဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဖယ်ရှားတာဟာ နစ်နာဆုံးရှုံးမှုတွေ ရှိတယ်လို့ စောဒကတက် ငြင်းခုန်မယ်ဆို၊ ငြင်းခုန်လို့ရနိုင်ပါတယ်။ တချို့ကိစ္စတွေမှာ ဖိအားပေးနိုင်တဲ့ အခြေအနေတွေ ဆုံးရှုံးနိုင်တယ်လို့ လူတချို့က စိုးရိမ်ကောင်း စိုးရိမ်နိုင်ပါတယ်။ ဒါပေမဲ့ တဘက်မှာလည်း ဒဏ်ခတ်မှုတွေ ဆက်ထားခြင်း အားဖြင့် မြန်မာနိုင်ငံအတွက် ဆုံးရှုံးမှုတွေ ရှိတယ်လို့လည်း ကျနော်တို့က မြင်ပါတယ်။ ပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ ရင်းနှီးမြှုပ်နှံမှုတွေကို အားမပေးတဲ့ အတွက်ကြောင့်ပါ။ ဒါကလည်း အမေရိကန် အတွက်တင် မကပါဘူး နိုင်ငံတကာ ကုမ္ပဏီတွေလည်း ထိခိုက်ပါတယ်။ ဒီလိုပဲ ဘဏ္ဍာရေး နဲ့ ငွေကြေးလွဲှပြောင်းမှုတွေကိုလည်း အားမပေးပါဘူး။ ဒါကြောင့်လည်း ဒီမိုကရေစီအပြောင်းအလဲတွေကို ဘယ်လိုအားပေးမလဲလို့ ကျနော်တို့ ကြည့်တဲ့နေရာမှာ ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းတဲ့အခါ ကြုံရတဲ့ ဆုံးရှုံးမှုတွေနဲ့ ဆက်ထားရင် ကြုံရမယ့် ဆုံးရှုံးမှုတွေကို ချိန်ထိုးကြည့်ရပါတယ်။ ဒီနေရာမှာ ဒဏ်ခတ်မှုတွေကို ဆက်ထားလို့ ဆုံးရှုံးရတွေဟာ ဖယ်ရှားတာထက် ပိုကြီးမားတယ်လို့ ကျနော်တို့ အနေနဲ့ အလေးအနက် ခံစားမိပါတယ်။”

ဒဏ်ခတ်မှုတွေ ဖယ်ရှားရာမှာ အရင်က အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပစ်မှတ်ထား ဒဏ်ခတ်ထားတဲ့ လူပုဂ္ဂိုလ်နဲ့ လုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေ တော်တော် များများကို နာမည်ပျက်စာရင်းကနေ ပြန်လည် ပယ်ဖျက်ပေးမှာ ဖြစ်တဲ့အတွက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို တချိန်က အားမပေးတဲ့သူတွေလည်း အခွင့်အရေးတချို့ ရကောင်းရသွားနိုင်တယ်လို့လည်း သံအမတ်ကြီးက လက်ခံပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ စစ်အစိုးရတွေ အဆက်ဆက် လက်ထက်က နိုင်ငံရေး၊ လူ့အခွင့်အရေး လွတ်လပ်မှုတွေ မရှိဘူးဆိုပြီး အမေရိကန် အစိုးရက ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ထားခဲ့ပေမဲ့၊ အခုအခါ အရပ်သားစစ်စစ် အစိုးရလက်ထက်မှာ အရင်လို ဆက်လက် အရေးယူနေဖို့ မသင့်တော့ဘူးလို့ အမေရိကန်အနေနဲ့ ယုံကြည်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝါရှင်တန်ခရီးစဉ်ဟာ ၂ နိုင်ငံ ဆက်ဆံရေးအတွက် အောင်မြင်မှု မှတ်တိုင်တခုအဖြစ်နဲ့လည်း သံအမတ်ကြီးက ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း တရုတ်ကွန်မြူနစ်အာဘော် Global Times သတင်းစာမှာ ဒီကနေ့ ဖော်ပြခဲ့တဲ့ သဘောထားအမြင်ဆောင်းပါးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ အမေရိကန်ရဲ့ ဒဏ်ခတ်မှုတွေ အားလုံးကို ဖယ်ရှားပြီး၊ ရွှေအိုးထမ်း ပြန်မလာနိုင်တဲ့ ခရီးစဉ်ဖြစ်တယ်လို့ ရေးသားထားပါတယ်။ ခရီးစဉ်ဟာ အမေရိကန်၊ မြန်မာဆက်ဆံရေးမှာ အဆင့်တဆင့်ကို တက်လှမ်းလာတာ တွေ့ရပေမဲ့၊ မရေရာ မသေချာတဲ့ အခြေအနေတွေ ရှိနေဆဲ ဖြစ်တယ်လို့လည်း ဖော်ပြထားတာပါ။ သံမတ်ကြီး Marciel ကတော့ အခုခရီးစဉ်ကနေ အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“ဒီခရီးစဉ်ဟာ ၂ နိုင်ငံကြား၊ မိတ်ဘက်ဆက်ဆံရေးတွေကို ဆက်ထိန်းထားဖို့နဲ့ တည်ဆောက်သွားဖို့ပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ကြေညာခဲ့တာတွေဟာလည်း ဒီတိုင်းပြည်မှာ စီးပွားရေး အခွင့်အလန်းတွေ ပေါ်ပေါက်လာအောင် ထူးထူးခြားခြား ပံ့ပိုးပေးနိုင်လိမ့်မယ်လို့ ယူဆပါတယ်။ ဒါကြောင့်လည်း ကြီးမားတဲ့ ခြေလှမ်းတရပ်လို့ ထင်ပါတယ်။ ရွှေအိုးထမ်းတဲ့ အခြေအနေမျိုး ဖြစ်လာဖို့ အတွက်ကတော့ နောက်ထပ်လုပ်ဆောင်ရမယ့်ကိစ္စတွေလည်း အများအပြား ရှိနေတုန်းပဲ ဖြစ်ပါတယ်။”

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ အိုဘားမားတို့ရဲ့ အိမ်ဖြူတော်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တွေ့ဆုံမှု အပြီး ကြေညာခဲ့တဲ့ မြန်မာနိုင်ငံက အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေအတွက် ဒေါ်လာ ၁၀ သန်း အာမခံ ကူညီမယ့် အစီအစဉ်ကိုလည်း ဒီကနေ့ ရန်ကုန်မြို့ အမေရိကန်သံရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်းမှာပဲ စတင်မိတ်ဆက်ပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG