သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဂ္ဂလိကသတင်းစာ ၈ စောင် ထုတ်ဝေခွင့်ပြု


ရန်ကုန်မြို့က သတင်းစာ၊ ဂျာနယ်အရောင်းဆိုင်မြင်ကွင်း။ (ဒီဇင်ဘာ ၂၈၊ ၂၀၁၂)။
ရန်ကုန်မြို့က သတင်းစာ၊ ဂျာနယ်အရောင်းဆိုင်မြင်ကွင်း။ (ဒီဇင်ဘာ ၂၈၊ ၂၀၁၂)။
ပြန်ကြားရေးဝန်ကြီးဌာနက နေ့စဉ်ထုတ် ပုဂ္ဂိုလကပိုင် သတင်းစာ ၈ စောင် ထုတ်ဝေခွင့် ပြုလိုက်တဲ့အတွက် မကြာခင် ပုဂ္ဂလိကသတင်းစာ ၁၆ စောင် ထုတ်ဝေဖို့ ရှိနေပါတယ်။ လာမယ့် ဧပြီလကစပြီး ခွင့်ပြုချက်ကျတဲ့ သတင်းစာတွေ ဖြန့်ချိနိုင်ကြ မှာ ဖြစ်ပေမဲ့လည်း သတင်းမီဒီယာ လွတ်လပ်ခွင့် အပါအဝင် တခြားစိန်ခေါ်မှုတွေ ရှိနေတဲ့အတွက် အခက်အခဲတွေတော့ ရှိလိမ့်မယ်လို့လည်း မီဒီယာလောကက ခန့်မှန်းနေကြတာပါ။ ပုဂ္ဂလိကပိုင် သတင်းစာတွေ ထွက်လာနိုင်မယ့် အခြေအနေ အပြည့်အအစုံကိုတော့ စုံစမ်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာ ၈ စောင်ကို ထပ်ထုတ်ဝေခွင့် ပြုလိုက်တာဖြစ်ပါတယ်။ ပထမ ထုတ်ဝေခွင့်ပြုထားတဲ့ သတင်းစာ ၈ စောင်နဲ့ အခုနောက်ထပ် ခွင့်ပြုလိုက်တဲ့သတင်းစာ ၈ စောင် ပေါင်း ၁၆ စောင်ကို လာမယ့် ဧပြီလ ၁ ရက်နေ့ကစပြီး ထုတ်ဝေခွင့် ပြုလိုက်တာ ဖြစ်ပေမဲ့လည်း ဒီအထဲက အများစုကတော့ ချက်ခြင်း ထုတ်နိုင်မယ့် အလားအလာ မရှိဘူးလို့ ရန်ကုန်တိုင်း နေ့စဉ်သတင်းစာအဖြစ် ထုတ်ဝေခွင့်ရထားတဲ့ ဦးကိုကို (စက်မှုတက္ကသိုလ်) က ပြောပါတယ်။

“ဥပမာအားဖြင့် အခုလောလောဆယ် တရားဝင်ကြေညာထားတဲ့ သတင်းစာ ၃ စောင်ရှိတာပေါ့နော်။ ပြည်ခိုင်ဖြိုးက ထုတ်မယ့် ပြည်ထောင်စုနေ့စဉ်သတင်းစာ ထွက်မယ်။ နောက် ဆရာဖိုးသောကြာထုတ်မယ့် ရွှေနိုင်ငံသစ်ဆိုတာ ထွက်မယ်။ နောက်တခါ The Voice က ထုတ်မယ့် ပြည်ထောင်စုအသံဆိုတာလေ The Voice က ထွက်မယ်။ ၃ ခုကတော့ ဧပြီလ ၁ ရက်နေ့ ထွက်မယ်လို့ တရားဝင် ကြေညာထားတာရှိတယ်။ သို့သော် တော်တော်များများကတော့ ဧပြီ ၁ ရက်နေ့ ထွက်နိုင်မယ် မထင်သေးဘူး။”

ဒီလိုသတင်းစာထုတ်ဝေခွင့်ပေးလိုက်တဲ့အပေါ် သတင်းစာထုတ်ဝေခွင့်ရသူ တော်တော်များများကတော့ ပြင်ဆင်ထားပေမဲ့ ပုဂ္ဂလိကအနေနဲ့ ပထမဆုံးအကြိမ် သတင်းစာ ထုတ်ဝေကြမှာဖြစ်တဲ့အတွက် အပြောင်းအလဲအပေါ်မှာတော့ အခက်အခဲတွေ များစွာရှိနိုင်တယ်လို့ သတင်းစာ ထုတ်ဝေခွင့်ရသူ 7days News Journal အမှုဆောင်အယ်ဒီတာ မငြိမ်းငြိမ်းနိုင် က ပြောပါတယ်။

“အဓိကကတော့ HR ပေါ့လေ လိုအပ်နေတဲ့ သတင်းခန်းအတွက် သတင်းထောက်တွေ ပြင်ဆင်မယ်။ ဒါပေမဲ့ daily ကနေ weekly နဲ့ တကယ့်ကို ၁၀၀ ရာခိုင်နှုန်းအပြောင်းအလဲ တကယ့်ကို အကြီးမားဆုံး အပြောင်းလဲကြီးတခုဖြစ်တယ်။ အဲ့ဒီတော့ ဖြန့်ချိရေးကို ဘယ်လို ပုံစံမျိုးနဲ့သွားမလဲ။ အခုလောလောဆယ် နယ်မြို့တွေကို ဖြန့်နိုင်ဖို့က တော်တော် ခဲယဉ်းတယ်။ ဥပမာ မန္တလေးကိုယ်တောင် မှပေါ့နော် မန္တလေးမှာ ပုံနှိပ်စက်ကြီး မထားနိုင်တဲ့အတွက်က အဲ့ဒီအတွက်ကို ဘယ်အချိန်ထိ အရောက်ဖြန့်နိုင်မလဲ။ မန္တလေးကို တပြိုင်နက်တည်း မနက်ပိုင်း ဖြန့်နိုင်ဖို့ အနေအထားကတော့ မရှိဘူးပေါ့နော်။ ထုတ်မယ့်ရက်ကတော့လေ သူတို့က ဧပြီ ၁ ရက်ဆိုပေမဲ့ ကျမတို့ကတော့ ထွက်နိုင်ဖို့ မသေချာပါဘူးရှင့်။ သင်္ကြန်ပြီးလောက်မှပဲ ဖြစ်ပါမယ်။”
စစ်အုပ်ချုပ်ရေးကနေ အရပ်သားအစိုးရပြောင်းပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ မီဒီယာလွတ်လပ်ခွင့်တချို့ စ ပေးလာတဲ့အချိန်မှာ ပုဂ္ဂလိက သတင်းစာတွေကို ပထမဆုံးအကြိမ် ထုတ်ဝေခွင့်ပြုမှာလည်း ဖြစ်ပါတယ်။ ၁၉၆၂ စာပုံနှိပ်ထုတ်ဝေခွင့် ဥပဒေအပေါ် အခြေခံပြီး ထုတ်ဝေခွင့်ပေးမှာဖြစ်ပေမဲ့ မီဒီယာ လွတ်လပ်ခွင့်တော့ ရနိုင်တယ်လို့ ကိုယ်တိုင်သတင်းစာ ထုတ်ဝေခွင့် ရသူလည်းဖြစ် မြန်မာသတင်းစာဆရာများအသင်းက ဦးကိုကို (စက်မှုတက္ကသိုလ်) က ပြောပါတယ်။

“တကယ်တမ်း ပြောကြစတမ်းဆိုရင်တော့ အဲ့ဒီပုံနှိပ်ဥပဒေဟာ ၆၂ ပုံနှိပ်ဥပဒေရှိတယ်။ နောက် ၁၉၅၁ press emergency act အရေးပေါ် ပုံနှိပ်နဲ့ ပတ်သက်တဲ့ ဥပဒေတခုက ရှိနေတယ်။ အဲ့ဒီ ဥပဒေသစ်တွေကလည်း ပေါ်မလာသေးဘူး။ အစိုးရထုတ်တဲ့ ပုံနှိပ်ဥပဒေကြမ်းကလည်း ဝေဖန်မှုတွေရှိနေတယ်။ စာနယ်ဇင်းကောင်စီက အခု ဒုတိယအကြိမ်မြောက် မူကြမ်းပြီးသွားတဲ့ ဥပဒေကြမ်းကလည်း အခု ပြီးသွားတဲ့ လွှတ်တော်ကို မတင်နိုင်သေးဘဲ ဖြစ်နေတယ်။ အဲ့ဒီအတွက်ကြောင့် အခု အကူးအပြောင်းကာလလေးမှာ သတင်းထုတ်ရတဲ့အတွက်ကြောင့် လက်ရှိ ဥပဒေတွေနဲ့ အရေးယူမယ်ဆိုရင် ယူလို့ရတဲ့ အနေအထားမှာ ရှိနေသေးတယ်။”

ထုတ်ဝေခွင့်ပြုလိုက်တဲ့ နေ့စဉ်ထုတ် သတင်းစာတွေထဲက တစောင်ဖြစ်တဲ့ The Daily Eleven သတင်းစာအတွက်တော့ သတင်းစာ ထုတ်ပြန်နိုင်ဖို့ အသင့်အနေအထားမှာရှိပြီး စာမျက်နှာ ၃၂ မျက်နှာကနေ ၄၀ ကြား ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ Eleven ဂျာနယ်အယ်ဒီတာချုပ် ကိုဝေဖြိုး က ပြောပါတယ်။

“သတင်းစာကကတော့ ကျနော်တို့က နဂိုကတည်းကကို သတင်းဂျာနယ် ထုတ်ထားတာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ နေ့စဉ်သတင်းတွေကို လိုလိုမယ်မယ် ရှာထားပါတယ်။ အဲ့ဒီအကြောင်းလည်း ထုတ်ပြန်ထားပါတယ်။”

ပထမအကြိမ် ထုတ်ဝေခွင့်ပြုလိုက်တဲ့ သတင်းစာတွေထဲမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ထုတ်ဝေမယ့် သတင်းစာပါဝင်ပြီး ဒုတိယအကြိမ် ထုတ်ဝေခွင့် ပြုလိုက်တဲ့အထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လျှောက်ထားတဲ့ ဒီလှိုင်း နေ့စဉ်ထုတ် သတင်းစာလည်းပါဝင်မှာမို့ အခု ၂၀၁၃ ဧပြီလကစပြီး ဆက်တိုက် ထုတ်ဝေကြတော့မယ့် အသွင်သဏ္ဍန်ပုံစံအမျိုးမျိုး၊ သတင်းဖော်ပြပုံအမျိုးမျိုးနဲ့ ပုဂ္ဂလိကသတင်းစာတွေ ထွက်ပေါ်လာနိုင်မယ်လို့ ဦးကိုကိုက သုံးသပ်ပါတယ်။
ပုဂ္ဂလိက သတင်းစာ ထုတ်ဝေခွင့် ပေးလိုက်တဲ့အခါမှာတော့ ထုတ်ဝေသူတွေအနေနဲ့ အထက်မြန်မာပြည်၊ အောက်မြန်မာပြည် ထုတ်ဝေဖြန့်ချိရေးအတွက် ပြင်ဆင်ထားပေမဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်ဓာတ်အားကိစ္စကအစ မထင်မှတ်ထားတဲ့ အခက်အခဲတွေ ကြုံရနိုင်တယ်လို့ သတင်းစာထုတ်ဝေသူတွေက ဆိုပါတယ်။
နောက်ထပ် ထုတ်ဝေခွင့်တွေကိုတော့ လက်ရှိ စစ်ဆေးဆဲ ၃ စောင်အပါအဝင် နောက်လျှောက်ထားဆဲ သတင်းစာလျှောက်လွှာတွေကို ပြန်လည် စိစစ်နေဆဲဖြစ်ပြီးတော့ လာမယ့် ဧပြီလမှာ ထပ်ပြီးတော့ ဆွေးနွေးဆုံးဖြတ်ချက် ချသွားမှာဖြစ်တယ်လို့ သိရပါတယ်။
XS
SM
MD
LG