သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ခိုင်ဖြိုး ခေါင်းဆောင်ဟောင်းတချို့ ထုတ်ပယ်မှု ပါတီစည်းလုံးရေး ထိခိုက်စေ


 ရန်ကုန် ပြည်ခိုင်ဖြိုးပါတီ ဖွင့်ပွဲအခမ်းအနားတွင် ပါတီဝင်များကို တွေ့ရစဉ် (သြဂုတ်လ ၂၀ ရက်၊ ၂၀၁၀)
ရန်ကုန် ပြည်ခိုင်ဖြိုးပါတီ ဖွင့်ပွဲအခမ်းအနားတွင် ပါတီဝင်များကို တွေ့ရစဉ် (သြဂုတ်လ ၂၀ ရက်၊ ၂၀၁၀)

သူရဦးရွှေမန်းအပါအဝင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်ဟောင်းတချို့ကို ပါတီဝင်အဖြစ်က ထုတ်ပစ်တာမျိုးဟာ ပါတီတွင်း စည်းလုံးညီညွတ်ရေးကို ထိခိုက်စေသလို၊ အဲဒီလုပ်ရပ်ကြောင့် ရွေးကောက်ပွဲမှာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရကြောင်း ပါတီခေါင်းဆောင်တချို့ကသုံးသပ် ပါတယ်။ ပြည်ခိုင်ဖြိုးပါတီဟာ ပါတီအမည်ခံထားတယ်ဆိုပေမယ့် နိုင်ငံရေးပါတီအသွင်ဆောင်တဲ့ ပါတီတခု မဟုတ်ဘူးလို့ သုံးသပ်သူတွေလဲ ရှိနေပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

သူရဦးရွှေမန်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌရာထူးကနေ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၁၂ ရက်နေ့မှာ ဖြုတ်ချလိုက်ပြီးနောက်ပိုင်း သူရဦးရွှေမန်းအပါအဝင် သူနဲ့နီးစပ်သူတွေကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပါတီကနေထုတ်ပစ်တဲ့ကိစ္စမှာ သူတို့ပါတီ ဗဟိုကော်မတီဝင်တွေ ကိုယ်တိုင် မသိရှိရကြောင်း ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲမှာ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သူ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးဝင်းမြင့် က VOA ကိုပြောပါတယ်။

“တရားဝင်စာလည်းထွက်တာမဟုတ်ဘူး။ သတင်းထုတ်ပြန်တာလည်းမရှိဘူး။ နည်းနည်းလေး ခိုင်လုံတာကတော့ ခါတိုင်းကသူတို့ တွဲဖက်အထွေထွေအတွင်းရေးမှူးဦးသိန်းဇော်တို့ ၊ ဦးမောင်မောင်သိန်းတို့ခေတ်က သူတို့ကိုယ်စား ပြောပြောနေတဲ့ ကိုတင့်ဇော်ဆိုတာ ကျနော်တို့လိုမျိုးဗဟိုကော်မတီဝင်ပေါ့။ ဌာနချုပ်မှာလည်း ဌာနအကြီးအမှူးတခုကိုင်ထားတာဆိုတော့ သူကပြောတယ်ဆိုလို့သာ ကျနော်တို့ကလည်း ဒီဟာဖြစ်နိုင်တယ်ဆိုပြီး ဒီလိုပဲ သုံးသပ်လို့ရတာကို။ ဒါကတော့ သူတို့ CEC က ဆုံးဖြတ်တယ်ထင်တယ်။CEC ကတော့ ပါတီဝင်အဖြစ်လက်ခံခြင်းတို့ ၊ ပါတီဝင်အဖြစ်ကထုတ်ပယ်ခြင်း တို့တော့ လုပ်ခွင့်ရှိတာပေါ့ဗျာ။ သို့သော်လည်းတကယ်တမ်းကျတော့ procedure အရကတော့ ဒီစည်းကမ်းထိန်းသိမ်းရေးကနေပြီးတော့ စစ်ဆေးရမယ်။ စစ်ဆေးပြီးတော့ တွေ့ရှိချက်ကို CEC ကိုတင်ပြရမယ်။ CEC ကဆုံးဖြတ်ပြီးလုပ်ရမယ်လို့တော့ ကျနော်ကတော့ အဲလိုပဲ နားလည်တယ်။”

အခုလို ပါတီတွင်း ဖြုတ်ထုတ်ရှင်းလုပ်နေတဲ့ကိစ္စဟာ ပါတီတွင်း စည်းလုံးညီညွတ်ရေးကို ထိခိုက်စေတယ်လို့ ဦးဝင်းမြင့်က သုံးသပ်ပါတယ်။

“စပြီးတော့ ကျနော်တို့ ဖြစ်ကတည်းက ပါတီအတွင်း စည်းလုံးညီညွတ်မှုကတော့ ဒါကတော့ မဖြစ်သင့်မဖြစ်ထိုက်တာပေါ့ဗျာ။ ကျနော်တို့အစကတည်းက အဲဒီလိုပဲ ခံယူတယ်။ ဒီပြည်ခိုင်ဖြိုးပါတီဆိုတာ ဟိုတုန်းကတပ်မတော်ရဲ့ခေါင်းဆောင်ကြီးတွေကနေ စတင်ပြီတော့ သန္ဓေတည်ပြီးတော့ လူမှုရေးအသင်းနဲ့ပေါက်ဖွားလာတယ်။ အဲဒီကတည်းက ဦးရွှေမန်းတို့ ဦးသိန်းစိန်တို့ဆိုတာ လက်တွဲဖော်တွေပဲ။ ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ လမ်းညွန်မှုအောက်မှာ တစ်သံ တစ်မိန့်နဲ့ လုပ်ခဲ့ကြပြီးတော့ ဒီမိုကရေစီလည်းဖြစ်ရော diversion တွေဖြစ်ပြီးတော့ အသွင်မတူတာတွေ၊ အမြင်မတူတာတွေကို မညှိနှိုင်းနိုင်ပဲနဲ့ မပေါင်းစပ်နိုင်ပဲနဲ့ တယောက်နဲ့တယောက်အငြိုးတွေ လွှတ်တော်ဘက်က ဆရာလုပ်တယ်၊ အစိုးရအဖွဲ့ကလည်း လွှတ်တော်ဘက်က ခိုင်းတာမလုပ်ဘူး ဒီလိုတယောက်နဲ့တယောက်သဘောထားတွေ ဆန့်ကျင်ပြီးတော့ အထစ်အငေါ့တွေ ပွတ်တိုက်မှုတွေဖြစ်လာပြီးတော့ ဒီပြဿနာတွေဖြစ်လာတယ်လို့တော့ ကျနော်ထင်တယ်။ အဲလိုလုပ်ခြင်းအားဖြင့်လည်း ကျနော်တို့ ၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ရှုံးသွားတာမှာ အပြောင်းအလဲတွေပါတယ်။ ဒါကြောင့်ဒါ ပါတီကိုပြန်အဖတ်ဆယ်တဲ့အနေနဲ့ လုပ်သလား၊ ဒီရန်ညှိုး ရန်စကိုအပြတ်ရှင်းတဲ့အနေနဲ့လုပ်သလားဆိုတာဒီ ၂ ခုထဲက တခုခုပေါ့ဗျာ၊”

နိုင်ငံရေးသုံးသပ်သူ ဦးစည်သူအောင်မြင့်ရဲ့ အမြင်ကတော့ -

“အဲဒါကတော့ ဘာမှမပြောနိုင်ဘူး။ ပြောနိုင်တာ တခုက သူတို့က ပါတီတခုအနေနဲ့ဖြစ်တယ်ဆိုရင် ရပ်တည်ဖို့ကြိုးစားရမယ်လေ။ ရပ်တည်ဖို့ကို ပထမအဆင့်မှာ သူရှင်းတာလင်းတာလုပ်တယ်။ ပြီးတော့မှ သူပြန်ဖွဲ့တာတွေပြန်လုပ်မယ်။ ဒီအတွက်ကို သူလုပ်တာပဲ။ နောက်ရေရှည်သူတို့ရဲ့ လုပ်မယ့်ကိုင်မယ့်ဟာတွေဘာလဲဆိုတာ ကြေညာတာလည်းမရှိသေးဘူး၊ မြင်လည်းမမြင်ရသေးဘူး။ စစ်တပ်ကြောထောက်နောက်ခံပဲသွားမလား ၊ ဒါမှမဟုတ်ရင် မဲရအောင်လုပ်တဲ့ လူထုကြိုက်အောင်လုပ်တဲ့ပါတီဖြစ်လာမလား၊ ဘာဖြစ်လာမလဲမသိနိုင်ဘူးပေါ့နော်။ သေချာတာတခုကတော့ တိုင်းပြည်မှာစစ်အာဏာသိမ်းတာမဖြစ်ဘူး။ ဘာမှလည်းအပြောင်းအလဲတွေ ထူးထူးခြားခြားမဖြစ်ဘူးဆိုရင်တော့ လာမယ့် ၂၀၂၀ တို့ ၂၀၂၅ တို့မှာ ဒီပြည်ခိုင်ဖြိုးပါတီဆိုတာ ဘယ်တော့မှ အာဏာရလာမှာမဟုတ်ဘူး။လူထူကြိုက်တဲ့ပါတီမဟုတ်ဘူးလေ။”

ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တချို့ကို ပါတီကနေ အခုလိုထုတ်ပစ်လိုက်တာကြောင့် မြန်မာ့ဒီမိုကရေစီ လမ်းကြောင်းကို အနှောက်ယှက် အဟန့်တားတွေ ဖြစ်လာနိုင်မလားဆိုပြီး နိုင်ငံရေးအသိုင်းဝိုင်းကြား စိုးရိမ်မှုတွေရှိလာပါတယ်။

တကယ်တော့ ပြည်ခိုင်ဖြိုးပါတီဟာ နိုင်ငံရေးပါတီအသွင်ဆောင်တဲ့ ပါတီမျိုးမဟုတ်သေးဘူးလို့ ဦးစည်သူအောင်မြင့်ကထောက်ပြပါတယ်။

“နိုင်ငံရေးပါတီတခုလိုမှ မတည်ဆောက်ထားဘူးလေ။ သူကလွယ်လွယ်လေးတွက်တာကို ဟိုအရင်တုန်းကလိုမျိုးစစ်အာဏာရှင်တွေလိုမျိုး နာမည်ကြီးလုပ်ထားမယ်၊ ဆိုင်းဘုတ်ချိတ်ထားမယ်။ အပေါ်မှာခေါင်းဆောင်တွေက တက်လာမယ်။ ခေါင်းဆောင်တွေနားသွားမယ်။ နောက်ခေါင်းဆောင်အသစ်တွေပေါ်လာမယ်။ အဲဒီနည်းနဲ့ သူတို့ကဖွဲ့ထားတာလေ။ ရိုးရိုးနိုင်ငံရေး ပါတီက ပါတီဝင်တွေများများစုရမယ်။ ကိုယ့်ကိုထောက်ခံတဲ့လူတွေများအောင်လုပ်ရမယ်။ ပြီးရင်လူထုကြိုက်တာတွေလည်းလုပ်ရမယ်။ အဲဒီအတွက်ပါတီကိုစနစ်တကျပေါ့နော် နိုင်ငံရေးပါတီနဲ့တူအောင်လုပ်ရမယ် တည်ထောင်ရမယ်။ ဒါတွေကို တခုမှ မလုပ်ခဲ့ဘူးလေ။”

၁၉၉၃ စက်တင်ဘာလမှာ စတင်ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကို ၂၀၁၀ ရွေးကောက်ပွဲဝင်နိုင်ဖို့အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး USDP ပါတီအဖြစ် ၂၀၁၀ ဇွန်လမှာ မှတ်ပုံတင်ခဲ့တာဖြစ်ပြီး ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်က ဥက္ကဌ အဖြစ် တာဝန်စယူခဲ့တာဖြစ်ပါတယ်။ ဦးသိန်းစိန် သမ္မတဖြစ်သွားပြီးနောက်ပိုင်း ၂၀၁၁ ထဲမှာတော့ သူရဦးရွှေမန်းက ယာယီဥက္ကဌအဖြစ် ပြည်ခိုင်ဖြိုးပါတီကို ဦးဆောင်ခဲ့ချိန်နောက်ပိုင်း ပါတီတွင်း အင်းအားပြိုင်ဆိုင်မှုတွေ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG