သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်ခရီးစဉ် "ဝ" အရေးဆွေးနွေးနိုင်ဖွယ်ရှိ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်ချစ်ကြည်ရေးခရီးစဉ်စတင်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်ချစ်ကြည်ရေးခရီးစဉ်စတင်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Fang Fenghui ရဲ့ဖိတ်ကြားချက်အရ တရုတ်နိုင်ငံကို သွားရောက်တဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တရုတ်ချစ်ကြည်ရေးခရီးစဉ်မှာ ရှမ်းပြည်နယ်တွင်း လတ်တလောဖြစ် နေတဲ့ မြန်မာ့တပ်မတော်နဲ့ UWSA ‘ဝ’ တပ်ကြား တင်းမာမှုအပါအဝင်၊ ‘ဝ’နဲ့ မိုင်းလားတပ်တွေကြားတင်းမာမှု စတာတွေကို ဆွေးနွေးဖွယ် ရှိတယ်လို့ စစ်ရေးနိုင်ငံရေး အကဲခတ်တချို့က သုံးသပ်ကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ရှမ်းပြည်နယ် အထူးဒေသ ၄ လို့ခေါ်တဲ့ မိုင်းလား NDAA တပ်တွေ ထိန်းချုပ်ထားတဲ့ စစ်ကင်းစခန်းတချို့ကို UWSA ‘ဝ’ တပ်တွေ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဝင်ရောက်ထိန်းချုပ်ခဲ့ပြီးနောက်၊ အောက်တိုဘာ ၂၄ နောက်ဆုံးထားပြီး မိုင်းလားဒေသကနေ ‘ဝ’တပ်တွေ ပြန်ဆုပ်ပေးဖို့ မြန်မာ့တပ်မတော်က ရာဇသံပေးထားတဲ့ အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ် ခရီးစဉ် ပေါ်လာတာဖြစ်ပါတယ်။

ဒါပေမယ့် ကာချုပ်ရဲ့ တရုတ်ခရီးစဉ်ဟာ တရုတ်မြန်မာနယ်စပ် စစ်ရေးတင်းမာမှု တွေကို တရုတ်စစ်ဖက် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးရုံတင်မက ဒီထက်ကျယ်ပြန့်တယ်လို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အခြေစိုက် စစ်ရေး နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက မြင်ပါတယ်။

" ကျမကြည့်တာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ ရည်ရွယ်ချက် နှစ်ခု ရှိနိုင်ပါတယ်။ တခုကတော့ သူတို့ စစ်တပ်ချင်း ဆက်ဆံတာပေါ့နော်။ အခုကလည်း တရုတ်ကလည်း အာဆီယံနိုင်ငံများက စစ်တပ်များနဲ့ ပူးပေါင်း လှုပ်ရှားနိုင်ဖို့ သေနင်္ဂဗျူဟာ ချထားတာရှိတယ်။ မြန်မာစစ်တပ်က အဆင့်အသီးသီးက စစ်ဗိုလ်တွေ ဒီက တရုတ်စစ်တက္ကသိုလ်တွေမှာ အဆင့်အသီးသီးမှာ လာတက်နေ တာတွေ အများကြီးရှိတယ်။ အဲ့ဒီ့ကိစ္စတွေ ပါနိုင်တယ်။ နောက် ဒုတိယ အချက်ကတော့ အခုတလောပြသနာတွေ တက်နေတဲ့ နယ်စပ် တလျောက်ပြသနာတွေကို တစုံတရာ ကူညီဖြေရှင်းပေးဖို့ သို့မဟုတ် ဖြန်ဖြေပေးဖို့ အဲ့ဒီ့ကိစ္စတွေကို ဆွေးနွေးဖို့လည်း ပါကောင်းပါနိုင်တယ်။"

တရုတ်နယ်စပ်တလျှောက်မှာ မြန်မာ့တပ်မတော်နဲ့ UWSA ‘ဝ’ တပ်တွေကြား တကျော့ပြန် တိုက်ပွဲတွေပြန်ဖြစ်လာရင် မြန်မာအစိုးရက ကြိုးစားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ပျက်စီးသွားနိူင်တာကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ် အတွက် ကြိုဆိုကြောင်း ရှမ်းပြည်စစ်ရေး အခြေအနေ ကို စောင့်ကြည့်နေတဲ့ ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် ဦးခွန်ဆိုင်းက ပြောပါတယ်။

"တရုတ်က တပ်မတော်ကိုရော ဝဘက်ကိုရော အင်မတန်မှ ဖျက်ဆီးမှု အားကောင်းတဲ့ လက်နတ်တွေလည်း ပေးထားတဲ့အခါကျတော့ သူတို့အချင်းချင်း တိုက်ပွဲဖြစ်မယ်ဆိုလို့ရှိရင် အများကြီး သေကြေဆုံးရှုံးမှာကတော့ သေချာပါတယ်။ ဝဘက်ကလည်း မြန်မာ့တပ်မတော်နဲ့ တိုက်နေတာကလည်း ကြာလှပြီ။ ဒီတိုက်ပွဲတွေ စစ်ပွဲတွေကလည်း ပိုပြီးတော့မှ ကျယ်ပြန့်လာနိုင်တယ်။ အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်း စစ်ပွဲက ပိုပြီးတော့မှ ကျယ်ပြန့်သွားနိုင်တယ်။ အဲ့လိုဆိုရင် ကျနော်တို့ ငါးနှစ်ကြာ လုပ်လာခဲ့တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကလည်း အများကြီးထိခိုက်နိုင်တယ်။ ဒါကြောင့်မို့လို့ တပ်ချုပ်ကြီးသွားတာ ကောင်းပါတယ်။"

မြန်မာနိူင်ငံရဲ့ ပြည်တွင်းစစ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်ပြဿနာကို နိုင်ငံရေးနည်း နဲ့ ဖြေရှင်းမှသာ ဒေသတွင်းအတွက်ပါ တည်ငြိမ်မှုရနိုင် တယ်ဆိုတာကို တရုတ်နိုင်ငံက ခံယူထားတဲ့ အတွက် တရုတ်မြန်မာနယ်စပ်မှာ စစ်ရေး တင်းမာမှုတွေလျော့ပြီး တည်ငြိမ်မှုရဖို့ကို တရုတ်တို့က လိုလားကြောင်း ဒေါက်တာ လှကျော်ဇောက သုံးသပ်ပါတယ်။

"တရုတ်အနေနဲ့ အစကတည်းက ပြောထားပြီးသားဖြစ်တယ်။ ဗမာပြည်ရဲ့ပြည်တွင်းစစ်ဟာ အနှစ်ခြောက်ဆယ်တိုင်နေပြီ။ ဒါကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းရင် တည်ငြိမ်မှုမရနိုင်ဘူး။ တည်ငြိမ်မှု မရပဲနဲ့ မြန်မာနိုင်ငံဟာ ကျဆုံးနိုင်ငံဖြစ်မယ်။ သူ ကျဆုံးနိုင်ငံဖြစ်ရင် ဘေးပတ်ဝန်းကျင်နိုင်ငံတွေပါ ဆွဲခေါ်သွားနိုင်တယ်လို့ ပြောထားပြီးပြီ။ အဲ့တာကြောင့်မို့လို့ ဒီကိစ္စမှာ တရုတ်က သူ့နည်း သူဟန်နဲ့ ဝင်ပါနိုင်တယ်ဆိုတာ ကျမယုံကြည်တယ်။"

အမေရိကန်ပြည်ထောင်စုအနေနဲ့ စစ်ခေါင်းဆောင်ဟောင်းတွေအပါအဝင် တပ်မတော်ခေါင်းဆောင်ပိုင်းတချို့ကို ပိတ်ဆို့ဒဏ်ခတ်မှု တချို့ကို ပြန်ရုပ်သိမ်းပေးခဲ့ပြီးနောက်ပိုင်း မြန်မာနဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေးကျဲသွားမှာကို တရုတ်နိုင်ငံဖက်က စိုးရိမ်တဲ့အလျှောက် ဆက်ဆံရေး ကောင်းတွေ ဆက်ရှိချင်တာကြောင့် တရုတ်မြန်မာ စစ်တပ်ချင်းဆက်ဆံရေးကို ထိန်းသိမ်းထားလိုတဲ့သဘောရှိတယ်လို့ ဦးခွန်ဆိုင်းက သုံးသပ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အတွင်း သူနဲ့အတူ တပ်မတော် (ကြည်း၊ရေ၊လေ) ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမြထွန်းဦးနဲ့ အခြားအဆင့်မြင့် တပ်မတော်အရာရှိကြီးတွေလဲ လိုက်ပါသွားပြီး ဒီခရီစဉ်မှာ တရုတ်နိုင်ငံအကြီးအကဲ တွေ၊ စစ်ဘက်ဆိုင်ရာ အကြီးအကဲတွေ နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG