သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ လူမှုရေးဗီဇာမှာ နိုင်ငံရေးမလုပ်ဟု ခံဝန်ချက်မလို


နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် မြန်မာနိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းက သံရုံးနဲ့ပတ်သက်ပြီးရှင်းလင်းစဉ်။ (စက်တင်ဘာ ၁၄၊ ၂၀၁၆)
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် မြန်မာနိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းက သံရုံးနဲ့ပတ်သက်ပြီးရှင်းလင်းစဉ်။ (စက်တင်ဘာ ၁၄၊ ၂၀၁၆)

မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသားတွေအနေနဲ့ ပြည်ဝင်ခွင့် လူမှုရေး ဗီဇာ လျှောက်ထားတဲ့ အခါမှာ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင် ပတ်သက်ခြင်းမရှိပါ ဘူးလို့ ခံဝန်ကတိထိုးရတယ်ဆိုတဲ့ အချက်ဟာ မမှန်ကန်ကြောင်း မြန်မာသံရုံး အရာရှိတွေက ငြင်းဆိုလိုက်ပါတယ်။ အရင်အစိုးရလက်ထက် လူမှုရေးဗီဇာမှာရှိတဲ့ ကန့်သတ်ချက်တချို့ကို NLD အစိုးရတက်လာပြီးချိန် ကတည်းက ပြင်ဆင်ပြောင်းလဲ ခဲ့ပြီးသားဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံကို ပြောပြမှာပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ ဝါရှင်တန်ဒီစီက မြန်မာသံရုံး ကောင်စစ်ဆိုင်ရာ တာဝန်ခံအရာရှိ ဦးဆွေဆက်က ဗွီအိုအေကို အခုလိုပြောပါတယ်။

" အခုလူတွေပြောနေကြတယ်။ ဗီဇာလျှောက်ထားတဲ့နေရာမှာ ဒီနိုင်ငံရေး မလုပ်ပါဘူးဆိုတဲ့ ခံဝန်ချက်ထိုးခိုင်းတယ်ဆိုပြီး အပြင်မှာ သတင်းတွေလည်း ထွက်နေတာပေါ့ ကြားသိရပါတယ်။ တချို့ကလည်း အင်တာနက်ဝဘ်ဆိုက်ဒ်မှာ ဟိုးအရင်ပုံစံဟောင်းတွေကိုကြည့်ပြီး ပြောနေကြတယ်။ တချို့ကလည်း ဒီရက်ပိုင်းမှ ပုံစံပြောင်းသွားတယ်လို့ပြောနေကြတယ်လို့ အမျိုးမျိုး ပြောနေကြပါတယ်။ အဲ့ဒီ့တော့ အဲ့တာလေးနဲ့ပတ်သက်လို့ ကျနော်တို့ရှင်းပြချင်ပါတယ်။ ကျနော်တို့ ဒီမြန်မာနိုင်ငံသားဟောင်းတွေပေါ့ မြန်မာနိုင်ငံကို ပြည်ဝင်ခွင့် လူမှုရေးဗီဇာ လျှောက် ထားတဲ့အခါမှာ နိုင်ငံရေး မလုပ်ပါဘူးလို့ ခံဝန်ချက်တောင်းတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး။ ဟိုးအရင်ပုံစံအဟောင်းတွေတုန်းက အဲ့လိုပုံစံမျိုး စာပိုဒ်တွေ ပါဝင်ပေမဲ့ ကျနော်တို့ အခုလက်ရှိအစိုးရ စတင်တာဝန်ယူတဲ့အချိန်ကစပြီးတော့ ပုံစံတွေက ပြောင်းထားခဲ့ပြီးဖြစ်ပါတယ်။ အခုမှ ပြောင်းတာမဟုတ်ပါဘူးခင်ဗျ။

ပြီးတော့ လက်ရှိပုံစံတွေကိုလည်း ကျနော်တို့ မြန်မာသံရုံးရဲ့ ဝဘ်ဆိုက်ဒ် စာမျက်နှာဖြစ်တဲ့ http://www.mewashingtondc.com/visa_en.php မှာ ကြည့်လို့ရပါတယ်။ အဲ့ဒီ့မှာဆိုရင် ကျနော်တို့ ဗီဇာ(၁၂)မျိုး ကျနော်တို့ ဖော်ပြ ထားပါတယ်။ အဲ့ဒီ့အထဲကနေမှ Social Visa ကို သွားရမှာပါ။ အရင် တချို့ Search တွေမှာတော့ အရင်ပုံစံအဟောင်းကို Link ဖြစ်နေတာတွေ ကျနော်တို့လည်း တွေ့ပါတယ်။ အဲ့တာကြောင့် တချို့တွေကလည်း လှမ်းပြီး ဘယ်ဟာ အမှန်လဲဆိုတာ မေးတာတွေလည်း ကျနော်တို့ ကြုံရပါတယ်။ ကျနော်တို့လည်း သက်ဆိုင်ရာ Web Master တွေလည်း ပြောထားပါတယ်။ အရင်အဟောင်းတွေ ကို ပြန်ပြီး ဖြုတ်ပေးဖို့။ တချို့ဟာတွေလည်း ကျနော်တို့ လက်လှမ်းမှီ သလောက် ပြန်ဖြုတ်ထားပြီးပါပြီ။ ကျနော်တို့ရဲ့ Official Site မှာကတော့ ဒီနိုင်ငံရေး မလုပ်ပါဘူးလို့ တောင်းထားတဲ့ဟာ မရှိပါဘူး။ တခုရှိတာကတော့ ဗီဇာပုံစံ အင်္ဂလိပ်ဗီဇာပုံစံမှာကတော့ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေကို လိုက်နာရမယ်။ တည်ဆဲဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ခဲ့ရင်တော့ ဥပဒေအရ အရေးယူခြင်းခံရမယ်တို့ ပြီးတော့ မြန်မာနိုင်ငံကို ဆန့်ကျင်တဲ့ မည်သည့်ကိစ္စကိုမှ မလုပ်ပါဘူးတို့ အခြေခံစည်းမျဉ်းစည်းကမ်းအချက်များ အဲ့တာကတော့ ဗီဇာမှာ ပါပါတယ်ခင်ဗျ။ ဒါ ဗီဇာကို English လို ရေးတဲ့ဖောင်မှာပါ။ အပြင်မှာ ပြောနေကြသလို နိုင်ငံရေး မလုပ်ပါဘူးဆိုတဲ့ ခံဝန်ထိုးရမယ်ဆိုတဲ့ဟာကို လုံးဝ မဟုတ်ပါဘူး။ ကျနော်တို့ လုံးဝ တောင်းခံခြင်းမရှိပါဘူး။"

ဒါအပြင် ဒီပြောင်းလဲပြင်ဆင်ချက်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်မတိုင်ခင် လွန်ခဲ့တဲ့ လတွေကတည်းက ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဦးဆွေဆက်က ပြောပါတယ်။

" အဲ့ဒီ့အရင်မတိုင်ခင်ကတည်းက ဗီဇာလျှောက်သွားဖူးကြတာ အများကြီးပါပဲ။ ကျနော်တို့ ထုတ်ပေးခဲ့တာလေ။ ကာယကံရှင်တွေဆိုလည်း သိကြပါတယ်။ ဒီမှာ နိုင်ငံရေးမလုပ်ရပါဘူးဆိုတဲ့ခံဝန် ကျနော်တို့ လုံးဝ ဒီအစိုးရ တက်ကတည်းက မရှိတော့ပါဘူး။"

အမေရိကန် အနောက်ခြမ်း လောစ်အိန်ဂျလိစ်မြို့မှာ ပြီးခဲ့တဲ့နှစ် မေလက စတင် ဖွင့်လှစ်ခဲ့တဲ့မြန်မာ ကောင်စစ်ဝန်ရုံးမှာတော့ ဒီလိုခံဝန်ချက်မျိုး အရင်ကတည်းက ထည့်သွင်းမထားခဲ့ဘူးလို့ သံရုံး အရာရှိတဦးက ပြောပါတယ်။

" ကျနော်တို့ဆီမှာတော့ ဒီမှာ စ ရုံးဖွင့်ကတည်းက ဒီဖောင်ကတော့ Application Form ကတော့ အတူတူပဲ သိပ်မကွာဘူး အချက်အလက်တွေကတော့ ဒီဝါရှင်တန်ရုံးနဲ့ ကျနော်တို့ LA ရုံးနဲ့ အဓိကပေါ့နော်။ အဲ့ဒီ့ ခံဝန်ကတိ ကိစ္စနဲ့ပတ်သက်လို့ကတော့ ကျနော်တို့မှာ ဝဘ်ဆိုက်ဒ်ရှိပါတယ်။ အစိုးရသစ် လက်ထက်မှာ ဒီအတိုင်းပဲ အခုတင်ထားတဲ့ဖောင်အတိုင်းပဲ ကျနော်တို့တင်ထားပါတယ်ခင်ဗျာ။"

လောစ်အိန်ဂျလိစ်အခြေစိုက် မန္တလေး ဂေဇက်သတင်းစာက မနီလာစိန် ကလည်း မြန်မာပြည်ကိုပြန်တဲ့အချိန် လူမှုရေးဗီဇာလျှောက်တဲ့ အတွေ့အကြုံကို အခုလိုပြောပြပါတယ်။

" ခံဝန်ချက်က ကျမတို့အရင်ကတည်းကလေ တခါမှ မထိုးခဲ့ရဘူးရှင့်။ ဒေါ်စု တက်လာပြီးနောက်ပိုင်းလည်း မထိုးခဲ့ရပါဘူး။ ဆိုရှယ်ဗီဇာနဲ့က မြန်မာပြည်ကို ၂၈ရက်ပဲ နေထိုင်ခွင့်ရှိတယ်။ အဲ့တော့ မြန်မာပြည်မှာ ထပ်ပြီးတော့ သက်တမ်းပြန်တိုးရတယ်။ သက်တမ်းတိုးရတဲ့အခါမှာ တကယ်တမ်းပြောရရင် အင်မတန်မှ ခက်ခဲတယ်။ အဲ့ဒီ့အတွက်တော့ တော်တော်ကို စိတ်ညစ်ပါတယ်။"

အရင် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားတဲ့ မြန်မာလူမျိုးတွေ လူမှုရေး အလည်အပတ် ဗီဇာလျှောက်တဲ့ အခါမှာ နိုင်ငံရေး၊ စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှု မရှိပါဘူးဆိုတဲ့ သက်ဆိုင်ရာ မြန်မာသံရုံးတွေက သံအမတ်ကြီးတွေဆီလိပ်မူပြီး ခံဝန်ချက်လက်မှတ် ရေးထိုးရတဲ့ လျှောက်လွှာရှိခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ ပြင်းထန်တဲ့ ဝေဖန်ချက်အမျိုးမျိုးထွက်ခဲ့သလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မကြာသေးခင်က အမေရိကန်ပြည်ထောင်စု ခရီးစဉ်မှာလည်း ဒီလိုခံဝန်ချက်မျိုး မရှိသင့်တော့ကြောင်း မြန်မာမိသားစုတွေနဲ့ နယူးရောက်က မြန်မာကောင်စစ်ဝန်ရုံးမှာ ကျင်းပတဲ့ တွေ့ဆုံပွဲ မှာ ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG