သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည် မြောက်ပိုင်း ပန်းလုံကျေးရွာ ပစ်ခတ်မှု လူနှစ်ဦး သေဆုံး


ရှမ်းပြည်နယ်တွင်း နေရာယူထားတဲ့ မြန်မာစစ်တပ်။ (ဖေဖော်ဝါရီ ၁၇၊ ၂၀၁၅)
ရှမ်းပြည်နယ်တွင်း နေရာယူထားတဲ့ မြန်မာစစ်တပ်။ (ဖေဖော်ဝါရီ ၁၇၊ ၂၀၁၅)

ရှမ်းပြည်နယ် မြောက်ပိုင်း ၊ လားရှိုး မြို့နယ် နားနမ်းကျေးရွာအုပ်စု ပန်လုံးရွာမှာ အစိုးရစစ်တပ်က ဝင်ရောက်ပစ်ခတ်တာကြောင် ရွာသား ၂ယောက်သေဆုံးပြီး ရွာလူကြီးနဲ့ အခြားရွာသားတယောက်ကို ဖမ်းဆီးခံရတယ်လို့ အဲဒီဒေသကို သွားရောက်ခဲ့တဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က ပြောပါတယ်။ ဒီပစ်ခတ်မှုဖြစ်ပွားချိန်မှာ ရွာသား ၁၀၀ကျော်လောက် တောတောင်တွေအတွင်းကို ထွက်ပြေးခဲ့ကြသလိုလောလောဆည်မှာ ဖမ်းဆီးသွားသူတွေကို ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးပါဘူး။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေ အပါအဝင် နိုင်ငံရေး အင်အားစုတွေ စုပေါင်းပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပဖို့ ပြင်ဆင်နေချိန်မှာ လားရှိုးမြို့နယ် ပန်လုံးရွာမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။ ဒီအခင်းဖြစ်ပွားတဲ့ အခြေအနေကို နားနမ်းကျေးရွာအုပ်စုကို သွားရောက်လေ့လာခဲ့တဲ့ လားရှိုးမြို့က ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တဦးကတော့ အခုလို ပြောပါတယ်။

" ဖြစ်စဉ်ကတော့ လွတ်လပ်ရေးနေ့ ၄ရက်နေ့က စတယ်။ ဖြစ်တဲ့နေရာက လားရှိုးမြို့နယ် နားနမ်းအုပ်စု ပန်လုံးကျေးရွာ ပလောင်ရွာပါ။ လက်နက်ကိုင်တစု ဝင်လာတာတော့ အတည်ပြုနိုင်ပါတယ်။ အဖွဲ့အစည်းကတော့ မြန်မာ စစ်အစိုးရဘက်က ဝင်ပစ်တယ်လို့ ကြားပါတယ်ခင်ဗျ။ ရွာသားနှစ်ယောက် ထိခိုက်ဒဏ်ရာ ရသွားတယ်။ သူတို့ တရွာလုံးကို ရှောင်တခင် ဝင်ရောက် ရှာဖွေပြီးတော့မှ ပြည်သူလူထုတွေက လန့်ပြီးတော့မှ ပြေးကြ လွှားကြ ဖြစ်တာပေါ့။ အဲ့တာ သေနတ်နဲ့ သူတို့လိုက်ပစ်ကြတာ လူနှစ်ယောက် သေ သွားတယ်။ နှစ်ယောက် က အဖမ်းဆီး ခံရပါတယ်။ ရွာသူကြီးရယ် နောက် တယောက်က အိုက်စံ ရွာသားရယ်။ အခုချိန်အထိ ဘယ်နေရာများ ချုပ်နှောင်ထားလဲဆိုတာ မသိရသေးဘူးလေ။"

အခင်းဖြစ်ပွားချိန်မှာ ရွာသား ၁၀၀လောက်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြပါတယ်။ ထွက်ပြေးချိန်မှာ ထမင်းဟင်းချက်ပြုတ်တဲ့မီးကို မငြိမ်းသတ်နိုင်ခဲ့တာကြောင့် မီးဖိုချောင်မီး ကတဆင့် နေအိမ်၂လုံး မီးလောင်ကြွမ်းခဲ့တယ်လို့လည်း ပြောပါတယ်။

အခုအခါမှာတော့ မန်ပန်ဌာနေပြည်သူ့စစ်အဖွဲ့က ရွာသားတွေကို ပန်လုံးရွာ ကို ပြန်လာဖို့ ဆင့်ခေါ်ခဲ့ထားကြောင်းနဲ့ ပန်လုံးရွာအနီးမှာ လာရောက် တပ်စွဲထားတဲ့ ပြည်သူ့စစ်တွေ အတွက် နန်းနိမ်းရွာသားတွေက ရိက္ခာသယ် ယူပေးနေရကြောင်း ဆက်ပြောပါတယ်။

" အခုကျတော့ အခုနက ကျနော်တို့ သွားခဲ့တော့ မန်ပန်ဌာနေ ပြည်သူ့စစ် ကနေ ပြန်ဆင့်ခေါ်ပြီးတော့မှ ရွာထဲကို ပြန်နေခိုင်းတယ်လို့ ကြားရပါတယ်။ လက်ရှိ အခြေအနေမှာတော့ SSPP နေရာတွေကို မန်ပန် ပြည်သူ့စစ်ကနေ အစားထိုး ဝင်ရောက်ပြီးတော့မှ နေတယ်ပေါ့။ ပြီးတော့လည်း မန်ပန်ပြည်သူ့စစ်အတွက် စားနပ်ရိက္ခာတွေလည်း နားနမ်းအုပ်စုက ရွာသားတွေကို ဆင့်ခေါ်ပြီးတော့ မှ ပေါ်တာဆွဲသလို သူတို့ရဲ့ စားနပ်ရိက္ခာတွေ ကို တောင်ခြေကနေ တောင်ပေါ် အထိကို နေ့တိုင်းလိုလို အလှည့်ကျ ပို့ပေးနေရတာပေါ့။ စားနပ်ရိက္ခာတွေ ကလည်း ဒေသခံ ရွာတွေကပဲ ကောက်ခံကြတယ်။ "

အခင်းဖြစ်ပွားတဲ့ရွာဟာ ပလောင်ရွာဖြစ်တာကြောင့် ပလောင် လက်နက်ကိုင် အဖွဲ့တွေ ရှိ၊ မရှိ စစ်ဆေးတာ ရှိသလို အနီးအနားမှာလည်း ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP/SSA မြောက်ပိုင်းတပ်ဖွဲ့တွေရဲ့ စခန်းတွေ ရှိနေတာဖြစ်ပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ လက်ရှိ ရွေးကောက်ခံ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်ခမ်းက သူတို့ ပါတီကို ပလောင် ရွာသားတွေ က လာရောက် တိုင်ကြားတာရှိကြောင်းပြောပါတယ်။

" ကျနော်တို့ ပါတီကို လာ တိုင်ကြားတာတွေတော့ ရှိပါတယ်။ ကျနော်တို့ ပါတီကို လာပြောပြတာပေါ့နော်။ ဒေသခံ ပလောင်လူမျိုးတွေက ပြောတာကတော့ တပ်မတော်ကလို့ မြန်မာ့တပ်မတော်ဘက်ကလာတယ် ပြောတယ် ခင်ဗျ။ အဲ့တာ မိုင်းကျတ်ဘက်ကနေ လာတယ်လို့ပြောတယ်။ အခုလည်း ကြားနေရတာက စစ်တပ်က ရွာထဲမှာ ရှိနေတုန်းပဲဆိုတော့ သူတို့က ကြောက်ပြီးတော့ မပြန်ရဲသေးတာပေါ့နော်။ "

ဒီလ ၇ရက်နေ့ကတော့ အစိုးရနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကြားမှာ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး အဖွဲ့တွေကို တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖွဲ့စည်းဖို့ ဆွေးနွေး သဘောတူတာတွေ ရှိနေပါတယ်။

ဦးစိုင်းဝမ်းလှိုင်ခမ်းကတော့ ဒေသတွင်းက ပြည်သူတွေ၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ပါဝင်ပြီး ဖွဲ့စည်းပြီးဆောင်ရွက်စေလိုကြောင်း ပြောပါတယ်။

" ကျနော့်အနေနဲ့ ပြောချင်တာကတော့ နမ့်နမ်းတခုတည်းတင် မဟုတ်ပါဘူး။ လားရှိုး နမ့်မတူ မှာလည်း ထိတွေ့မှုတွေ ဖြစ်တယ်။ ရွာတွေ မီးရှို့တယ်။ ရွာသားတွေ ထွက်ပြေးနေရတယ်။ အဲ့ကိစ္စတွေမှာလည်း ဝိုင်းဝန်းဖြေရှင်းပေးတဲ့ အဖွဲ့တွေလည်း မရှိဘူးပေါ့နော်။ ကျနော်မြင်မိတာကတော့ မြေပြင် အနေအထားပေါ့နော်။ SSPP/SSA ဆိုလည်း ဒီမှာ ဆက်ဆံရေးရုံးတွေ ရှိတယ်ပေါ့နော်။ အဲ့ကနေ တဆင့် ဒေသခံပြည်သူလူထုတွေ ပူးပေါင်းပါဝင်မယ့် ဒေသတွင်း တပ်ရင်း တပ်ဖွဲ့တွေပါ ပါဝင်ရင် ပိုပြီးတော့ ထိရောက်လိမ့်မယ်လို့ ကျနော်ကတော့ မြင်တာပေါ့နော်။ "

လာမယ်အပတ်အတွင်းမှာတော့ NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်တက်ရောက်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို နေပြည်တော်မှာ ကျင်းပဖို့ ရှိနေပါတယ်။ ဒီငြိမ်းချမ်းရေးညီလာခံကိုတော့ ပလောင်နဲ့ ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းအပါဝင် NCA ကို လက်မှတ် မရေးထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့ကျော်က တက်ရောက်ဖို့ ငြင်းဆို ထားပါတယ်။

XS
SM
MD
LG