သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချန်ပီယံ စပိန် နဲ့ အီတလီ ပွဲကြို သုံးသပ်ချက်


ချန်ပီယံ စပိန် အသင်း
ချန်ပီယံ စပိန် အသင်း

ပြင်သစ်နိုင်ငံမှာကျင်းပနေတဲ့ ယူရို ၂၀၁၆ ဥရောပဖလားဘောလုံးပွဲမှာတော့ စပိန် နဲ့ အီတလီ၊ အင်္ဂလန် နဲ့ အိုက်စလန်တို့ ဒီကနေ့ ကစားကြမှာဖြစ်ပြီး ၊ စပိန်နည်းပြ ဒဲလ်ဘော့စကေးကတော့ သူ့အသင်းဟာ တကယ့်အီတလီအသင်း နဲ့ ကစားရလိမ့်မယ်လို့ မျှော်လင့်ထားပြီး၊ အီတလီနည်းပြကွန်တီကတော့ စပိန်အသင်းရဲ့ အားနည်းချက်တွေကို အသုံးချနိုင်ဖို့ လုပ်သွားမယ်လို့ ပြောလိုက်ပါတယ်။ အင်္ဂလန်နည်းပြ ရွိုင်းဟော့ဒ်ဆန်ကတော့ - အိုက်စလန်အသင်းမှာအသင်းကြီးတွေကို ဒုက္ခပေးနိုင်တဲ့ကစားသမားတွေ အများအပြားရှိတယ်လို့ ပြောလိုက်ပါတယ်။ ဒီကနေ့ကစားမယ့် ရှုံးထွက်ပွဲစဉ်အပေါ် အသင်းတွေရဲ့ ပြောကြားချက်တွေ နဲ့ ပွဲကြိုသုံးသပ်ချက်ကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။

ယူရို ၂၀၁၆ ဥရောပဖလားဘောလုံးပွဲမှာတော့ အိမ်ရှင်ပြင်သစ် ၊ ကမ္ဘာ့ချန်ပီယံ ဂျာမနီ နဲ့ ဘယ်လ်ဂျီယမ်အသင်းတို့ ကွာတားဖိုင်နယ်ကို တက်သွားပါပြီ။ တနင်္ဂနွေနေ့က ကစားတဲ့ ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်တွေမှာ ပြင်သစ်က အိုင်ယာလန်ကို ၂ ဂိုး ၁ ဂိုး ၊ ဂျာမနီက ဆလိုဗက်ကီးယားကို ၃ ဂိုး ဂိုးမရှိ ၊ ဘယ်လ်ဂျီယမ်က ဟန်ဂေရီကို ၄ ဂိုး ဂိုးမရှိ နဲ့ အသီးသီး အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်သွားတာဖြစ်ပါတယ်။

ဒီကနေ့ တနင်္လာနေ့မှာတော့ လက်ရှိချန်ပီယံစပိန် နဲ့ အီတလီ၊ အင်္ဂလန် နဲ့ အိုက်စလန်တို့ ကစားကြမှာပါ။ စပိန် နဲ့ အီတလီကတော့ လွန်ခဲ့တဲ့ ၄ နှစ် ယူရို ၂၀၁၂ ဥရောပဖလားဖိုင်နယ်ရဲ့ မကျေပွဲလို့ ဆိုရမှာဖြစ်ပြီး၊ အဲဒီတုန်းကတော့ စပိန်က ၄ ဂိုး ဂိုးမရှိ နဲ့ နိုင်ပြီးချန်ပီယံဖြစ်ခဲ့တာပါ။ ဒါပေမဲ့ စပိန်နည်းပြ ဒဲလ်ဘော့စကေး Del Bosque ကတော့ - အခုအီတလီအသင်းက ပိုကောင်းတာကြောင့် လွန်ခဲ့တဲ့ ၄ နှစ်ကလိုပြန်ဖြစ်ဖို့မရှိဘဲ၊ အခုတခါမှာ တကယ့် အီတလီအသင်းကို တွေ့ရဖို့ရှိတယ်လို့ ပြောလိုက်ပါတယ်။

“အဲဒီတုန်းက ဖိုင်နယ်မှာတွေ့တော့ သူတို့က အရမ်းပင်ပမ်းနေပြီး ဒဏ်ရာပြဿနာတွေလည်းရှိနေတော့ အခုအသင်းလို တကယ့် အီတလီအသင်း မဟုတ်ပါဘူး။ အခုက ပိုကောင်းတယ်လို့ ကျနော်ထင်တယ်။ ကျနော်တို့ ၂ သင်းက သိပ်မကွာပါဘူး။ ဘယ်သူသာတယ်ဆိုတာကတော့ ကွင်းထဲမှာကြည့်တာပေါ့။သူတို့ကစားပုံက အရမ်းထူးခြားပြီး ကောင်းပါတယ်။ သူတို့ရဲ့ ပုံစံ ဘယ်လိုရှိတယ်၊ ဘယ်လိုကစားတယ် ကျနော်တို့ သတိထားဖို့လိုသလို၊ သူတို့ကို ဘယ်လိုအနိုင်ကစားမလဲဆိုတာကိုလည်း သိဖို့လိုပါတယ်။”

အီတလီနည်းပြ အန်တိုနီယိုကွန်တီကတော့ တိုက်စစ်အားသန်တဲ့စပိန်အသင်းရဲ့ အားနည်းချက်တွေကို အသုံးချပြီး အနိုင်ရဖို့ ကြိုးစားသွားမယ်လို့ ပြောလိုက်ပါတယ်။

“ကျနော်တို့ ဒီပွဲမှာ ဘက်ပေါင်းစုံကနိုင်ဖို့လိုပါတယ်။ ဘောလုံးရတဲ့အခါ စပိန်အသင်းကို ဒုက္ခပေးနိုင်အောင်လုပ်ရမယ်။ စပိန်က မိုရာတာ၊ ဆေးလ်ဗား၊ အီနီယက်စ်တာ ၊ နိုလီတို အားလုံးကို ကျနော်တို့ သတိထားဖို့လိုသလို၊ ကျနော်တို့ ကစားနေကြအတိုင်း ကစားပြီး စပိန်ဘက်ကို ခြိမ်းခြောက်သွားရမှာပါ။ ကျနော်တို့ရဲ့ တိုက်စစ်က ဘယ်အသင်းကိုပဲဖြစ်ဖြစ် ဒုက္ခပေးနိုင်တယ်လို့ ထင်ပါတယ်။”

မြန်မာစံတော်ချိန် အင်္ဂါမနက် ၁ နာရီခွဲမှာတော့ အင်္ဂလန် နဲ့ အိုက်စလန်တို့ ပြင်သစ်နိုင်ငံ Nice မြို့မှာ ကစားကြမှာဖြစ်ပြီး အိုက်စလန်အသင်းမှာ သူတို့ကို ဒုက္ခပေးနိုင်တဲ့ ကစားသမားကောင်းတွေရှိတယ်လို့ အင်္ဂလန်နည်းပြ ရွိင်းဟော့ဒ်ဆန်က ပြောလိုက်ပါတယ်။ အင်္ဂလန်အသင်းဟာ ပထမပွဲထွက် လူစာရင်းအတိုင်း ထွက်လာဖို့ရှိပါတယ်။အင်္ဂလန် နဲ့ အိုက်စလန်တို့ အရင်က ၂ ကြိမ်တွေ့ထားတာမှာ အင်္ဂလန်က ၁ ပွဲနိုင်ပြီး ၁ ပွဲသရေကျထားပါတယ်။ ဆိုတော့ ဒီကနေ့ ပွဲစဉ် ၂ ခုအပေါ်မှာ အားကစားဆောင်းပါရှင် ဦးမြတ်သက် ဘယ်လိုသုံးသပ်ပါသလဲ။

“မြင်ရသလောက်ကတော့ အုပ်စုကစားပွဲမှာတော့ အီတလီကြိုက်တယ်ခင်ဗျ၊ အရမ်းငြိမ်တယ် နောက် ကောင်တာတက်ရင်လည်း အရမ်းငြိမ်တယ်ခင်ဗျာ။ နောက်တခုက အီတလီရဲ့ အားသာချက်က ထိပ်သီးဘော်လုံးသမားတယောက်မှမပါဘူး။ စပိန်မှာတော့ အကုန်ပါနေတယ်။ အဲဒါကြောင့် အီတလီမှာက ဖိအားနည်းနေတယ်လေ။ ဂိုးသမား Buffon ကလွဲလို့လေ ခြေကို ပန်နတီအထိ သွားနိုင်တယ်။ ပန်နတီ ကျရင်တော့ ကံတရားပဲကို နိုင်ချင်တဲ့သူနိုင်သွားတာကို။”

စပိန် နဲ့ အီတလီ နိုင်တဲ့အသင်းက ကွာတားဖိုင်နယ်မှာ ဂျာမနီ နဲ့ တွေ့မှာဖြစ်ပြီး၊ အင်္ဂလန် နဲ့ အိုက်စလန် နိုင်တဲ့အသင်းကတော့ ကွာတားဖိုင်နယ်မှာ အိမ်ရှင်ပြင်သစ် နဲ့ ကစားရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG