သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအတွက် ပြန်ပြည့်မြဲစွမ်းအင်


A worker cleans the Selfridges building in Birmingham, Britain.
A worker cleans the Selfridges building in Birmingham, Britain.

ကမ္ဘာတလွှား ပြန်ပြည့်မြဲစွမ်းအင်ကို အသုံးချပြီး ရာသီဥတုဖေါက်ပြန်မှုကို လျှော့ချဖို့ ကျိုးစားနေချိန်မှာ ပြန်ပြည့်မြဲစွမ်းအင် သယံဇာတ ပေါများလှတဲ့ မြန်မာနိုင်ငံအတွက် အစိုးရက မူဝါဒ တရပ် ချမှတ် သုံးစွဲစေဖို့ တောင်းဆိုနေတဲ့ မြန်မာ့ပြန်ပြည့်မြဲစွမ်းအင် အသင်းက ဦးအောင်မြင့်ရဲ့ အမြင်တွေကို ပြောပြပေမှာပါ။

မြန်မာနိုင်ငံမှာ စွမ်းအင်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေချိန်မှာ လက်ရှိအစိုးရစွမ်းအင်ဝန်ကြီးဌာနက ကမ္ဘာ့ဘဏ်၊ အာရှဖွံဖြိုးရေးဘဏ်နဲ့ ဂျပန်က JICA တို့လို အဖွဲ့အစည်းကြီးတွေနဲ့ တွဲပြီး အရင်အစိုးရ လက်ထက်က ချထားတဲ့ လမ်းစဉ်အတိုင်း ဆက်လုပ်နေတာ တွေ့ရပါတယ်။

စွမ်းအင်အတွက် အကောင်ထည် ဖေါ်ရာမှာ ဌာန အတော်များများ ပါဝင်ရမှာ ဖြစ်ပြီး အဓိက ပါဝင်ဖို့ လိုအပ်တာက သုံးစွဲမယ့် ပြည်သူတွေ ဖြစ်ပါတယ်။ တကယ်လို့ ပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမှု မရှိတာတွေကို နိုင်ငံ ရပ်ခြားက ပေးတဲ့ အကူအညီနဲ့ အကောင်ထည် ဖေါ်မိမယ် ဆိုရင် ရလာတဲ့ အကူညီတွေ အလဟသ ဖြစ်မှာကို စိုးရိမ်ရတယ်လို့ မြန်မာ ပြန်ပြည့်မြဲစွမ်းအင် အသင်းက ဦးအောင်မြင့်က ပြောပါတယ်။

ဒီလိုအလဟဿ မဖြစ်အောင် အစိုးရက ဦးစီးတဲ့ ပြည့်မြဲစွမ်းအင်နဲ့ ဖြန့်ဖြူးပေးတဲ့ စံနစ်တခုကို ပြောင်းလဲ တည်ဆောက်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

INDC - Intended Nationally Determined Contribution လို့ ခေါ်တဲ့ ကိုယ့်တိုင်းပြည်ကနေ စပြီး ကျိုးစားဖို့အတွက် ပဲရစ်သဘောတူညီချက် ဒါမှမဟုတ် ကုလသမဂ္ဂရဲ့ COP 21 လို့ခေါ်တဲ့ ရာသီဥတု ပြောင်းလဲမှု လျှော့ချရေး ဆိုင်ရာ သဘောတူညီချက်ကို နိုင်ငံပေါင်း ၁၉၀ ကျော်က ပါဝင်ဖို့ ကတိပြုထားတဲ့ ထဲမှာ မြန်မာ နိုင်ငံလည်း ပါဝင်ပါတယ်။ ဒီလို ပါဝင်ရက်နဲ့ ရေနံဓါတ်ငွေ့တွေကို အားထားဖို့၊ ကျောက်မီးသွေးကို သုံးဖို့ အစီစဉ်တွေ ချနေမယ့်အစား ရေရှည် အတွက် မျိုးဆက်သစ်တွေ အတွက် ပါ စဉ်းစားပြီး ပြန် ပြည့်မြဲစွမ်းအင်ကို လက်ရှိ စွမ်းအင်ကဏ္ဍမှာ ရောပြီး သုံးဖို့ မူဝါဒတရပ် ချမှတ် လုပ်ဆောင်သင့် တယ် လို့ ပြောပါတယ်။

အခုအချိန်ဟာ မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ် အပါအဝင် နိုင်ငံတကာက ကူညီဖို့ ကမ်းလှမ်းမှုတွေ အများအပြား ရနေတာမို့ ဒီလို အခွင့်ရေးမျိုး ရနေချိန် မှာ နိုင်ငံအတွက် ရေရှည်အကျိုးဖြစ်နိုင်မယ့် အစီစဉ်တွေကို မဟာဗျူဟာချ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ပထမဆုံး ပြန်ပြည့်မြဲစွမ်းအင် လို့ သတ်မှတ်နိုင်တဲ့ အချက်တွေကို ကြည့်ရအောင်ပါ။ ပြန်ပြည့်မြဲစွမ်းအင်ဟာ ၁ Always Renewable အမြဲတမ်း ပြန်ပြီး ပြည့်နိုင်တဲ့စွမ်းအင်၊ အမြဲပြန်ရနေရမှာ ဖြစ်ပါတယ်။ ၂ Never exhausted ဘယ်တော့မှ ကုန်မသွားတဲ့စွမ်းအင်ပါ။ ၃ Quality energy အရည်သွေးမှီတဲ့ စွမ်းအင်ဖြစ်ရပါမယ်။ ၄ Sustainable and energy security လူတွေရဲ့ စီမံခန့်ခွဲနိုင်တဲ့ ဘောင်ထဲမှာ ရေရှည်အသုံးခံရပြီး စွမ်းအင်လုံခြုံမှု ရှိရပါမယ်။ ဒီအချက်တွေနဲ့ ပြည့်စုံမှ ပြန်ပြည့်မြဲစွမ်းအင်လို့ သတ်မှတ်တာပါ။

ဒီစွမ်းအင်တွေကို နေ၊ ရေ၊ လေနဲ့ ဇီဝလောင်စာတွေ ဆီကနေ ရယူနိုင်ပါတယ်။ ရေအားစွမ်းအင် ထုတ်တဲ့ နေရာမှာ သိပ်ကြီးမားတဲ့ ထုတ်လုပ်မှု မျိုးမဟုတ်ပဲ အသေးစားနဲ့ အလတ်စား ရေအားသုံး စွမ်းအင်ထုတ်တာမျိုး ဖြစ်ပါတယ်။ ကြီးမားတဲ့ ရေကာတာကြီးတွေ ဆောက်ပြီး ရေအားလျှပ်စစ်ထုတ်ယူတာမျိုး မပါပါဘူး။

တကယ်ဆိုရင် မြန်မာနိုင်ငံဟာ ပြန်ပြည့်မြဲစွမ်းအင် သယံဇာတ ပေါကြွယ်တဲ့ နိုင်ငံဖြစ်ပါတယ်။ တိမ်တဲ့ ရေတိမ်ကမ်းခြေရှိတဲ့ ရှည်လျားတဲ့ ကမ်းရိုတန်းက အလျားမိုင် ၁၇၆၀ လောက်ရှိပြီး အဲဒီ တလျှောက်မှာ လေစွမ်းအားသုံး တာဘိုင်စက်တွေ တပ်ဆင်ပြီး လေစွမ်းအင်ကို ရယူ နိုင်ပါတယ်။ မြစ်ချောင်းတွေ အများကြီးရှိတဲ့ထဲက မြစ်ကြီးတွေကို ပိတ်ပစ်စရာ မလိုပဲ အသေးစားနဲ့ အလတ်စား ရေအားလျှပ်စစ်တွေလည်း အမြောက်အများ ထုတ်နိုင်ပါတယ်။ ဇီဝအားကိုတော့ စိုက်ပျိုးရေးစွန့်ပစ် ပစ္စည်း ဥပမာ- ညစ်ညမ်းမှု စာရင်းထဲ ဝင်လောက်အောင် ပေါများတဲ့ စပါးခွံတွေ ကနေရယူနိုင်ပါတယ်။ ဒါ့အပြင် သစ်တောထွက်နဲ့ မြို့ပြတွေက စွန့်ပစ် အမှိုက်တွေ ကလည်း ဇီဝလောင်စာ အရင်းအမြစ်တွေပါ။

ဒါ့အပြင် မြန်မာနိုင်ငံမှာဆို တိုင်းပြည်ရဲ့ ၇၀ % လောက်အထိဟာ ပြည်သူတွေရဲ့ ကိုယ်ထူကိုယ်ထ မီးလင်းရေး လုပ်ဆောင်မှုတွေ ကြောင့် ရပ်တည်နေနိုင်တာပါ။ အဲဒီပြည်သူရဲ့ အရည်အသွေးကိုလည်း စံနစ်တကျ အသုံးချဖို့ အစိုးရက စဉ်းစားရမယ် လို့ အကြံပေးပါတယ်။ ဒီလူထုအတွက် လိုအပ်တာက အရင်းအနှီး စိုက်ထုတ်ပေးဖို့၊ သူတို့ရဲ့ စီးပွါးရေး လုံခြုံစိတ်ချရစေအောင် နိုင်ငံတော်က ရှင်းလင်းပြတ်သားတဲ့ မူဝါဒ ချမှတ်ပေးဖို့နဲ့၊ လျှင်မြန်ပြီး တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာ ဆိုင်ရာ အကူညီတွေ ပေးဖို့ လိုအပ်နေတာပါ။

ဒီ ၃ ချက်ကိုသာ ပံ့ပိုးပေးနိုင်မယ် ဆိုရင် မြန်မာနိုင်ငံဟာ renewable ပြန်ပြည့်မြဲစွမ်းအင် ထုတ်လုပ်မှုမှာ ချံပီယံ ဖြစ်သွားနိုင်တယ်လို့လည်း ဆရာ ဦးအောင်မြင့်က ပြောပါတယ်။

လာမယ့် နှစ် ၅၀ မှာ ကမ္ဘာက ပြန်ပြည့်မြဲစွမ်းအင် ကိုပဲ ရာနှုန်းပြည့် အားကိုးဖို့ စီစဉ်နေချိန်မှာ သဘာဝ ဘေးဒဏ်တွေ အမြင့်ဆုံး ခံစားနေရတဲ့ မြန်မာနိုင်ငံဟာ မူဝါဒတွေ ပြောင်းလဲနေတဲ့ အချိန်နဲ့ ကိုက်နေပြီး ကိုယ်တိုင်လည်း ပြန်ပြည့်မြဲစွမ်းအင် သယံဇာတ ကြွယ်ဝတာမို့ ဒီပြန်ပြည့်မြဲစွမ်းအင်အတွက် မဟာဗျူဟာချ လုပ်ဆောင်သင့် တယ်လို့ အကြံပေးပါတယ်။

XS
SM
MD
LG