သုံးရလွယ်ကူစေသည့် Link များ

တမီတာရဲ့ တကုဋေပုံ တပုံလောက်ပဲ ရှိတဲ့ နာနိုကား ကလေးတွေနဲ့ ကားပြိုင်ပွဲ ကျင်းပမယ့် အကြောင်း ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်မယ့် Ohio တက္ကသိုလ် အသင်းက ပါမောက္ခ ဒေါက်တာ စောဝေလှကို မေးမြန်းပြီး တင်ပြပေးမှာပါ။

ဒီနာနို ကားပြိုင်ပွဲက ကမ္ဘာပေါ်မှာ ပထမဆုံး ပြုလုပ်တဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။ ပြိုင်ရမယ့် စည်းကမ်းတွေက ဘာလဲ ဆိုတော့ နာနိုကားနဲ့ ပြိုင်ရမှာပါ။ နာနိုဆိုတာက တမီတာရဲ့ အဆပေါင်း တကုဋေငယ်တာကို ခေါ်တာပါ။ ဒီနာနိုကားတွေရဲ့ အရွယ်အစားက ၁ နာနိုမီတာကနေ ၄ နာနိုမီတာ ရှိပါတယ်။ အရွယ်က သိပ်သေးပါတယ်။ ဘယ် အထိ သေးငယ်တယ် ဆိုရင် ဆံပင်တချောင်းကို နှုတ်ပြီး ထိပ်ကို ဖြတ်လိုက်ရင် ရလာတဲ့ ထိပ်ပိုင်း ဧရိယာအကျယ် အဝန်းထဲမှာ နာနို ကားအစင်းရေပေါင်း ၂ သန်း ကနေ ၁၀ သန်းလောက် အထိ ကားပါကင်ရပ်လို့ ရတဲ့ အထိ အရွယ်ငယ်ပါတယ်။ ဒီ နာနိုကားတွေကို မော်လီကျူးတွေနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အခုပြိုင်ပွဲဟာ ပထမဆုံး ယှဉ်ပြိုင်ပွဲ ဖြစ်ပြီး ပြင်သစ်နိုင်ငံ Toulouse မြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

မေး။ ဘယ်နေ့လောက်မှာ ပြိုင်ပွဲ ကျင်းပဖို့ စီစဉ်ထားပါသလဲ၊

ဖြေ။ ပြိုင်ပွဲကို ၂၀၁၇ ဧပြီလ ၂၈ နဲ့ ၂၉ မှာ ကျင်းပမှာ ဖြစ်ပါတယ်။

မေး။ ပုံမှန်က ကားပြိုင်ပွဲလို့ ပြောလိုက်ရင် မျက်စိထဲမှာ ပြိုင်မယ့် ကားတွေနဲ့ အတူ ဘေးမှာ အားပေးတဲ့ လူတွေအများအပြားကို မြင်မိကြမှာပါ။ ဒါပေမယ့် အခု နာနိုကားက ဆံပင် တပင် ထိပ်ဖျားမှာတောင် ကားအစင်းရေ သန်းနဲ့ ချီပြီး ရပ်လို့ရလောက်အောင် သေး တာမို့ ဒီလောက်သေးငယ်တဲ့ ကားတွေအတွက် ပြိုင်ပွဲဘယ်လို ကျင်းပတယ် ဆိုတာ ရှင်းပြပေး ပါ။

ဖြေ။ ကားတွေက အရမ်းငယ်လွန်းတဲ့အတွက်ကြောင့် ကျနော်တို့ သာမှန်မျက်စိ နဲ့ ကြည့်လို့ မမြင်ရပါဘူး။ သာမှန် Microscope (အနုကြည့်မှန်ပြောင်း) နဲ့ သွားကြည့်လို့ လည်း မမြင်ရပါဘူး။ သူက ဒီထက်လည်း ပိုငယ်တယ်။ အဲဒီတော့ သူ့ကို Scanning Tunneling Microscope လို့ခေါ်တဲ့ တကယ့်ကို Specialized (အထူးပြု) လုပ်ထားတဲ့ Instrument နဲ့ ကြည့်မှ မြင်ရပါတယ်။ အဲဒီလို ကြည့်တဲ့ အခါကျတော့ ကျနော်တို့ ကွန်ပြူတာ ထဲမှာ ပြန်ပြီးတော့ အဲဒီပုံကို ပြန်ဖော်တယ်ပေါ့ ခင်ဗျား။ ကွန်ပြူတာထဲမှာ ဘာကိုမြင်ရမလဲ ဆိုတော့ အဲဒီ နာနိုကားလေးကို အဆ တစ်ကုဋေလောက် ချဲ့ လိုက်ပြီးတော့ ပြန်ကြည့်လို့ရပါတယ်။ ကွန်ပြူတာ Screen ထဲမှာ။

မောင်းတာကလည်း သူ့မှာ စည်းကမ်းရှိပါတယ်။ ဒီ နာနိုကားတွေကို ကျနော် တို့ မောင်းတဲ့အခါကျတော့ လျှပ်စစ်ဓါတ်နဲ့ မောင်းရ မှာ ဖြစ်ပါတယ်။ အဲဒီ လျှပ်စစ် ဓါတ်ကလည်း Scanning Tunneling Microscope လို့ခေါ်တဲ့၊ ကျနော်တို့ အတိုကောက် FTM လို့ ခေါ်ပါတယ်၊ အဲဒီ Microscope မှာရှိတဲ့ အပ်ချောင်းလေး ပါပါတယ်၊ အဲဒီ အပ်ချောင်းလေးနဲ့ သူက စမ်းပြီးတော့ ပုံဖော်တာ ဖြစ်ပါတယ်။ အဲဒီ အပ်ချောင်းလေးကိုပဲ အသုံးချပြီးတော့ ကျနော်တို့ ဒီ လျှပ်စစ်ဓါတ်ကို ပေးမှာ ဖြစ်ပါ တယ်။ အဲဒီ လျှပ်စစ်ဓါတ်ကို သုံးပြီးမှ ဒီ နာနိုကားတွေက သွားရ မှာ ဖြစ်ပါတယ်။

အဲဒီတော့ ကျနော်တို့က နာနိုကားတွေကို Gold Surface ရွှေနဲ့လုပ်ထား တဲ့၊ ရွှေသတ္ထုပေါ့၊ အစစ် ၁၀၀ ရာခိုင်နှုန်း၊ အဲဒီ ရွှေမျက်နှာပြင်ပေါ်မှာ ကျနော်တို့က တင်ထားမှာ ဖြစ်ပါတယ်။ ဆိုတော့ အခုပြိုင်မယ့်ဟာက အသင်းက (၆) သင်း ဆိုတော့ ဒီ ၆ သင်းမှာရှိတဲ့ ကား ၆ မျိုးပေါ့လေ၊ အဲဒီရွှေမျက်နှာပြင်ပေါ်မှာ ရှိပြီးတော့ မောင်းတဲ့ လမ်း ကလဲ အဲဒီ ရွှေမျက်နှာပြင်ပေါ်မှာပဲ မောင်းပြီးတော့ အဲဒီမှာ အတားအဆီးတွေ ကျတော့ Atom လေးတွေနဲ့ ကျနော်တို့ လုပ်ပေးထား ပါတယ်။ အဲဒီတော့ ကားမောင်းတဲ့အခါကျတော့ အဲဒီ အတားအဆီးလေးတွေ ကို ကွေ့ရှောင်ပြီးတော့ ပန်းတိုင်ကိုရောက်တဲ့ အထိ မောင်းရမှာ ဖြစ်ပါ တယ်။

ပြေးလမ်းက အားလုံး ၇၀ နာနိုမီတာ ရှည်ပါတယ်။ နာနိုမီတာဆိုတာ ခုနကပြောသလို တမီတာရဲ့ တစ်ကုဋေပုံ တစ်ပုံ သေးပါတယ်။ တမီတာဆိုတာက ကျနော်တို့ တစ်ကိုက် နီးပါးလောက် ရှိပါတယ်။ တစ်ကိုက်နဲ့ ကြည့်လိုက်ရင် ကုဋေပေါင်း တစ်ကုဋေပုံ တစ်ပုံသေး တဲ့ တစ်နာနိုမီတာလို့ ခေါ်ပါတယ်။ အဲဒါ အဆ ၇၀ ပေါ့၊ ၇၀ နာနိုမီတာ ကို မောင်းရမှာ ဖြစ်ပါတယ်။

အဲဒီတော့ ဘေးနားမှာ လူတွေရပ်ပြီးတော့ တကယ့် ကျနော်တို့ ကမ္ဘာမှာရှိတဲ့ ပြိုင်ကားတွေ လို လူတွေအားပေးဖို့ကတော့ မဖြစ်နိုင်ဘူး။ သို့သော် ကျနော်တို့ ဒီ ကွန်ပြူတာ မျက်နှာပြင်ပေါ်မှာကြည့်ပြီးတော့ ဘေးနားမှာ လူတွေရပ်ပြီးတော့ အားပေး ကြရမှာ ဖြစ်ပါတယ်။

မေး။ ဆရာတို့အခု ၀င်ပြိုင်တဲံ (၆) သင်းဆိုတာ ဘယ်နိုင်ငံတွေကပါလဲ ဆရာ။

Nanocar Designs by the 5 participating teams. Nanowerk

Nanocar Designs by the 5 participating teams. Nanowerk

ဖြေ။ ပြင်သစ်နိုင်ငံက တသင်း၊ ဂျာမနီက အသင်း၊ ဂျပန်က အသင်း၊ ဆွစ်ဇာလန်က အသင်း၊ နောက်ပြီးတော့ သြစတီးယားနဲ့ အမေရိကန်က Rice University ပေါင်းထား တဲ့ဟာက တသင်း၊ နောက် ကျနော်တို့ Ohio တက္ကသိုလ်၊ ကျနော့်ရဲ့အသင်းပေါ့။ ကျနော့်အသင်းက အမေရိကားကို ကိုယ်စားပြုပြီးတော့ ပြိုင်တာဖြစ်ပါတယ်။

မေး။ ဆိုတော့ ဒီကားပြိုင်ပွဲကို ဒိုင်လူကြီးလုပ်တာတို့ ဘာတို့ပေါ့နော်၊ ပြိုင်ပွဲတွေရဲ့ ထုံးစံ၊ အဲဒါတွေရော ဘယ်လိုမျိုး စီစဉ်ထားပါသလဲဆရာ။

ဖြေ။ အခု ဒီကားပြိုင်ပွဲကို နိုင်တယ်၊ ရှုံးတယ် အဆုံးအဖြတ်လုပ်ဖို့အတွက်ကို ကျနော် တို့ ကော်မီတီရှိပါတယ်။ သိပ္ပံပညာရှင်တွေနဲ့ ဖွဲ့ထားတာပါ။ အများစု ကတော့ ပြင်သစ် ကပါပဲ။ အဲဒီ သိပ္ပံပညာရှင်တွေပေါ့။ သူတို့ကနေပြီးတော့ မှ ဘယ်သူက အမြန်မောင်း သလဲ၊ မြန်တာ မပြီးသေးဘူး သူက၊ ကွေ့တာ ရှောင် တာတွေ ဘယ်လောက်ကောင်း သလဲ၊ အတိုက်အခိုက်တွေ ဟို မတိုက်မိဘူး၊ အဲဒါမျိုးပေါ့။ အကုန်လုံး အဲဒါတွေကို ကြည့်ပြီးတော့မှ သူက အမှတ်ပေးပြီးတော့ မှ နိုင်တဲ့အသင်းကို ရွေးမှာ ဖြစ်ပါတယ်။

မေး။ အခု နာနိုကားပြိုင်ပွဲလုပ်ဖို့လို့ ဖြစ်လာရတဲ့ အကြောင်းရင်းလေး နဲနဲ ပြောပြပေးပါ ဆရာ။

ဖြေ။ ဟုတ်ကဲ့၊ ကျနော်တို့ ဒီနာနိုကားဆိုတာကတော့ အခု ဒီ ၂၀၁၆ ခုနှစ်မှာ လည်း ဓါတုဗေဒ နိုဘဲလ်ဆုက ကျနော်တို့ ဒီ Molecular Car ပေါ့လေ၊ ကျနော်တို့ အခု လုပ်တဲ့ဟာနဲ့ သူတို့ ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ဒီ နာနို ကားပြိုင်ပွဲ ကို စပြီး စီစဉ်တာက ၂၀၁၅ ခုပေါ့၊ လွန်ခဲ့တဲ့နှစ် သြဂုတ်လလောက် ကစပြီး ပြိုင်ပွဲလုပ်ကြရအောင်ဆိုပြီးတော့ ကျနော်တို့ ကွန်ဖရန့်မှာ တိုင်ပင်ပြီးတော့ မှ ပြိုင်ပွဲကို လုပ်တာ ဖြစ်ပါတယ်။ ဆိုတော့ ကျနော်တို့ ဒီ နာနိုကားလေးတွေကိုလုပ်ပြီးတော့ ရောင်း စားဖို့ မဟုတ်ပါဘူး။ အဓိက ရည်ရွယ်ချက်က ဘာလဲဆိုတော့ နာနို စကေး (Scale) မှာ မျက်နှာပြင်တွေပေါ်မှာ Control Transport ပေါ့ခင်ဗျား၊ ထိန်းကျောင်းပြီးတော့ Transport လုပ်ပေးနိုင်တဲ့ Molecule တွေ၊ Atom တွေကို တနေရာကနေ တနေရာကို Control လုပ်ပြီးတော့ ပို့ပေးနိုင်တဲ့ စံနစ်ကို ကျနော်တို့ က တီထွင်ချင်တာ ဖြစ်ပါတယ်။

ဒီလို ပြိုင်ပွဲကို လုပ်တဲ့အတွက်ကြောင့် ပြိုင်ပွဲဝင်တဲ့ (၆) သင်းက ယှဉ်ပြိုင်မယ့် ကားတွေ ကို ကိုယ့်ဟာကို စမ်းသပ်ရတယ်၊ တည်ဆောက်ရပါတယ်။ ဒီကားတွေ အားလုံးက Molecule ကားတွေ ဖြစ်ပါတယ်။ ကျနော်တို့ အသင်းထဲမှာပါတဲ့ ဓါတုဗေဒ ပညာ ရှင်တွေကနေပြီးတော့ ဒီ Molecule ပိုင်းကို တည်ဆောက်တယ်။ ကျနော်တို့လို ရူပဗေဒ၊ ဒါမှမဟုတ် အင်ဂျင်နီယာတွေကနေ ပြီးတော့ ဒီကားတွေ ကို ဘယ်လိုမောင်း မလဲဆိုတာ Test (စပ်းသပ်) တယ်။

ဒီပြိုင်ပွဲရဲ့ ရလဒ်ကဘာလဲဆိုတော့ ကျနော်တို့ ဒီလို Control Transport လုပ်နိုင် တဲ့ စံနစ်ကို ကျနော်တို့ တိထွင်လိုက်နိုင်တာဟာ ကျနော်တို့ရဲ့ ရလဒ်ဖြစ်ပါတယ်။

မေး။ ဒီ Control Transport စံနစ်ကို ထွင်နိုင်ပြီဆိုလို့ရှိရင် လက်တွေ့အသုံးချ တဲ့နေရာမှာ ဘယ်နေရာတွေမှာ အကျိုးရှိနိုင်ပါသလဲ ဆရာ။

ဖြေ။ ဟုတ်ကဲ့၊ အဲဒါက အရမ်းကောင်းတဲ့ မေးခွန်းပါ။ ကျနော်တို့ရဲ့ ရည်ရွယ် ချက်တွေ က ဘာလဲဆိုတော့ ဒီ Molecule Level မှာ ကျနော်တို့ အဲဒီဟာကို Control လုပ်ပြီးတော့ ပို့ပေးနိုင်ပြီဆိုလို့ရှိရင် ကျနော်တို့ ဒါတွေက Electronic System တွေမှာ သုံးလို့ရတယ်၊ နောက် ဆေးပညာမှာ ဆေးတွေကို တနေရာ ကနေ တနေရာကို ပို့မယ်၊ လူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ။ အဲဒါမျိုး Control လုပ်ပြီးတော့ ပို့လို့ရမယ်။ ဆိုတော့ ဒီဟာ ရဲ့ အောင်မြင်မှုကတော့ အများကြီးပါ။ အဓိကကျတာ ကတော့ Electronic ပါမယ်၊ Information transport at the Nano scale ၊ ဆိုလိုချင်တာက ကွန်ပြူတာပေါ့၊ ဒါပေမယ့် နာနို Scale မှာ ဆောက်ထားတဲ့ ကွန်ပြူတာ သေးသေးလေးတွေကိုမှ ကျနော်တို့ အသုံးချနိုင်မယ်၊ သတင်းကို တနေရာကနေ တနေရာကို ပို့ဖို့အတွက်၊ ဒါမှမဟုတ်လို့ရှိရင် ခုနကလို ဆေးတွေ ကို ခန္ဓာကိုယ်ထဲမှာ ပို့တယ်။ အဲဒါမျိုးပေါ့နော် အမျိုးမျိုး ရှေ့မှာသုံးဖို့ရှိပါတယ်။

ရူပဗေဒပါမောက္ခ ဒေါက်တာစောဝေလှရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG