သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်္ကာပူဝန်ကြီးချုပ် မြန်မာ လွှတ်တော်ခေါင်းဆောင်များနှင့် တွေ့ဆုံ


စင်ကာပူသမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီရှန်လုံး နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တို့တွေ့ဆုံ (MOI)
စင်ကာပူသမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီရှန်လုံး နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တို့တွေ့ဆုံ (MOI)

မြန်မာနိုင်ငံမှာ ရောက်နေတဲ့ စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းဟာ မြန်မာလွှတ်တော် ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံပြီး မြန်မာနဲ့ စကာၤပူ နှစ်ဘက် လွှတ်တော် ဥက္ကဋ္ဌတွေ အပြန်အလှန် သွားရောက်လည်ပတ်နိုင်ရေးနဲ့ လွှတ်တော်နှစ်ရပ် ဆက်စပ်နိုင်ရေး ကိစ္စတွေကို ဆွေးနွေးပါတယ်။ မြန်မာနိုင်ငံမှာ သုံးရက်ကြာ ခရီးစဉ်နဲ့ ရောက်နေတဲ့ စင်္ကာပူ ဝန်ကြီးချုပ်ရဲ့ ဒုတိယနေ့ခရီးစဉ်နဲ့ ပတ်သက်ပြီး ဗွီအိုအေသတင်းထောက် ကိုထက်အောင် စုံစမ်းမေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

သမ္မတ ဦးထင်ကျော်ရဲ့ တရားဝင်ဖိတ်ကြားမှုနဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ စင်္ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်းဟာ ဒီကနေ့ ဇွန်လ ၈ ရက်နေ့မှာတော့ အမျိုးသားနဲ့ပြည်သူ လွတ်တော်နှစ်ရပ်က ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ တွေနဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ ဝန်ကြီးချုပ်လီရှန်လွန်းဟာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစဉ်မှာတော့ နှစ်နိုင်ငံ လွတ်တော်ဆိုင်ရာ အကြောင်းအရာတွေကို ဆွေးနွေးခဲ့တယ်လို့ ဒီကနေ့ တွေ့ဆုံမှုမှာ ပါဝင်ခဲ့တဲ့ အမျိုးသားလွှတ်တော် အခွင့်အရေး ကော်မတီက ဦးမင်းဦးက ပြောပါတယ်။

“အဓိကတော့ ကျနော်တို့နိုင်ငံကို လာပြီးတော့ ရောက်တဲ့အချိန်မှာ ဒီလွှတ်တော် ဥက္ကဋ္ဌကို လာပြီးတွေ့ဆုံနှုတ်ဆက်တဲ့ သဘောပါပဲခင်ဗျ။ နောက်လည်း သူတို့ စင်္ကာပူကလည်း လွှတ်တော်ဥက္ကဋ္ဌလည်း လာလည်ဖို့ လေ့လာဖို့တွေရှိသလို ကျနော်တို့ ဥက္ကဋ္ဌလည်း နောက်အလျဉ်းသင့်လို့ရှိရင် သူတို့ဆီကို လာလည်ဖို့ ဖိတ်တဲ့သဘောပါပဲခင်ဗျ။ ကျန်တာကတော့ တချို့ဟာတွေ ကတော့ ဆွေးနွေးတဲ့နေရာတွေ မှာတော့ မနေ့က သမ္မတဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အနေနဲ့လည်း ဆွေးနွေးထားပါတယ်လို့ ပြောပါတယ်။ ကျန်တာကတော့ ဂါရဝပြု တွေ့ဆုံနှုတ်ဆက် တဲ့သဘောပါပဲခင်ဗျ။”

စင်္ကာပူဝန်ကြီးချုပ်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဌတို့ တွေ့ဆုံစဉ်မှာ အမျိုးသားလွှတ်တော်က ကော်မတီအတွင်းရေးမှုးတွေလည်း ပါဝင်ခဲ့ပြီး တွေ့ဆုံချိန် မိနစ် ၃၀ လောက်ကြာခဲ့ပါတယ်။ ဝန်ကြီးချုပ် လီရှန်လွန်းဟာ ဒီကနေ့မှာပဲ ပြည်သူ့လွတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဒု ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့နဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။

ဒါ့အပြင် ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီနဲ့လည်း မနက်ဖြန်မှာ တွေ့ဆုံသွားဖို့ ရှိတယ်လို့ ဒီကော်မတီရဲ့ အဖွဲ့ဝင်တဦးက ပြောပါတယ်။ စင်္ကာပူဝန်ကြီးချုပ်ဟာ နေပြည်တော်ကနေ ရန်ကုန်မြို့ကို ဒီကနေ့နေ့လည်ပိုင်းမှာ ရောက်ရှိပြီး မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံ လုပ်ကိုင်နေကြတဲ့ စင်္ကာပူစီးပွားရေးလုပ်ငန်းရှင်တွေနဲ့လည်း တွေ့ဆုံမှာဖြစ်တယ်လို့ မြန်မာနိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဦးကျော်ဇေယျက ပြောပါတယ်။

“ရန်ကုန်မှာတော့ သူတို့ဆီကနေပြီးတော့ စင်္ကာပူက Business Community ရှိပါတယ်ခင်ဗျ။ တော်တော်လေး ရာဂဏန်းပေါ့လေ။ ရာဂဏန်းဆိုတာ လေး၊ငါး၊ ခြောက်ရာ လောက် ရှိမယ်။ အဲဒီအဖွဲ့တွေနဲ့ တွေ့ဖို့ဆုံဖို့ရှိပါတယ်။ နောက်တခါ ကျနော်တို့နဲ့ စင်္ကာပူတို့ကြားမှာရှိတဲ့ ကျနော်တို့ လူငယ်တွေကို Train လုပ်ပေးတဲ့ စင်္ကာပူ-မြန်မာ Vocation Training Institute ပေါ့နော် အဲဒါကတော့ လည်ပတ်နေတာကြာပါပြီ အဲဒါကို Officially (တရားဝင်) ဖွင့်ပေးတာလုပ်ပါလိမ့်မယ်။ မနက်ဖြန်မနက် လုပ်ပါလိမ့်မယ်ခင်ဗျ။”

ဝန်ကြီးချုပ် လီရှန်လွန်းဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့လည်း နေပြည်တော်မှာရှိတဲ့ Park Royal Hotel မှာ ဒီကနေ့ နေ့လည် ၁၁ နာရီခွဲလောက်က တွေ့ဆုံခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် သမ္မတဟောင်း ဦးသိန်းစိန်အပါအဝင် ပြည်ခိုင်ဖြိုး ပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ မနေ့ ဇွန်လ ၇ ရက်နေ့က ရောက်ရှိလာတဲ့ ဝန်ကြီးချုပ် လီရှန်လွန်းဟာ မြန်မာ သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ် နိုင်ငံခြားရေး ဝန်ကြီးလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ြ့ပီး မြန်မာနဲ့ စင်္ကာပူ နှစ်နိုင်ငံကြား ဗီဇာကင်းလွတ်ခွင့်ကို လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့က စပြီး ရက်ပေါင်း၃၀ကြာ သွားလာနေထိုင်ခွင့်ရမယ့် အကြောင်းလည်း ဆွေးနွေး သဘောတူခဲ့ ကြပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံကြား ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ဖို့အတွက် ပံ့ပိုးကူညီပေးရေး၊ ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ မြန်မာ စင်္ကာပူ သက်မွေး ပညာကျောင်းမှာ အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းတွေကို တိုးချဲ့ ဖွင့်လှစ် ပေးဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG