သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်ခြိမ်းခြောက်မှုကြောင့် ရှမ်းပြည်နယ်တွင်း လုံခြုံရေးတိုးမြှင့်


ရှမ်းပြည်နယ် လားရှိုးမြို့အတွင်း ရဲနဲ့စစ်တပ်လုံခြုံရေး တိုးမြှင့်ချထားစဉ်က။ (မေ ၂၉၊ ၂၀၁၃)
ရှမ်းပြည်နယ် လားရှိုးမြို့အတွင်း ရဲနဲ့စစ်တပ်လုံခြုံရေး တိုးမြှင့်ချထားစဉ်က။ (မေ ၂၉၊ ၂၀၁၃)

လက်နက်ကိုင်အဖွဲ့တခုက ပြည်ထောင်စုလမ်းမပေါ်က မြို့ကြီး တစ်မြို့ကို ဗုံးခွဲတိုက်ခိုက်မယ် ဆိုတဲ့ သတင်းကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ် ၁၉မြို့နယ်မှာ လုံခြုံရေး တိုးမြှင့်ထားတယ်လို့ လားရှိုးမြို့က ပြည်နယ်ရဲတပ်ဖွဲ့က အကြီးတန်းအရာရှိတဦးက ပြောပါတယ်။ အဓိကအားဖြင့် ကားဂိတ်၊ ဘူတာ၊ဈေးနဲ့ ဆေးရုံစတဲ့ လူစည်ကားရာနေရာတွေကို ဦးစားပေးဆောင်ရွက်နေကြောင်း ပြောဆိုပေမဲ့ မြို့ကြီး အတော်များများ က ဒေသခံတချို့ကတော့ ထူးခြားတဲ့အခြေအနေတွေ မတွေ့ရကြောင်း ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရသစ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအရှိန်မြှင့်ဆောင်ရွက်နေချိန်၊ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်းအကြား ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မှာ ဒီရက်ပိုင်းမှာ ဗုံးခွဲတိုက်ခိုက်မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာနေတာဖြစ်ပါတယ်။

ဒီသတင်းကြောင့် လတ်တလော ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေး တင်းကျပ် ထားတဲ့ အခြေအနေကို လားရှိုးမြို့က ပြည်နယ်ရဲတပ်ဖွဲ့က အကြီးတန်းအရာရှိ တဦးက အခုလို ပြောပါတယ်။

" ပြည်ထောင်စုလမ်းမကြီးပေါ်က မြို့ကြီးတမြို့မြို့ ကို သောင်းကျန်းသူ အဖွဲ့အစည်း တခုခုက လက်နက်ကိုင်အဖွဲ့အစည်းတခုက လုပ်မယ်ဆိုတဲ့ အတည်ပြုဆဲ သတင်းတရပ်အရ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်လိုတဲ့ သဘောနဲ့ ဒါ လုံခြုံရေးတိုးမြှင့်တာပါ။ ခရိုင်အားဖြင့် ခြောက်ခရိုင်၊ မြို့နယ်အားဖြင့် ၁၉မြို့နယ်ပေါ့နော် လုံခြုံရေးတိုးမြှင့်တာပါ။"

လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေကို အခုလို ဆက်ပြောပါတယ်။

" ရဲတပ်ဖွဲ့ရဲ့လုပ်ငန်းစဉ်တွေ ရှိပါတယ်။ အဲ့တာက ဘာလဲဆိုတော့ မြို့အဝင်အထွက်တွေမှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်ပါတယ်။ နောက် နေ့ရော ညရော မော်တော်ယာဉ်လှည့်ကင်းတွေနဲ့ လုပ်ပါတယ်။ ဆိုင်ကယ် လှည့်ကင်းတွေ လုပ်ပါတယ်။ တည်းခိုခန်းတွေ ၊ ပျံကျတွေ နေတဲ့ ရပ်ကွက်တွေမှာ ကျနော်တို့က လူအဝင်အထွက်တွေကို စောင့်ကြည့်ပါတယ်။ အဲ့ဒီ့တော့ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေမှာ လှည့်လည်သွားလာပြီးတော့မှ သတင်းရရှိအောင်အတွက် စုံစမ်းပါတယ်။ ကျနော်တို့က မြို့အားလုံးမှာ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်နေတယ် အထူးသဖြင့် လူစည်ကားတဲ့ ဈေး မြို့မဈေးကြီးတို့ အဝေးပြေးကားဝင်းတွေ၊ ဘူတာရုံတွေ၊ ဆေးရုံလိုဟာမျိုးတွေ လူစည်ကားတဲ့နေရာတွေ။"

ပြည်နယ်ရဲတပ်ဖွဲ့အနေနဲ့ မိုင်းအသိ မိုင်းသတိရှိဖို့ကို ပညာပေး လုပ်ငန်းဆောင်ရွက်နေ သလို ပြည်သူလူထုက ပူးပေါင်းဆောင်ရွက် လာအောင် လည်း ဆောင်ရွက်နေကြောင်း ပြောပါတယ်။

လားရှိုးမြို့ခံတဦးကတော့ ဗုံးခွဲတိုက်ခိုက်မယ့်သတင်းမကြားသိရသေးသလို သူတို့မြို့မှာ ထူးခြားတဲ့ အခြေအနေတွေလည်း မတွေ့ရဘူးလို့ ပြောပါတယ်။

" ကျနော်တို့တော့ ဒီကနေ့အထိ အဲ့တာကို မကြားမိသေးဘူးခင်ဗျ။ အဲ့ဒီ့ဟာကို။ ကျနော်တို့လည်း သွားလာနေတာပဲ။ တင်းကျပ်တဲ့အနေအထားလည်း ဘာမှတော့ ထူးထူးခြားခြားတော့ မတွေ့မိပါဘူးခင်ဗျ။ ဒီအတိုင်းသွားလာ လုပ်ကိုင်နေကြတာပါပဲ။ ကျနော်တို့ အပြင်မှာတော့ သွားလာလှုပ်ရှားနေတာ ပုံမှန်ပါပဲခင်ဗျ။ "

ကျောက်မဲမြို့က လုံခြုံရေးဆိုင်ရာ ဝန်ထမ်းတဦးကလည်း အခုလို ပြောပါတယ်။

" ကျနော်တို့ဆီတော့ ပုံမှန်ပဲ ဘာမှ မရှိဘူး။ တင်းကျပ်တာလည်း မရှိဘူး။ ကျပ်တာလည်း မရှိဘူး။ လျော့တာလည်း မရှိဘူး။ အရင်အတိုင်းပဲ။"

မူဆယ်မြို့ကကားဂိတ်တွေရဲ့အခြေအနေကိုတော့ ဒေသခံတယောက်က အခုလို ပြောပါတယ်။

" ဒီမှာတော့ ဘာမှ မကြားမိဘူး။ ဂိတ်တွေ ဘာတွေ လာစစ်ဆေးတာ၊ ရဲတွေ ဘာတွေ မတွေ့ဘူး။ ပုံမှန်ပဲ ခါတိုင်းလိုပုံမှန်ပဲနေကြတယ်။ "

ဒီလ ၁၅ရက်နေ့ကတော့ နမ့်ဖတ်ကာအနီး မန်လွယ်ရွာမှာ လက်နက်ကိုင်အဖွဲ့တခုက ကားတွေကို ဆက်ကြေးကောက်ယူတာရှိကြောင်း ပြောပါတယ်။

ရဲမှတ်တမ်းအရ ၂၀၁၅ခုနှစ် နှစ်လည်ပိုင်းက ကျောက်မဲမြို့ဓါတ်ဆီဆိုင်မှာ ချိန်ကိုက်မိုင်းတစ်လုံး၊ လားရှိုးဘူတာအနီးမှာ မိုင်းတစ်လုံး ဒီနှစ် ဧပြီလကုန်က မူဆယ်မြို့မှာ မိုင်း၂လုံးဖော်ထုတ် ရရှိခဲ့ကြောင်း သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြို့တွင်းပစ်ခတ်တိုက်ခိုက်တာ၊ ဗုံးဖောက်ခွဲတာတွေဟာ အများအားဖြင့် အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်ချိန်တွေမှာ ဖြစ်ပွားလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG