သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရေး တောင်ကိုရီးယား၊ မြန်မာ ဆွေးနွေး


တောင်ကိုရီးယား၊ မြန်မာ
တောင်ကိုရီးယား၊ မြန်မာ

တောင်ကိုရီးယားနိုင်ငံက စီးပွားရေး ကုမ္ပဏီကြီး ၁၀ ခုရဲ့ ကိုယ်စားလှယ်တွေဟာ မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့အတွက် တနင်္လာနေ့က မြန်မာလုပ်ငန်းရှင်တွေနဲ့ ရန်ကုန်မြို့မှာ ဆွေးနွေးခဲ့ကြတယ်လို့ တရုတ်အစိုးရ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။ အခုလို တောင်ကိုရီးယားနိုင်ငံက လာရောက်တဲ့ ကုန်သည်ကြီးတွေရဲ့ ခရီးစဉ်ကနေ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်ကောင်းကျိုးထက် လက်ရှိ အစိုးရအတွက် အမြတ်ပိုပြီး ထွက်မယ်လို့ မြန်မာ့စီးပွားရေး စောင့်ကြည့် လေ့လာသူတွေက မြင်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုတွေ မပြတ်လုပ်ဆောင်နေတဲ့ ဒေသတွင်း နိုင်ငံတခုဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံက စက်မှု လုပ်ငန်းရှင်ကြီးတွေ၊ မြန်မာနိုင်ငံမှာ နောက်ထပ် ရင်းနှီးမြှုပ်နှံခွင့်တွေ ရဖို့ စစ်အစိုးရက အခုလို လာခွင့်ပြုတာဟာ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲအပြီး ဈေးကွက်စီးပွားရေးစနစ်နဲ့ သွားတဲ့အခါမှာ လက်ရှိ မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေအတွက် အခြေခံကောင်းရဖို့ ပဏာမ ပြင်ဆင်တဲ့ သဘောလို့ စီးပွားရေးပညာရှင် ဦးစိန်ဌေးက သုံးသပ်ပါတယ်။

“တိုင်းပြည်ရဲ့ ဈေးကွက် စီးပွားရေးစနစ်ကို သွားတဲ့အခါမှာ ပုဂ္ဂလိက ကဏ္ဍရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပုဂ္ဂလိက ကဏ္ဍ အားပေးရမှာ ပါတော့ ဒီဟာကို သွားဖို့အတွက် သူတို့ပြင်တာပဲ။ ထူးခြားမှုက ပြန်ကြည့်ရင် တတိုင်းပြည်လုံးမှာရှိတဲ့ ပြည်သူလူထု အများစု တကယ် ပုဂ္ဂလိက စစ်စစ်က သွားတာမဟုတ်ဘဲနဲ့ သူတို့နဲ့ လက်ဝေခံသွားတာ အားလုံးသိတယ်။ အဲဒါတွေအတွက် အခြေခံ အဆက်အဆံလုပ်ဖို့ကို သူတို့ ကြိုးစားတာပဲ။

“သူက တရုတ်ကိုလည်း ကပ်ထားသလို တောင်ကိုရီးယားနဲ့လည်း ဆက်ဆံတာပဲ။ ၂၀၁၀ အပြီး လွှဲတာ မလွှဲတာ ဘေးဖယ်၊ နိုင်ငံရေးအရ။ စီးပွားရေးအရတော့ အခု အားလုံးက သိတယ်၊ ဆူလွယ်နပ်လွယ် ပစ္စည်းတွေကို သူတို့ရဲ့ လက်ဝေခံတွေကို ပေးတဲ့အခါမှာ အဲဒီလူတွေ အရှိန်ရအောင်၊ အဲဒီလူတွေနဲ့ အဆက်အဆံဖြစ်အောင် ဒါက ပဏာမ ပြင်ဆင်မှုလို့ ကျနော်တော့ မြင်ပါတယ်။”

မြန်မာနိုင်ငံမှာ လိုအပ်တဲ့ စက်မှု အကူအညီတွေ အတွက် တခြား ဖွံ့ဖြိုးပြီး နိုင်ငံတွေက မရတဲ့အတွက် ဒေသတွင်းက တရုတ်အပြင် တခြား စက်မှုဖွံ့ဖြိုးတဲ့ နိုင်ငံတွေထဲက တောင်ကိုရီးယားနဲ့ ဆက်ဆံရေး ပိုပြီး မြှင့်တင်နိုင်အောင် ကြိုးစားဖို့ လုပ်ဆောင်နေတာလို့လည်း ထောက်ပြပါတယ်။

မြန်မာနိုင်ငံမှာ စက်မှုကဏ္ဍ ဖွံ့ဖြိုးရေးအတွက် တကယ်လုပ်ဆောင်ဖို့ လိုနေပေမဲ့ အခု တောင်ကိုရီးယား စက်မှု လုပ်ငန်းရှင်ကြီးတွေရဲ့ ခရီးကတော့ မြန်မာပြည်သူတွေအတွက် အကျိုးခံစားရဖို့ မမြင်ဘူးလို့လည်း ပြောပါတယ်။

“ကျနော်တို့နိုင်ငံမှာက ဈေးကွက်စီးပွားရေး စနစ်ကို ကြည့်ရင် အားလုံးသောပြည်သူတွေ ပါဝင်ပြီးတော့ လွတ်လွတ်လပ်လပ် ပါဝင်ပြီး လုပ်ဆောင်ခွင့်မရဘူး။ လက်ဝါးကြီးအုပ်တဲ့ဟာနဲ့ သွားနေတာကိုး။ အဲဒါကြောင့် မြန်မာနိုင်ငံအတွက် ဆိုတာကတော့ စဉ်းစားဖို့ အတော်ခက်တယ်။ တိုင်းပြည်အတွက် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို ရဖို့အတွက် သာမန်ကြည့်ရင် ဖြစ်နိုင်တယ်၊ အော် စက်မှုကဏ္ဍ တိုးတက်အောင် လုပ်တာပဲ၊ တိုးတက်နိုင်တယ်ဆိုတော့ Participation point of view က ကြည့်ရင် သာမန်ပြည်သူတွေ ပါဝင်ခွင့် မရဘူး။ Ownership ကကြည့်ရင် စစ်တပ်က သူနဲ့ အပေါင်းအပါတွေ လက်ဝါးကြီး အုပ်နေတဲ့ အခါကြတော့ ကျနော်တို့က ကြည့်တာ ပြောင်းမှာပဲ။

“အဲဒါကြောင့် ဒီတိုးတက်ဖွံ့ဖြိုးမှုသည် အရှိန်ရမယ့် တိုးတက်ဖွံ့ဖြိုးမှု မဟုတ်ဘူး၊ သူတို့ Survival၊ နှစ် ၂၀ လုံးလည်း သူတို့ Survival အတွက် သွားခဲ့ပြီ၊ အထူးသဖြင့် အလွန်ရှားပါးတဲ့ နိုင်ငံခြားငွေ ရလာတဲ့ Return ကို ဘာအကျိုးရှိလဲ၊ နာဂစ်ဖြစ်တယ်၊ ဘာမှမကူဘူး။ ဒါကြောင့် တိုင်းပြည်အတွက်ကတော့ ရလာမှာမဟုတ်ဘူး။ အားလုံး ဘက်ပေါင်းစုံကကြည့်ရင် မကောင်းဘူးလို့ ကျနော် ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘယ်လိုလက်ခံပြီး ဘယ်လို Deal လုပ်မှာလဲ။ အဓိက ပြည်သူလူထု အကျိုးအတွက် ဘယ်လောက်ထိအောင် လုပ်မှာလဲဆိုတာ စောင့်ကြည့်ဖို့တော့ လိုမှာပေါ့။ သို့သော် ကျနော့်အမြင်ပြောရင် တိုင်းပြည်အတွက် မသွားနိုင်ဘူးလို့ ဒီလိုပဲ မြင်ပါတယ်။”

စီးပွားရေးပညာရှင် ဦးစိန်ဌေး ပြောသွားတာ ဖြစ်ပါတယ်။

တောင်ကိုရီးယား၊ မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးဟာ ၂၀၀၉၊ ၂၀၁၀ ဘဏ္ဍာရေးနှစ် ပထမ ၁၁ လအတွင်းမှာ အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါး ရှိခဲ့ပါတယ်။

XS
SM
MD
LG