သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိတ်ကြွဆေး မှောင်ခို ရောင်းဝယ်မှု အရှေ့တောင်အာရှမှာတိုး


အင်တာနက်ကတဆင့် ရောင်းဝယ်ရေးလုပ်ငန်းတွေ လွယ်ကူလာတာနဲ့ ဝယ်ယူသုံးစွဲသူတွေ များပြားလာတာတွေကြောင့် အရှေ့တောင် အာရှတိုက် အတွင်း စိတ်ကြွဆေး တရားမဝင် မှောင်ခိုကူးမှုတွေ များပြားလာနေတဲ့အကြောင်း ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ တရားမဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ညီလာခံက ပြောပါတယ်။ အာဏာပိုင်တွေအနေနဲ့ မူးယစ်ဆေးဝါးချက်တဲ့နေရာမှာ အသုံးပြုတဲ့ ဓါတုပစ္စည်းတွေအပေါ် တင်းကျပ်စွာ ချုပ်ကိုင်ရေး တောင်းဆိုနေကြတဲ့အကြောင်း ဗွီအိုအေသတင်းထောက် Ron Corben က ဘန်ကောက်မြို့ကနေ သတင်း ပေးပို့ထားပါတယ်။ ကိုဇော်ဝင်းလှိုင်က အပြည့်အစုံကို တင်ပြပေးထားပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ထိန်းချုပ်မှုပြင်ပကနေ တီထွင် ထုတ်လုပ်နေတဲ့ စိတ်ကြွဆေးတွေကြောင့် အရှေ့နဲ့ အရှေ့တောင် အာရှဒေသအတွင်းမှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးမှုနဲ့ ပြောင်းလဲ လုပ်ဆောင်မှုတွေ တိုးချဲ့လာနေတယ်လို့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့က ပြောပါတယ်။

တရားဝင် ဓါတုပစ္စည်းတွေ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့နေရာကို ရောက်မသွားအောင် ဟန့်တားဖို့ လိုအပ်နေတယ်လို့ UNODC က ပြောပါတယ်။

ဒေသတွင်းက မူးယစ်ဆေးဝါး အခြေအနေဟာ ပိုမို ဆိုးရွားလာနေတယ်လို့ နိုင်ငံပေါင်း ၃၉ နိုင်ငံက အစိုးရအရာရှိပေါင်း ၂၀၀ ကျော်ကို အင်္ဂါနေ့က ရှင်းပြခဲ့တဲ့ UNODC အာရှဒေသဆိုင်ရာ ကိုယ်စားလှယ် Jeremy Douglas က ပြောပါတယ်။

“မူးယစ်ဆေးဝါး အများအပြား ထုတ်လုပ်နေတဲ့ ဒေသလည်းဖြစ်၊ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုတဲ့ ဓါတုပစ္စည်းတွေ အများဆုံး ထုတ်လုပ်တဲ့ ဒေသလည်းဖြစ်တဲ့ ဒီ အာရှတိုက်မှာ အခုလို ညီလာခံ ကျင်းပတာဟာ အင်မတန် အရေးပါ ပါတယ်။ ဒီဒေသအတွင်းမှာရော တခြား ဒေသတွေမှာပါ မူးယစ်ဆေးဝါး ထုတ်လုပ်မှု လျော့ကျအောင် လုပ်ဆောင်မယ်ဆိုရင် ထိရောက်တဲ့ နိုင်ငံတကာ ထိန်းချုပ်မှုမျိုး ရှိဖို့လိုအပ်ပါတယ်။”

အရှေ့တောင် အာရှတိုက်အတွင်း စိတ်ကြွဆေးဝါးတွေ အများဆုံး ထုတ်လုပ်တဲ့နိုင်ငံဟာ မြန်မာနိုင်ငံဖြစ်တယ်လို့ UNODC က ပြောပါတယ်။ မူးယစ် ဆေးဝါး ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုတဲ့ ဓါတုပစ္စည်းတွေ မြန်မာနိုင်ငံက မထွက်ပေမယ့်လည်း မှောင်ခိုသမားတွေက အဲဒီ ဓါတု ပစ္စည်းတွေကို အိမ်နီးချင်းနိုင်ငံတွေကနေ မြန်မာနိုင်ငံထဲကို တင်သွင်းကြပြီး ထွက်လာတဲ့ စိတ်ကြွဆေးတွေကို အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ထိုင်းနိုင်ငံတွေအပြင် တခြား ဒေသတွေကိုလည်း တင်ပို့ကြတာဖြစ်ပါတယ်။

ဒါကြောင့်လည်း မြန်မာ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့က မူးယစ်ဆေးဝါး နှိမ်နင်းရေး အကြီးအကဲတွေနဲ့ UNODC က အရာရှိတွေ ပူးပေါင်းပြီး ရွှေတြိဂံဒေသက တဆင့် ဒီ ၃ နိုင်ငံကို ဆက်သွယ်ထားတဲ့ အာရှ အဝေးပြေးလမ်းမကြီးတလျှောက် မူးယစ်ဆေးဝါး ခြိမ်းချောက်မှု အန္တရာယ်ကို သီတင်းပတ် တပတ်ကြာ ဧပြီလအတွင်းက သွားရောက် လေ့လာခဲ့ကြတာပါ။

အရှေ့တောင် အာရှတိုက်အတွင်း ယာဉ်အသွားအလာ အများဆုံး အဝေးပြေးလမ်းမကြီးဖြစ်တဲ့ အဲဒီ အာရှ အဝေးပြေးလမ်းမကြီး တလျှောက်က လမ်းသွယ်တွေ၊ တံတားတွေ၊ စစ်ဆေးရေးဂိတ်တွေကို ဒီ နိုင်ငံပေါင်းစုံ ပါဝင်တဲ့အဖွဲ့အနေနဲ့ ပထမဆုံး အကြိမ်အဖြစ် အသေးစိတ် သွားရောက်လေ့လာ စစ်ဆေးခဲ့ကြတာပါ။

ထိုင်းနိုင်ငံဘက်က မဲဆိုင်နဲ့ မြန်မာနိုင်ငံဘက်က တာချီလိတ် နယ်စပ်ဒေသတလျှောက်ဟာ ဘိန်းဖြူ၊ Methamphetamine ၊ မူးယစ်ဆေးဝါးချက်တဲ့ နေရာမှာ အသုံးပြုတဲ့ ဓါတုပစ္စည်းတွေအပြင် လူမှောင်ခိုကူးဖို့ပါ နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းတွေ အသုံးပြုနေတဲ့ အဝင်အထွက် အများဆုံး နေရာဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းအာဏာပိုင်တွေရဲ့ အဆိုအရ မြန်မာနိုင်ငံဘက်ကနေ ထိုင်းနိုင်ငံအတွင်းကို Methamphetamine စိတ်ကြွ ဆေးပြားတွေ နှစ်စဉ် ဘီလီယံနဲ့ချီပြီး တင်ပို့နေတာလို့ ဆိုပါတယ်။

စိတ်ကြွဆေး ထုတ်လုပ်မှု များလာနေတဲ့အပေါ် စိုးရိမ်မှုတွေ ထွက်ပေါ်နေပေမယ့်လည်း အဲဒီ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုတဲ့ ဓါတု ပစ္စည်းတွေကို ထိန်းချုပ်ဖို့ ဒေသတွင်းမှာ လုပ်ဆောင်မှု နည်းနေတာကို တွေ့ရတယ်လို့ ထိုင်းတရားရေးဝန်ကြီး Paiboon Koomchaya က ပြောပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နိုင်ငံအားလုံး သိနိုင်အောင် ၂၀၁၃ ခုနှစ်မှာ ကျနော်တို့ လုပ်ဆောင်ခဲ့ပေမယ့် ထုတ်လုပ်တဲ့ နိုင်ငံတွေ၊ ဝယ်ယူ သုံးစွဲတဲ့ နိုင်ငံတွေနဲ့ ဒီကိစ္စမှာ ပါဝင်နေသူ အားလုံးအနေနဲ့ ဒီ မူးယစ်ဆေးဝါး ချက်တဲ့နေရာမှာ အသုံးပြုတဲ့ ဓါတုပစ္စည်းတွေကို ဘယ်လို ထိန်းချုပ်ကြမလဲဆိုတဲ့ သိသာတဲ့ စီမံကိန်း မချနိုင်သေးဘူး ဖြစ်နေပါတယ်။”

ဒေသတွင်းမှာ အဲဒီ ဓါတုပစ္စည်းတွေ တရားမဝင် တင်ပို့ ရောင်းချမှု ဟန့်တားနိုင်ရေးအတွက် ပြည်တွင်းမှာ ထိန်းချုပ်ဖို့ အရင်လိုအပ်မယ်လို့ UNODC ဒေသဆိုင်ရာကိုယ်စားလှယ် Jeremy Douglas က ဗွီအိုအေကို ပြောပါတယ်။

“ဒီဒေသဟာ မူးယစ်ဆေးဝါး ထုတ်လုပ်မှုအတွက် အဓိက နေရာဖြစ်ပါတယ်။ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုတဲ့ ဓါတုပစ္စည်းတွေလည်း အာရှတိုက်ကပဲ အများဆုံး ထုတ်လုပ်တာ ဖြစ်ပါတယ်။”

ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲဟာ ဒီပြဿကို နာကို ကိုင်တွယ်ဖြေရှင်းရေးအတွက် မူဝါဒတွေ ချမှတ်ကြဖို့ဖြစ်တဲ့အပြင် နယ်စပ် ဒေသတွေကို တင်းကြပ်စွာ ထိန်းချုပ်ရေးအတွက်လည်း ပါဝင်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ပြုလုပ်မယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးရဲ့ ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါးအန္တရာယ် ညီလာခံမှာ တင်သွင်းဖို့အတွက် မူဝါဒတွေကို ချမှတ် ရေးဆွဲနေကြတာ ဖြစ်ပါတယ် ခင်ဗျား။

XS
SM
MD
LG