သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်တွေ့သုံးနေတဲ့ အစားထိုးစွမ်းအင် အပိုင်း (၁)


လျှပ်စစ်ဓါတ် လုံလုံလောက်လောက် မရတဲ့ မြန်မာနိုင်ငံမှာ နေရောင်ခြည်၊ လေတိုက်ခတ်အားနဲ့ ရေအားကိုသုံးတဲ့ လောင်စာ အစားထိုးစွမ်းအင် တွေကို ဘယ်နေရာတွေမှာ သုံးစွဲတယ် ဆိုတာနဲ့ ပါတ်သက်ပြိး နေရောင်ခြည် စွမ်းအင်ကို လက်တွေ့ အသုံးချနေတဲ့ နေမင်းစွမ်းအင် လုပ်ငန်းက အင်ဂျင်နီယာ ဦးသိန်းမော်က ပြောပြပေးမှာပါ။

ကျွန်တော်တို့ လုပ်ငန်းအနေနဲ့ကတော့ နေရောင်စွမ်းအင်ကနေ လျှပ်စစ်ဓါတ်ထုတ်ပြီးတော့ ရေစုပ်ထုတ်တဲ့ လုပ်ငန်းကို လုပ်နေတာပေါ့နော်။ အထူးသဖြင့် လျှပ်စစ်မီး မရနိုင်တဲ့ ဝေးလံခေါင်းပါးတဲ့ ဒေသတွေမှာ ဆိုရင် ဒီဆိုလာစွမ်းအင်ထုတ်ပြီး ရေတင်တဲ့ လုပ်ငန်းဟာ ပိုပြီးတော့ မြန်မြန်ဆန်ဆန် ရေရရှိရေး အတွက် အကျိုးရှိတာပေါ့နော်။ ကျွန်တော် တို့ကတော့ နေရောင်ကနေပြီးတော့ လျှပ်စစ်ဓါတ်ကို ဆိုလာပြား တွေတပ်ဆင်ပြီးတော့ လျှပ်စစ် ထုတ်တယ်။ အဲဒီကနေပြီးတော့ pump ရဲ့ controller ကနေတဆင့် ပမ့်ကို မောင်းပြီးတော့ ရေတင်တာပေါ့နော်

အစားထိုး စွမ်းအင်တွေ ထဲက နေရဲ့ စွမ်းအင်ကို သုံးပြီးတော့ လျှပ်စစ်ဓါတ်အား ရအောင် စွမ်းအင် ရအောင် လုပ်တဲ့ နေရာမှာ မြန်မာနိုင်ငံ အတွက် ဘယ်နေရာတွေမှာ အစားထိုး နေရောင်ခြည် စွမ်းအင်ကို သုံးရင်ကောင်းမယ်လို့ မြင်ပါသလဲ

အဓိက ကတော့ ရာသီက မိုးခေါင်ရေရှား ဒေသတွေမှာ သုံးနိုင်ရင်တော့ အကောင်းဆုံး ပါပဲ။ ဘာလို့လဲ ဆိုတော့ လျှပ်စစ် လွယ်လွယ်ကူကူ မရတာရယ်၊ အဲဒီဒေသက ရေရှားပါးတဲ့ ဒေသဖြစ်နေတာရယ်၊ နောက်ပြီးတော့ မုတ်သုန်ကြောင့် ဖြစ်လာတဲ့ တိမ်တိုက်တွေ ရဲ့ နေရောင်ကာကွယ်မှုက ပိုနဲတာပေါ့။ အဲဒီတော့ အဲဒီလိုဒေသမှာ သုံးရင် ပိုအကျိုး ရှိတာပေါ့။ မြစ်ဝကျွန်းပေါ် လိုဒေသမျိုးနဲ့ စာရင်တော့ နေရောင်ကို ပိုပြီးတော့ ရတာပေါ့။

ဒါဆိုရင် ရှမ်းပြည်နယ်တို့၊ ကချင်ပြည်နယ်တို့ ရခိုင်တို့ ဘက်ကျရင်ကော ဒီနေရောင်ခြည်စွမ်းအင်ကို သုံးရင် အနေထားက ဘယ်လိုရှိမှာပါလဲ

အဲဒီဒေသတွေမှာ သုံးလို့ကတော့ စွမ်းအင်တခုထဲနဲ့ သုံးရင် ပြည့်စုံတဲ့ စံနစ်ကိုရဖို့ကတော့ အခက်အခဲတော့ ရှိနိုင်ပါတယ်။ ဘာလို့လည်း ဆိုတော့ အထူးသဖြင့်တော့ မိုးတိမ်အုံ့ဆိုင်း တော့၊ လေး ငါးလ မိုးတွင်းကာလမှာ နေရောင်ခြည် ရရှိမှုက နဲတာပေါ့နော်။ တချို့နေရာတွေ မှာ ဆိုရင် သူ့ကို ရိုးရိုးလျှပ်ပ်စစ်နဲ့ ပေါင်းစပ်ပြီး၊ ဒါမှမဟုတ် လေစွမ်းအင်နဲ့ ပေါင်းစပ်ပြီး ရေထုတ်ပေးရတဲ့ စံနစ်တွေလည်း တပ်ပေးခဲ့ရတယ်ပေါ့နော်။ သဘောက မုတ်သုန်လွှမ်းမိုးတဲ့ ဒေသတွေမှာ ကျရင် ဆိုလာ တခုထဲနဲ့ အားကိုးပြီးတော့ စွမ်းအင်ထုတ်လုပ်ဖို့ ဆိုတာကတော့ ယုံကြည်လောက်တဲ့ စံနစ်မျိုးကို မရနိုင်ဘူး။ hybrid လို့ခေါ်တဲ့ တခြား စံနစ်တွေနဲ့ ပေါင်းစပ်ပြီး စွမ်းအင် ထုတ်မှပဲ ပိုပြီးတော့ အကျိုး ရှိနိုင်မယ် ထင်ပါတယ်။

အခုလောလောဆယ်မှာ ဆရာတို့ နေရောင်ခြည်နဲ့ သုံးတဲ့ စွမ်းအင်ကို ဘယ်နေရာတွေမှာ သုံးနေပါသလဲ

လောလောဆယ်မှာ ကျွန်တော်တို့ မကွေးတိုင်းထဲမှာ တပ်နေတယ်။ နောက် ကမ္ဘာ့ ကြက်ခြေနီ အဖွဲ့က တချို့ ထောင်တွေထဲမှာ တပ်ဖို့ အတွက် ဒီ pump တွေကို သုံးတယ်။ နောက် သာသနာရေး အဖွဲ့အစည်းတွေက သူတို့ ကျောင်းဆောင်ကြီးတွေမှာ လူတွေ အများကြီး နေထိုင်ပြီးတော့တရားကျင့် တဲ့ နေရာမျိုးတွေ မှာ တပ်ပေးတယ်။

အခုလို အဆောက်အဦး တခုအတွက် ဆိုလာပြား တပ်ပေး ဖို့ ဆိုရင် ဘာတွေ လိုအပ်ပါသလဲ။ ဘာတွေ သိထားဖို့ လိုအပ်ပါ သလဲ။ ပထမ ရေတွင်းအနေထားကို ကြည့်ရအောင်ပါ။

အဓိကက ရေတွင်း ဘယ်လောက် နက်သလဲ ဆိုတာကို ကျွန်တော် တို့ကို ပြောရမယ်။ နောက်ပြီး ရေ တနေ့ကို ဘယ်နှစ်ဂါလံ ထုတ်ချင်သလဲ ဆိုတဲ့ ရေ ပမာဏ လိုအပ်ချက်ကို ပြောရမယ်။ နောက် ဘယ်နေရာမှာ တပ်ချင်တယ် ဆိုတာကို ပြောရမယ်။ နောက် တချက်က ကျွန်တော်တို့ တပ်ပေးတဲ့ pump တွေက ၄လက်မ နဲ့ အထက်မှာ ရှိတဲ့ အတွက်ကြောင့် တွင်းအရွယ် အစားကလည်း အနဲဆုံး ၄လက်မတွင်း ဖြစ်ရမယ် ပေါ့နော်။ အများအားဖြင့်တော့ တဦးချင်း တွင်းတွေက ၂လက်မ တွင်းတွေ တူးတာများတော့ အဲဒီလို တွင်းတွေထဲမှာ ကျွန်တော်တို့ pump တွေကို ထည့်ပြီး သုံးလို့ မရဘူး။ အဲဒီတွင်းပေါက်က အနဲဆုံး ၄လက်မ ရှိရမယ် ဆိုတာကိုတော့ သူတို့ သိထားဖို့ လိုတာပေါ့လေ။

အဆောက်အဦးတွေ အတွက် သုံးရာမှာ တခြားသိထားဖို့ လိုတာတွက ဘာတွေပါလဲ

အဆောက်အဦးတွေ အတွက် သုံးချင်တယ်ဆိုရင်လည်း ခုန လိုပဲ အခန်း တခန်းမှာ ဘယ်နှစ်ယောက်စာ ဘယ်လို လိုသလဲ ဥပမာ ချိုးရေ အတွက်ပဲလား သုံးရေအတွက်လား၊ ရေထုတ်ယူရမယ့် ပမာဏ ကိုတော့ သိဖို့ လိုတာပေါ့နော်။ အဲဒီအပေါ်မှာမှ ကျွန်တော်တို့က သင့်တော်တဲ့ pump ကိုရွေးချယ်ပြီး တပ်ပေးတဲ့ အချိန်မှာ နောက်ပိုင်းကျမှ တပ်ပြီးတဲ့ အချိန်မှာမှ pump လဲရမယ် ဆိုရင် သူတို့အတွက် ကုန်ကျ စားရိတ်က များတာပေါ့နော်။ အဲဒီတော့ တခါထည်း ဒီလိုအပ်ချက်ကို ဖြစ်နိုင်ရင် အများဆုံးကို တွက်ပြီးတော့ ကျွန်တော်တို့က တပ်ပေးလိုက်ရင် တခါထဲ အဆင်ပြေသွားတာပေါ့။

ဒီလိုမိုးတိမ်တိုက်တွေ ရှိတဲ့ နေရာမျိုးမှာ ဆိုရင် မိုးအုံ့တဲ့ အခါမှာ ရေက အထွက်လျော့တယ်။ အဲဒါကိုလည်း သူတို့ သိထားဖို့ လိုတာပေါ့။ ဆိုလိုတဲ့ သဘောက ရေဂါလံ တထောင်လိုရင် ၂ထောင် ၃ထောင် တွက်ပြီးတော့ တပ်ပေးမှ သာလျင် အဲဒီလို ရာသီဥတု မကောင်းတဲ့ အချိန်မှာ လည်း သူတို့အတွက် အဆင်ပြေနိုင်ပါတယ်။

အညာက တွင်းတွေ အတွက်က မိုးတိမ်ကင်းစင်တဲ့အတွက် ပြဿနာ မရှိ ပေမယ့် ဧရာဝတီ တိုင်းလိုနေရာမှာ ရေတွင်းတူးပြီး နေရောင်ခြည် စွမ်းအင်သုံး ရေစုပ်စက်တွေ တပ်ဖို့ နိုင်ဖို့ အနေထားကိုကြည့်ရအောင်ပါ။

နေရောင်ခြည် ရှိတဲ့ နေရာတိုင်းမှာ ဒီ ပမ့်တွေကို တပ်ပြီးတော့ ရေကိုထုတ်ယူလို့ ရပါတယ်။ သို့သော်လည်း ဧရာဝတီ တိုင်းမှာက ဒီမိုးတွင်း တတွင်းလုံးမှာ မိုးအုံ့နေတဲ့အတွက် ရေအထွက်က ကျတာပေါ့နော်။ အဲဒါကို ကာမိဖို့ အတွက် နဂိုကတည်းက ကြိုတင်ပြီး တွက်ဆထားဖို့ လိုပါတယ်။ သို့သော် ပူတဲ့ အချိန်မှာ ရေကို ထုတ်ဖို့ ပိုလိုတယ်ပေါ့။ မိုးတွင်းကျတော့ ရေရပြီး ရေကို တခြားနည်းနဲ့ လှောင်ထား တဲ့ အတွက် ဒီပမ့်က အထွက်လျော့သွား တာကို ကာမိတယ်ပေါ့။ အဲဒီလိုနည်းနဲ့ အဆင်ပြေအောင် လုပ်ထားကြပါတယ်။

ကမ်းရိုးတန်း ဒေသတွေမှာ နေရောင်ခြည်နဲ့ တွဲပြီး သုံးနိုင်တဲ့ အစားထိုးလောင်စာ က ဘာပါလဲ

ကမ်းရိုးတန်းမှာ လေကောင်းကောင်း ရတယ်။ မုတ်သုန်ရာသီတွေမှာ ကမ်းရိုးတန်းဒေသတွေမှာ လေစွမ်းအင် ရရှိမှုဟာ များတတ်ပါတယ်။ အဲဒီလို နေရာမျိုးမှာတော့ နေရောင်ခြည် စွမ်းအင်ပြားနဲ့ လေရဟတ်နဲ့ တွဲပြီးတော့ စွမ်းအင် ထုတ်ပြီးတော့ တနှစ်ပါတ်လုံး နေနဲ့ လေနဲ့ မျှပြီးတော့ စွမ်းအင်ကို တောက်လျှောက် ဆက်ပေးတာပေါ့နော်။

ကမ်းရိုးတန်းတွေအတွက်တော့ hybrid လို့ခေါ်တဲ့ တခြားစွမ်းအင်နဲ့ တွဲသုံးရာမှာ လေအားကိုသုံးတာက အဆင်ပြေပါတယ်။ ရေအားစွမ်းအင်သုံးဖို့ အနေထားကို ကြည့်ရအောင်ပါ။

ကျွန်တော်တို့ ကုမ္ပဏီကတော့ မလုပ်ပါဘူး။ မြစ်ချောင်းတွေနဲ့ ရေစီးအား ကောင်းတဲ့ နေရာမှာ ရေအားကို သုံးတာ အကျိုးရှိပါတယ်။ သို့သော် အညာလို ဒေသမျိုးမှာ ကျတော့ ရေက ရှားပါးတယ်ပေါ့နော်။ အခုနောက်ပိုင်းမှာ ရေအနိမ့်အမြင့် ကွာခြားချက် နဲနဲလေး မှာတင်ကို စွမ်းအင်ထုတ်လုပ်တဲ့ စံနစ်တွေက ပေါ်လာပါပြီ။ ဟိုး အရင်တုန်းကလို ဥပမာ လောပိတမှာလို အမြင့်ကြီးကနေ ရေဆင်း လာပြီးမှ တာဘိုင်ကို မောင်းတဲ့ စံနစ်မျိုး ရှိသလို ဒီလို နိမ့်နိမ့်လေး မှာပဲ ရေ အနိမ့်အမြင့် ကွာခြားချက် နဲနဲနဲ့ လျှပ်စစ် ထုတ်နိုင်တဲ့ စံနစ်တွေလည်း အခု ရှိနေပါပြီ။ မြန်မာပြည်မှာကတော့ အဲဒါတွေကို သုံးတာ မတွေ့သေး ပါဘူး။

လောလောဆယ် ဆရာတို့ ရေစုပ်စက်အတွက် ဆိုလာပြား တပ်ဆင်ပေးတဲ့ နေရာမှာ ဘာအခက်အခဲတွေ တွေ့ရ ပါလဲ

အဓိက ကတော့ ကျွန်တော်တို့ အညာဒေသတွေမှာ ဆိုရင် ရေတွင်းတွေက နက်တော့ စွမ်းအား ပိုမြင့်တဲ့ ပမ့် တွေကို လိုတဲ့ အတွက် နောက်ပြီးတော့ ဆိုလာပြားတွေလည်း အများကြီး လိုတဲ့ အတွက် ရေကို စုပ်ထုတ်ဖို့ အတွက်က ကုန်ကျ စားရိတ်က များတာပေါ့နော်။ ရေတွင်း နက်လေ၊ ရေပိုလိုလေ၊ ကုန်ကျစားရိတ် များလေပဲ။ အဲတော့ တဦးချင်း အနေနဲ့ တော့ တတ်နိုင်ဖို့က လောလောဆယ်မှာ အခက်အခဲ ရှိနေသေးတယ်။

နေမင်း စွမ်းအင်လုပ်ငန်းက အင်ဂျင်နီယာ ဦးသိန်းမော်ပါ။

XS
SM
MD
LG