သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားဂြိုဟ်တု ပစ်လွှတ်မှု မအောင်မြင်


တောင်ကိုရီးယားနိုင်ငံက သိပ္ပံစမ်းသပ်မှုတွေ လုပ်ဆောင်မယ့် ဂြိုဟ်တုတခု တင်ဆောင်ထားတဲ့ ဒုံးပျံတစင်းကို တောင်ပိုင်း ကမ်းရိုးတန်းက စခန်းတခုကနေ ဒီကနေ့ လွှတ်တင်လိုက်ပြီး မကြာခင်မှာပဲ ပေါက်ကွဲသွားခဲ့ကြောင်း တောင်ကိုရီးယားက ပြောပါတယ်။

ဒုံးပျံလွှတ်တင်ပြီး ၂ မိနစ် ၁၇ စက္ကန့် အကြာမှာ မြေပြင်မှာရှိတဲ့ ထိန်းသိမ်းရေးစခန်းနဲ့ အဆက်အသွယ် ပြတ်တောက်သွားတဲ့အကြောင်း သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးက သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

ဒုံးပျံပစ်လွှတ်မယ့် နေရာမှာ လောင်စာမီးညှိတဲ့ စနစ်မှာ ပြဿနာတွေနဲ့ ကြုံခဲ့ရလို့ အင်ဂျင်နီယာတွေက အစီအစဉ်ကို ဖျက်ခဲ့ပြီးတဲ့နောက် ၂၄ နာရီ အတွင်းမှာပဲ နာရို (Naro) အာကာသ စခန်းကနေ ရုရှားနဲ့ တောင်ကိုရီးယားတို့ ပူးတွဲ တည်ဆောက်ထားတဲ့ The Naro-1 အမည်ရှိ ဒုံးပျံကို လွှတ်တင်လိုက်တာပါ။

The Naro-1 ဒုံးပျံကို ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက အောင်အောင်မြင်မြင်နဲ့ ပစ်လွှတ်နိုင်ခဲ့ပေမဲ့ ဂြိုဟ်ပတ်လမ်းထဲမှာ ဂြိုဟ်တုကို လွှတ်တင်ရာမှာတော့ အောင်မြင်မှု မရခဲ့ပါဘူး။ အာကာသ အစီအစဉ်နဲ့ ပတ်သက်လို့ အာရှတိုက်က အိန္ဒိယ၊ တရုတ်၊ ဂျပန် စတဲ့နိုင်ငံတွေကို အမီမလိုက်နိုင်ဘဲ ဖြစ်နေရချိန်မှာ အခုနောက်ဆုံး မအောင်မမြင် ဖြစ်ခဲ့ရတာဟာ တောင်ကိုရီးယားအတွက် အဓိက ထိုးနှက်ချက် တခုလည်း ဖြစ်ခဲ့ရတာပါ။

XS
SM
MD
LG