သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယစစ်သား ၆ ဦး သူပုန်လက်ချက်နဲ့ သေဆုံး


အိန္ဒိယ ရှေ့တန်းစစ်သား
အိန္ဒိယ ရှေ့တန်းစစ်သား

အိန္ဒိယ-မြန်မာနယ်စပ်ဒေသ မဏိပူရပြည်နယ်အတွင်းမှာရှိတဲ့ အိန္ဒိယအစိုးရတပ်ဖွဲ့တွေကို လက်နက်ကိုင် သောင်းကျန်းသူတွေက ခြုံခို တိုက်ခိုက်ခဲ့တဲ့အတွက် အရာရှိတဦးအပါအဝင် အစိုးရတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးသွားပါတယ်။

မဏိပူရပြည်နယ်၊ Chandel ခရိုင်အတွင်း မိုးသည်း မြေပြိုမှုတွေ ဖြစ်ခဲ့တဲ့ နေရာတွေမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ပြန်လာတဲ့ စစ်သားတွေ တိုက်ခိုက်ခံလိုက်ခြင်းဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ အရာရှိက ပြောပါတယ်။

အာသံ သေနတ်ကိုင်တပ်ရင်းက တပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကား ၃ စီး ယာဉ်တန်း သစ်တောထဲအရောက်မှာ ခြုံခို တိုက်ခိုက်ခံလိုက်ရတာလို့ အမည်မဖော်လိုတဲ့ အဲဒီ ရဲအရာရှိက ပြောပါတယ်။

ယာဉ်တန်းရဲ့ ရှေ့ဆုံးက ဂျစ်ကားပေါ်ပါလာတဲ့ စစ်သား ၆ ဦးစလုံး သေဆုံးသွားတယ်လို့ ဆိုပါတယ်။ နောက်ကားတွေမှာပါတဲ့ စစ်သားတွေကတော့ အချိန်မှီ ထွက်ပြေး လွတ်မြောက်သွားကြတယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ပွားတဲ့ ဒေသေဟာ လက်နက်ကိုင် သောင်းကျန်းသူတွေအဖွဲ့တွေ အိန္ဒိယနဲ့ မြန်မာနိုင်ငံအကြား ကူးလူး သွားလာပြီး အခြေစိုက် လှုပ်ရှားနေတဲ့ နေရာ ဖြစ်ပါတယ်။ အခင်း ဖြစ်ပွားတဲ့နေရာဟာ အိန္ဒိယ-မြန်မာ နယ်စပ်နဲ့ ၁၀ မိုင်လောက်ဝေးတဲ့ အိန္ဒိယ နိုင်ငံအတွင်းမှာ ဖြစ်သွားခဲ့တာလို့ ဆိုပါတယ်။

မနှစ် ဇွန်လတုန်းကလည်း လက်နက်ကိုင် သောင်းကျန်းသူတွေက အိန္ဒိယစစ်ယာဉ်တန်းကို လက်ပစ်ဗုံးတွေ၊ မောင်းပြန် သေနတ်တွေနဲ့ ခြုံခို တိုက်ခိုက်ခဲ့တဲ့အတွက် စစ်သား ၁၈ ဦး သေဆုံးခဲ့ပါတယ်။

မဏိပူရပြည်နယ်အတွင်းမှာ အခြေစိုက်တဲ့ အဓိက လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ အိန္ဒိယနိုင်ငံ အနောက်မြောက်ဒေသက တခြား လက်နက်ကိုင်အဖွဲ့အစည်းတွေလို မဟုတ်ပဲ ဗဟိုအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေ ပြုလုပ်နေခြင်း မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG