သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မကောင်းတဲ့ခေါင်းဆောင်ကို ဖယ်ရှားရုံနဲ့ တိုင်းပြည်ကောင်းအောင် လုပ်နိုင်သလား (အပိုင်း-၁)


တိုင်းပြည်ချစ်စိတ် မျိုးချစ်စိတ်တွေကို အခြေခံတဲ့ ယုံကြည်ချက် ခံယူချက်တွေနဲ့ တပ်မတော်မှာ ဝင်ရောက် စစ်မှုထမ်းကြသူူ တပ်မတော်အရာရှိတွေဟာ မိမိတို့နိုင်ငံ မှာ အဆိုးဘက်ကိုဦးတည်တဲ့ ဖြစ်ပေါ်ပြောင်းလဲမှုတွေနဲ့ ကြုံတွေ့ကြရတတ်ပါတယ်။ အဲဒီအခါမှာ တိုင်းပြည်ချစ် စိတ် မျိုးချစ်စိတ်ပြင်းထန်တဲ့ တပ်မတော်အရာရှိတွေရဲ့ တုန့်ပြန်ဆောင်ရွက်ကြမှုတွေကို ဒီ တစ်ပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ “မကောင်းတဲ့ခေါင်းဆောင်ကို ဖယ်ရှားရုံနဲ့ တိုင်းပြည် ကောင်းအောင်လုပ်နိုင်သလား” ခေါင်းစဉ် (ပထမပိုင်း) မှာ ဆွေးနွေး တင်ပြထားပါတယ်။

ဦးရော်နီညိမ်း။ ။ ဒုတိယကမ္ဘာစစ်ကြီးကာလ ၁၉၄၄ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့မှာ နာဇီ ဂျာမနီ ခေါင်းဆောင် ဟစ်တလာကို လုပ်ကြံခဲ့တာမှာ မအောင်မြင်တာကြောင့် ဂျာမန်တပ်မတော်က ဒုတိယဗိုလ်မှူးကြီး Schenk Graf von Stauffenberg ဟာ နောက် တစ်နေ့မှာပဲ သေဒဏ်ပေး ကွပ်မျက်ခံခဲ့ရပါတယ်။ ဂျာမန်မူးမတ် မျိုးရိုးကနေ ပေါက်ဖွားလာခဲ့တဲ့ ဒုဗိုလ်မှူးကြီး Stauffenbergဟာ ဒုတိယကမ္ဘာစစ်အတွင်း တိုက်ပွဲတစ်ပွဲမှာ လက်တစ်ဘက် ဖြတ်ပစ်ခဲ့ရတဲ့အထိ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့သူဖြစ်လို့ ဂျာမန်တပ်မတော်ရဲ့ သူရသတ္တိဆိုင်ရာ အမြင့်ဆုံးဘွဲ့တဆိပ်ဖြစ်တဲ့ သံမဏိကြက်ခြေ(Cross of Iron)ဘွဲ့တံဆိပ်ကိုရရှိခဲ့သူ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက O.T.S အပတ်စဉ် (၂၉) ဗိုလ်သင်တန်းကဆင်းခဲ့တဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်ဟာလည်း ထူးချွန်သူဖြစ်တာကြောင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးသူရကျော်ထင်ရဲ့ ကိုယ်ရေးအရာရှိအဖြစ် ခံစားခွင့်အထူးအခွင့်အရေးတွေနဲ့ မြှောက်စားခံခဲ့ရသူ ဖြစ်ပါတယ်။ ဗိုလ်ကြီးအုန်းကျော်မြင့်ဟာလည်း အဲဒီအချိန်က မြန်မာနိုင်ငံရဲ့ခေါင်းဆောင် ဦးနေဝင်းကို လုပ်ကြံဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် ကြိုးပေးကွပ်မျက်တာ ခံခဲ့ရပါတယ်။

ဒီပုဂ္ဂိုလ်နှစ်ဦးတို့ဟာ မိမိတို့ယုံကြည်ကိုးစားလို့ ဝင်ရောက်အမှုထမ်းခဲ့တဲ့ မိမိတို့တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းရဲ့ ထိပ်ဆုံးက ခေါင်းဆောင်ကို လုပ်ကြံဖယ်ရှားမှ ဖြစ်တော့မယ်လို့ အတွေးအခေါ်တွေ ဘာကြောင့်ဝင်လာရသလဲလို့ မဆန်းစစ်ခင် တပ်မတော် အရာရှိတွေဟာ တပ်မတော်ဆိုတဲ့ နိုင်ငံတစ်ခုရဲ့လက်နက်ကိုင်အဖွဲ့အစည်းထဲကို ဝင်ရောက်အမှုထမ်းဖို့ ဘယ်လိုအချက်တွေက စေ့ဆော်ပေးခဲ့သလဲ၊ ဘယ်လိုခံယူချက်မျိုးတွေနဲ့ စစ်မှှုထမ်းဘဝကို ခံယူခဲ့ကြသလဲ ဆိုတာတွေကို သိရှိနိုင်ဖို့ အခုအခါမှာ မြန်မာစစ်အစိုးရ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့အတူ (၄) နှစ်တာ တပ်စုတစ်စုတည်း စစ်ပညာ၊ ခေတ်ပညာတွေ သင်ယူခဲ့တဲ့ စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ်စဉ် (၁) ကဆင်းတဲ့ ဗိုလ်ကြီးဟောင်းဦးခင်မောင်ညွန့်ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဦးရော်နီညိမ်း။ ။ အန်ကယ်(လ်) ဦးခင်မောင်ညွန့်၊ ဒီ စစ်တက္ကသိုလ် ဗိုလ်သင်တန်းအပတ်စဉ် (၁) ကို တက်တဲ့အချိန်တုန်းကဆိုလ့ို ရှိရင် မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးတာ သိပ်မကြာသေးတဲ့အချိန်ဖြစ်လို့ လူငယ်လူလတ်တွေဟာ အခုခေတ်နဲ့မတူဘဲ နိုင်ငံရေး အခံတွေလည်း ရှိနေကြပြီးတော့ နိုင်ငံရေးစိတ်ဓာတ်တွေလည်း တရှိန်ရှိန်နဲ့ ကျန်ရှိနေကြဦးမဲ့အချိန်လို့ ကျနော်တို့ အခု မှန်းကြည့်လို့ ရပါတယ်။ အဲဒီတော့ အန်ကယ်(လ်)ဦးခင်မောင်ညွန့် ဒီစစ်တပ်ဆိုတဲ့အဖွဲ့အစည်း၊ ဗြိတိသျှတော်လှန်ရေး၊ ဂျပန်တော်လှန်ရေးတို့ကနေ ပေါက်ဖွားလာခဲ့တဲ့ တပ်မတော်၊ အခု လွတ်လပ်ရေးရပြီးတော့ အန်ကယ်(လ်)တို့လူငယ်ဘဝမှာ ဖြစ်ပေါ်နေတဲ့ ခေတ်သစ်တပ်မတော်ကို ဝင်ရောက် အမှုထမ်းဖို့ ဘယ်လိုအချက်တွေက အန်ကယ့်ကို စေ့ဆော်တိုက်တွန်းမှု ဖြစ်ပေါ်စေခဲ့ပါသလဲ။

ဦးခင်မောင်ညွန့်။ ။ ပထမဆုံးကတော့ ကျနော်တို့ လူငယ်လူရွယ်ပေါ့နော်၊ အထူးသဖြင့်တော့ အရွယ်ရောက်လာတဲ့ ယောက်ျား လေးတိုင်းပေါ့နော်၊ ခက်ခက်ခဲခဲပေါ့လေ။ အန္တရာယ်ကြီးတဲ့လုပ်ငန်းမျိုး၊ စွန့်စားပြီး လုပ်ရတဲ့လုပ်ငန်းမျိုးကို ဂုဏ်ယူပြီးတော့ လုပ်ချင်ကြ တယ်ပေါ့နော်၊ အဲဒီလိုလည်း စိတ်ဓာတ်တွေက ရှိနေကြတယ်ပေါ့။ နောက်ပြီးတော့ တိုင်းပြည်မှာလည်း အဲဒီအချိန်အခါက တပ်မတော် အပေါ်မှာ တော်တော်လေးကို လေးစားချစ်ခင်ပြီးတော့ တပ်မတော်သားဆို အင်မတန်မှကို လူတွေက ကြည်ညိုလေးစားပြီးတော့ တပ်မတော်သားဖြစ်တဲ့ ပုဂ္ဂိုလ်တွေဟာလည်း ဂုဏ်ယူရတဲ့ အခြေအနေမျိုးပေါ့ဗျာ။ အဲဒီလို အခြေအနေမျိုးမှာဆိုတော့ ဘာပဲဖြစ်ဖြစ် ရွပ်ရွပ်ချွံချွံ ရဲရဲဝံ့ဝံ့ လုပ်ချင်ကိုင်ချင်တဲ့ စိတ်ရှိတဲ့လူတိုင်း နောက်ပြီး တိုင်းပြည်နဲ့လူမျိုးကို ဘာပဲဖြစ်ဖြစ်ချစ်တဲ့လူတိုင်းဟာ စစ်တပ်ထဲကို ဝင်ကြတယ်ဆိုတာ အင်မတန် ခေတ်စားတာပေါ့ဗျာ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အန်ကယ်(လ်) ဦးခင်မောင်ညွန့်။ ကိုယ်ဝင်မယ်လို့ရည်စူးလိုက်တဲ့ အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေ၊ တပ်မတော်ခေါင်းဆောင်တွေကို ကိုယ် တပ်ထဲမဝင်ခင်မှာ အဲဒီခေတ်က မီဒီယာတွေအရ (သို့မဟုတ်) အကြောင်းအမျိုးမျိုးနဲ့ အန်ကယ်(လ်) သိရှိထားပါသလား ခင်ဗျ။ ဘယ်သူဟာ ငါတို့ ဒီတပ်ရဲ့ ခေါင်းဆောင်တွေလဲ စသည်ဖြင့်ပေါ့။

ဦးခင်မောင်ညွန့် ။ ။ ဪ.. ကျနော်တို့ ဒီတပ်ထဲကို ဝင်တဲ့အချိန်မှာတော့ တပ်မတော်မှာ ခေါင်းဆောင်ရယ်လို့ ဗိုလ်ချုပ်ကြီး နေဝင်းပေါ့။ သို့သော်လည်း ဒီတပ်မတော်ကို စတင်ပြီးတော့ တည်ထောင်ခဲ့တဲ့ပုဂ္ဂိုလ်တွေထဲမှာ ဒီလိုပဲ တိုင်းပြည်အတွက်ကို စွန့်စွန့်စားစား ရွပ်ရွပ်ချွံချွံနဲ့ အကုန်လုံးစွန့်လွှတ်ပြီး လုပ်တဲ့ပုဂ္ဂိုလ်တွေက တော်တော်များခဲ့ပါ တယ်။ အဲဒီ ပုဂ္ဂိုလ်တွေကိုလည်း ယုံကြည်တယ်၊ သူတို့ရဲ့ စေတနာ၊ သူတို့ရဲ့လုပ်ရပ်တွေကိုလည်း ချီးကျူးတယ်၊ ဂုဏ်လည်းပြုတယ်၊ ဒီလိုလူတွေတောင် လုပ်နိုင်သေးတာပဲ၊ ဒို့လည်း ဘာပဲဖြစ်ဖြစ် တိုင်းပြည်နဲ့လူမျိုးအတွက်တော့ လုပ်သင့်တယ်လို့လည်း အန်ကယ်(လ်)တို့ ထင်ပါတယ်။ နောက်တစ်ခုကလည်း ဒို့နောက်မှာ၊ တပ်မတော် သားတွေရဲ့နောက်မှာ ပြည်သူလူထု က အမြဲတမ်းရှိနေတယ်။ တပ်မတော်သားတွေက ပြည်သူလူထုရဲ့ဆန္ဒကို ဦးထိပ်ထားပြီးတော့ ဆောင်ရွက်နေတဲ့အတွက်ကြောင့် ကြည်ညိုမှုတွေ ရှိနေတယ်။ အဲဒီတော့ ပြည်သူနဲ့တပ်မတော်နဲ့ဟာ မေတ္တာမျှပြီးတော့ ချစ်ခင်မှုက အစဉ် တည်တံ့တည်မြဲပြီး ရှိနေလိမ့်မယ်။ ပြည်သူနဲ့ တစ်သားတည်းရှိနေတဲ့တပ်ကတော့ ဘာပဲဖြစ်ဖြစ် တိုင်းပြည်အတွက်ကိုတော့ ရွပ်ရွပ်ချွံချွံ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိတာနဲ့ တပ်ထဲရောက်လာတာပဲ ဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ နောက်တစ်ခုက ပုဂ္ဂိုလ်ခင်မှ တရားမင်တယ်ဆိုတဲ့ စကားရှိသလိုပေါ့နော်၊ ဒီအဖွဲ့အစည်းကို ခုနကပြောသလို ကိုယ်က ယုံကြည်လေးစားလို့ ဝင်တာဖြစ်သလို အဲဒီအဖွဲ့အစည်းခေါင်းဆောင်က အဲဒီအချိန်တုန်းက အန်ကယ်(လ်)ပြောတဲ့အတိုင်းဆို ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်ချုပ်ကြီးနေဝင်းဆိုတော့ ကိုယ်တပ်ထဲဝင်ခါစ (၁၆) နှစ် (၁၇)နှစ်အရွယ်မှာ ဒီပုဂ္ဂိုလ်ကြီးတွေကို အန်ကယ်လ် တို့ လေးစားယုံကြည်တဲ့စိတ် ဖြစ်ပေါ်ခဲ့ပါသလား ခင်ဗျ။ တပ်ထဲမဝင်ခင်မှာရော၊ ဝင်ခါစ အချိန်မှာရော။

ဦးခင်မောင်ညွှန့် ။ ။အမှန်ပြောမယ်ဆိုလို့ရှိရင်တော့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့အကြောင်းကို စေ့စေ့ငှငှ မသိရမီကတော့ သူ့အပေါ်မှာ ယုံကြည်အားကိုးမှု၊ အထင်ကြီးမှုဆိုတာ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့ ကြည်ညိုလေးစားပြီးတော့ အင်မတန်မှကို ဂုဏ်ယူစရာ ကောင်းတဲ့ ပုဂ္ဂိုလ်တွေထဲမှာတော့ သူမပါပါဘူး။

ဦးရော်နီညိမ်း။ ။ အဲဒီလိုဖြစ်လာရာကနေပြီးတော့ အန်ကယ်လ်တို ့ဘယ်အချိန်မှာ ဘယ်လိုမျိုး “ဒါကတော့ မဟုတ်တော့ဘူး မှား နေပြီ။ တို့ခေါင်းဆောင်တွေကတော့ မှားနေပြီ” (သို့မဟုတ်) “တို့ခေါင်းဆောင်ကြီးကတော့ မှားနေပြီ၊ တိုင်းပြည်အတွက်က သူလုပ်နေတာ မဟုတ်တော့ဘူး” ဆိုတဲ့ အတွေးအခေါ်မျိုး ဘယ်လိုအကြောင်းကြောင့် ဘယ်လိုအချိန်လောက်မှာ အန်ကယ့်ခေါင်းထဲကို ဝင်ခဲ့ပါသလဲ။ တခြားကြောင့် ပြောတာမဟုတ်ပါဘူး။ အန်ကယ်(လ်)ဟာ နောက်ပိုင်းမှာ ဒီတပ်မတော်ခေါင်းဆောင်တွေကို အံတုတော်လှန်ဖို့ ကြိုးစားခဲ့တဲ့ တပ်မှူးဟောင်း တစ်ယောက်ဖြစ်လာတာကို အန်ကယ့်သမိုင်းမှာ ပြန်တွေ့ရလို့ မေးတာပါ ခင်ဗျ။

ဦးခင်မောင်ညွှန့်။ ။ဟုတ်ကဲ့။ ၁၉၅၈ ခု၊ အဲဒီမှာ တည်မြဲ-သန့်ရှင်း အကွဲအပြဲမှာ စတင်ပြီးတော့ ဖြစ်လာပါတယ်။

ဦးရော်နီညိမ်း။ ။ အဲဒီတုန်းက အန်ကယ်လ် ဗိုလ်သင်တန်းမဆင်းရသေးဘူးပေါ့ နော်။

ဦးခင်မောင်ညွှန့်။ ။ အဲဒီအချိန်မှာ ဗိုလ်သင်တန်း မပြီးသေးဘူး။ တက်နေတာ ကျနော်တို့ (၂) နှစ်လောက် ရှိဦးမယ်ခင်ဗျ။ စစ်တက္ကသိုလ်မှာ (၂) နှစ်ပဲ ရှိသေးတယ်။

ဦးရော်နီညိမ်း။ ။ ဆိုတော့ အဲဒီအချိန်ကတည်းက ဒါ တစ်မျိုးမြင်လာပြီပေါ့- ကိုယ့်စိတ်ထဲမှာ။

ဦးခင်မောင်ညွှန့်။ ။ ဟုတ်ကဲ့။ စိတ်ထဲမှာ မနှစ်မြို့တဲ့အချက်ကတော့ ဒီ သန့်ရှင်း-တည်မြဲ အကွဲအပြဲ ဖြစ်ပြီးတဲ့နောက် တပ်မတော် ကနေ ဆောင်ရွက်မှုအပိုင်းတွေနဲ့ ပတ်သက်လို့ကတော့ တစ်ဘက်လိုက်တယ်ဆိုတာမျိုးကို သိရှိလာတဲ့အခါမှာ တော်တော်ကို စိတ်ပျက် လာမိပါတယ်။

အဲ..နောက်တော့ (၆၂)ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်းက တိုင်းပြည်အာဏာကို သူတာဝန်ယူလိုက်ရပါတယ်လို့ ကြေညာပြီးတဲ့နောက် မရှေး မနှောင်းပဲပေါ့။ အရေးအခင်းပေါ့ 7th July ဖြစ်တာပေါ့။ အဲဒီမှာက တက္ကသိုလ်ကျောင်းသားတွေထဲမှာ သွေးထွက်သံယို ကိစ္စတွေဖြစ်ပြီး တော့ ကျဆုံးသွားတဲ့ကျောင်းသားပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ်။ အဲဒါဖြစ်ပြီးတဲ့နောက်မှာ တိုင်းပြည်ကနေ ပြည်သူလူထု အများစုက တပ်မတော် ခေါင်းဆောင်ပေါ်မှာ မကြည်ညိုသလို တပ်မတော်သားတွေအပေါ်မှာကို မုန်းတီးရွံရှာတဲ့ဟာမျိုးကို အန်ကယ်(လ်) သိလာရ တယ်။ အန်ကယ်(လ်)က ရန်ကုန်နဲ့နီးတဲ့ မြစ်ဝကျွန်းပေါ် မြို့တစ်မြို့မှာ တာဝန်ယူရတော့ တခါတရံမှာ ရန်ကုန်ကို T dutyနဲ့ (Temporary duty) (ယာယီတာဝန်)သွားရတဲ့အခါမှာ စစ်ရုံးကို သတင်းပို့၊ ကိစ္စ ဝိစ္စပြီးလို့ရှိရင် အချိန်လေးပိုနေတဲ့အချိန်မှာ ဈေးလေးဘာလေး သွားပေါ့၊ စကော့ဈေးတို့ တခြားနေရာတွေ ဆိုင်တွေ ဘာတွေ ရောက်သွားရင် ဒီ 7th July အရေးအခင်းကလည်း ပြီးခဲ့တာ မကြာသေးဘူး။ စီးပွား ရေး အခြေအနေတွေကလည်း တိုင်းပြည်အတွင်းမှာ တဖြည်းဖြည်းကျဆင်းလာတယ်ဆိုတော့ ပြည်သူလူထုက ကိုယ့်ကိုကြည့်တဲ့အကြည့် မျိုးက ယူနီဖောင်းနဲ့တွေ့လိုက်ကတည်းက သူတို့ရဲ့အကြည့်တွေ၊ သူတို့ရဲ့မျက်လုံးတွေကို ကြည့်ရတာ ကိုယ့်ကိုယ်ကို တော်တော်ကို ဝမ်းလည်းဝမ်းနည်းမိတာပေါ့။ နောက်ပြီးတော့လည်း တိုင်းပြည်မှာ ပြည်သူလူထုအများစုကတော့ ဒီလို အခြေအနေ ဖြစ်နေပါပြီလား။ ကိုယ့်ဘာသာ ယူနီဖေါင်းဝတ်ပြီးသွားမိတာ “ငါမှားမိလေခြင်း”လို့ ဒီ ခံစားချက်မျိုးကို ရလာတယ်။ ဒါကတော့ တကယ့် ကိုယ်တွေ့အဖြစ်အ ပျက်ပါပဲ။

ဦးရော်နီညိမ်း။ ။ အန်ကယ်(လ်) ၁၉၆၂ ခုနှစ် မတ်လ(၂)ရက်နေ့ အာဏာသိမ်းတုန်းကရော ဟာ ဒါက ငါတို့တပ်က ငါတို့ ခေါင်း ဆောင်တွေ ကိုယ်တိုင် ဦးစီးဦးဆောင်လုပ်တဲ့ ကိစ္စပဲ။ အဲဒီတော့ ဒါကို အောက်က တပ်မှူးငယ်လေး တစ်ယောက်အနေနဲ့ ဒီအပေါ်မှာ တက်တက်ကြွကြွ မဖြစ်မိဘူးလား ခင်ဗျ။ “တိုင်းပြည်ရဲ့အပြောင်းအလဲ၊ ကံကြမ္မာ အပြောင်းအလဲမှာ ငါတို့တပ်ကလုပ်တယ်။ အဲဒီတော့ ငါကလည်း အဲဒီအထဲမှာ တပ်မှူးငယ် တစ်ယောက်အနေနဲ့ ငါကိုယ်တိုင် ပါဝင်နေပြီပဲ” ဆိုတဲ့ ဒီလိုမျိုးကော ဖြစ်မိပါသလား။ အဲဒီလို ခံစားမှု မျိုး။

ဦးခင်မောင်ညွှန့် ။ ။ ဖြစ်ပါတယ်။ ဘာလို့ဖြစ်လည်းဆိုလို့ရှိရင် အဲဒီတုန်းကလည်း နိုင်ငံရေးပါတီတွေ အာဏာရရော၊ အာဏာမရတဲ့ ပါတီတွေထဲမှာရော သူတို့နိုင်ငံရေးသမားအချင်းချင်း မပြေလည်မှုတွေကြောင့် အချင်းချင်းစွပ်စွဲကြပြီးတော့ အပုပ်ချပွဲတို့၊ ကလော်တုတ်ပွဲ တို့နဲ့ အဲဒီပုဂ္ဂလိကပြဿနာတွေကပဲ ရှေ့တန်းတင်ပြီးဖြစ်နေတော့ အများစုကလည်း နိုင်ငံရေးသမားကို တော်တော်လေးကို တန်ဖိုးမထား တဲ့ ကာလမျိုးပေါ့။ အဲဒီတုန်းကလည်း မြန်မာပြည်မှာရှိတဲ့ ပြည်သူတွေအများစုက ဘာပဲဖြစ်ဖြစ် ဒီ ဆိုရှယ်လစ်စနစ်ကို သက်ဝင်ယုံကြည်မှု ရှိကြတယ်။ ကွန်မြူနစ်တွေကလည်း ဆိုရှယ်လစ်စနစ်ပဲ။ ဒီ အာဏာရတဲ့ ဖဆပလကလည်း ဆိုရှယ်လစ်စနစ်ပဲ။ ဒါပေမယ့် အဲဒီလိုနဲ့ ပြော ပြောနေကြတဲ့ ဆိုရှယ်လစ်စနစ်ရဲ့ ပုံပန်းသဏ္ဌန်ကို ပေါ်လွင်အောင် မဖော်ထုတ်နိုင်ကြဘူး။ အဲဒီတော့ တို့စစ်တပ်ကများ- တပ်ကတော့ ပြောလို့ရှိရင် ပြောသလိုလုပ်တယ်ဆိုတော့ အထင်ကြီးပြီးတော့ အေး ဟုတ်မှာပဲလို့ အဲဒီလို ထင်မိတဲ့အချက်တွေလည်း ပါတယ်။ နောက်မှ ဒါတွေက တဖြည်းဖြည်းမှားလာတယ်ဆိုတာ အဲဒါ ၁၉၆၃ - ၆၄။ အဲဒီ နောက်ပိုင်းအခြေအနေတွေက တဖြည်းဖြည်းဖြစ်လာတာ။ ဒါ ဆိုရှယ် လစ်စနစ်ဆိုတာ အလကားပဲ။ ဒါ အသံကောင်းဟစ်ပြီးတော့ ကြွေးကြော်နေတာပဲဖြစ်တယ်။ တကယ်ကတော့ သူ့အာဏာရှင်စနစ်ကို တည်ထောင်နေတာပဲဆိုတာ နောက်ဆုံးမှာ ဘွားဘွားကြီး သိလာရတာကိုး။

ဦးရော်နီညိမ်း။ ။ ယခုအခါမှာ ပြည်ပအခြေစိုက် မြန်မာနိုင်ငံမျိုးချစ်စစ်သည်ဟောင်းများ အစည်းအရုံးရဲ့ ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ ဗိုလ်ကြီးဟောင်းဦးခင်မောင်ညွန့်ကို ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။ နောက်တစ်ပတ် ဇွန်လ(၂၇)ရက်၊ တနင်္ဂနွေနေ့ မနက် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာတော့ “မကောင်းတဲ့ခေါင်းဆောင်ကို ဖယ်ရှားရုံနဲ့ တိုင်းပြည်ကောင်း အောင် လုပ်နိုင်သလား” ဆိုတဲ့ ခေါင်းစဉ်ရဲ့ ဒုတိယပိုင်း ဆွေးနွေးချက်တွေကို တင်ဆက်သွားမှာဖြစ်ပါတယ်။ စောင့်မျှော် နားဆင်ကြပါ ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။

ê

XS
SM
MD
LG