သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့သစ်တော ပြန်လည်ရှင်သန်ရေး


In photo taken Friday, Aug. 19, 2011, a Shan man carries trees he dug from the forest to replant at his home along a dirt road in Doi Tai Leng in southern Shan state, Myanmar.
In photo taken Friday, Aug. 19, 2011, a Shan man carries trees he dug from the forest to replant at his home along a dirt road in Doi Tai Leng in southern Shan state, Myanmar.

သစ်တော ထိမ်းသိမ်းရေးအတွက် မြန်မာနိုင်ငံမှာ သစ်ထုတ်လုပ်မှု တနှစ်ရပ်ဆိုင်းလိုက်တာဟာ မှန်ကန်တဲ့ စီမံခန့်ခွဲမှု ဟုတ်ပါသလား။ သစ်တောပညာ ရှုဒေါင့်က အမြင်ကို သိရအောင် သစ်တောပညာရှင် ဦးဝင်းမော်ကို မေးမြန်းပြီး တင်ပြပေးမှာပါ။

တနိုင်ငံလုံး အတိုင်းအတာနဲ့ သစ်ထုတ်လုပ်မှု လုပ်ငန်းကို ၂၀၁၆- ၁၇ တနှစ် ရပ်ဆိုင်းလိုက်ပြီး ပဲခူးရိုးမ အတွက်တော့ ဆယ်နှစ် ရပ်နားမယ်လို့ ဇူလိုင်လထဲမှာ တာဝန်ရှိသူတွေက ပြောကြားကြပါတယ်။ ဒီလို လုပ်ဆောင်တာဟာ မှန်ကန်မှု ရှိပါသလား။ ပထမဆုံး မြန်မာ့သစ်တော အနေအထားကို ကြည့်ရအောင်ပါ။

သစ်တောတွေ အဓိကရှိတာက ရှမ်းပြည်မြောက်ပိုင်း၊ ကချင်အရှေ့ပိုင်း၊ နောက် တနင်္သာရီ အဲဒီနေရာတွေ လောက်မှာပဲ တောက များများ ကျန်တော့တယ်။ အရင်တုန်းကတော့ ပဲခူးရိုးမက တောကောင်းခဲ့တာပေါ့။ ဒါပေမယ့် အခုပဲခူးရိုးမက ကုန်သလောက် ဖြစ်သွားပြီ။ နေပြည်တော် လမ်းဖေါက်တယ်၊ ပြည်လမ်းနဲ့ ရန်ကုန် မန္တလေးလမ်းတွေ ကန့်လန့်ဖြတ်တဲ့ လမ်းတွေ ဖေါက်လိုက်တော့ လူအရောက် အပေါက်လွယ်သွားပြီး အဲဒီနေရာက ကုန်သလောက် ဖြစ်သွားတယ်၊ ဒါ့အပြင် အဲဒီမှာ ရာဘာခြံလို စိုက်ခင်းတွေ အတွက် ခွင့်ပြုလိုက်တဲ့ အခါမှာတော့ အခြေနေက ပိုဆိုးသွားတာဖြစ်ပြီး ပဲခူးရိုးမ ကုန်သလောက် ဖြစ်သွားတာပါ။ တကယ်မှာ တောက ရှိနေပါတယ်။ ဒါပေမယ့် တောထဲမှာ ခြုံနဲ့ လူသိပ်မသုံးတဲ့ သစ်လောက်ပဲ ကျန်ရစ်တာမို့ တန်ဖိုးမရှိတဲ့ တောဖြစ်နေပါပြီ။ မြန်မာ့သစ်တော အမျိုးအစား ထဲမှာဆို ညံ့တဲ့ အုပ်စု ၄ - ၅ လောက်ဖြစ်သွားပြီး တကယ်ကောင်းတဲ့ အုပ်စု ၁- ၂ - ၃ တို့ မရှိတော့ပါဘူး။ ဒါ့ကြောင့် အစိုးရက သစ်မခုတ်ပဲ အနားပေးချင်တာပါ။

ဒီလိုအနားပေးတဲ့ နေရာမှာ ဘယ်လို အနားပေးမှာပါလဲ။ သစ်တောတွေ ပြန်ပြီး စိမ်းလန်းစိုပြေလာစေဖို့ ဘယ်လိုပုံစံမျိုးနဲ့ လုပ်ဖို့ စီစဉ်ထားပါသလဲ။

သစ်တောတွေကို စိမ်းလန်း စိုပြေအောင်လုပ်ဖို့ ဆိုတာက သစ်တော ပြန်လည်ထူထောင်ရေးပေါ့။ သစ်တောစိုက်ခင်းတွေ ပြန်ပြီးစိုက်ဖို့ကိစ္စကို နိုင်ငံခြားအကူအညီနဲ့ လုပ်ဖို့၊ နိုင်ငံခြားက အကူညီပေးလာရင် ဘယ်လိုလုပ်ကြမယ် ဆိုတာကို ရုံးချုပ်မှာ အစီစဉ်ဆွဲနေပါတယ်။ အရင်တုန်းက သစ်တောစိုက်ခင်းတွေ လုပ်တာထက် အခုလို နိုင်ငံခြားကုမ္ပဏီနဲ့ လုပ်မယ်ဆိုတော့ ပိုပြီး ထိရောက်မယ်လို့ ထင်ပါတယ်။ သစ်တောဆိုင်ရာ တာဝန်ရှိသူတဦးနဲ့ ဆွေးနွေးကြည့်တဲ့အခါမှာ၊ မျိုးစေ့နဲ့ သစ်ကိုစိုက်မလား၊ tissue culture နဲ့လုပ်မလားလို့ မေးပါတယ်။ သူများနိုင်ငံတွေမှာ မျိုးစေ့နဲ့ ပျိုးထောင်တာမျိုးက မရှိတော့ပါဘူး။ tissue culture နဲ့ပဲ ပျိုးထောင်တဲ့အခါမှာ သစ် အမျိုးအစားက ပိုကောင်းပါတယ်။ ဒါ့ကြောင့် မေးကြည့်တဲ့အခါ အဲဒီအစီစဉ်တော့ မရှိသေးဘူး လို့ သိရပါတယ်။

ဒါပေမယ့် သစ်တောတွေ ပြန်ပြီး စိမ်းလန်းစိုပြေလာအောင် သစ်ခုတ်တာကိုတော့ ရပ်ထားမှာ ဖြစ်ပါတယ်။

သစ်ခုတ်တာကို ရပ်ထားပြီး တောကို အနားပေး ထားမှာပါ။ တောကိုအနားပေးပြီး အဲဒီတောမှာ အဖိုးတန် သစ်မျိုးတွေ ပြန်ပြီးထည့်ရမှာ ဖြစ်ပါတယ်။ ကျွန်းစိုက်ခင်းတွေ၊ ပျဉ်းကတိုး စိုက်ခင်းတွေ၊ ပိတောက်စိုက်ခင်းတွေ၊ အဲဒီလို စိုက်ခင်းတွေ ပြန်ထည့်ပေးရမှာပါ။ ပြန်စိုက်ပေးရမှာပါ။ တောအနေထားကတော့ သစ်မခုတ်တော့ပဲ ထားရင် ပြန်ကောင်းလာနိုင်ပါတယ်။ ဒါပေမယ့် အချိန်အတော်ကြာအောင် စောင့်ရမှာပါ။

သစ်ခုတ်တာကို တနိုင်ငံလုံး အတိုင်းအတာနဲ့ တနှစ်ရပ်ဆိုင်းပြီး ပဲခူးရိုးမမှာတော့ ဆယ်နှစ်လုံးဝ သစ်မခုတ်ဖို့ တားမြစ်ထားတာပါ။ ဘာ့ကြောင့် အခုလို ခွဲထားတာပါလဲ။

ပဲခူးရိုးမဟာ ကျွန်းပေါက်တဲ့ တောကောင်းတတောဖြစ်ပါတယ်။ ဒီတောမှာ ကုန်သလောက်ဖြစ်သွားပြီး ဆယ်နှစ်လောက် ရပ်ရင်တောင် ပုံမှန်တော ပြန်ဖြစ်လာဖို့ မလွယ်လှပါဘူး။ ဒါ့ကြောင့် ဆယ်နှစ်ရပ်ထားတာပါ။ ကျန်တဲ့ တောတွေကတော့ အတော်အသင့် ကျန်နေပါသေးတယ်။ ဒါ့ကြောင့် တနှစ်ရပ်ဆိုင်းပြီး ဒီလို ရပ်ဆိုင်းထားချိန်အတွင်း အစီအစဉ်တွေ ဆွဲမှာ ဖြစ်ပါတယ်။ ခုလို မရပ်ဆိုင်းပဲ ခုတ်ခွင့်ပေးလိုက်တာနဲ့ ခိုးခုတ်တာတွေနဲ့ ပါရောပြီး အခြေနေ ပိုဆိုးလာနိုင်တာမို့ ရပ်ပစ်လိုက်တဲ့ သဘောပါ။

ဒီလို ရပ်ပစ်ခဲ့ပေမယ့် အခုလည်း ဒီတောတွေမှာ သစ်လုံးတွေ ထုတ်တာတွေ့နေရပါတယ်။

ဒီသစ်လုံး အများစုဟာ သစ်လုပ်ငန်းက ထုတ်နေတာ ဖြစ်ပါတယ်။ သစ်လုံးကို မထုတ်ရဘူး၊ ကုန်ချောကိုပဲ ထုတ်ရမယ်လို့ သတ်မှတ်ထားတဲ့အတွက် သစ်လုံးတွေကို ကုန်ချောပို့တဲ့ နေရာကို ပို့နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံခြားပို့ဖို့ သစ်လုံးကိုတော့ ပိတ်ထားပါတယ်။

အခုလို သစ်ခုတ်မှုကို ရပ်လိုက်တဲ့ အချိန်မှာ ကြုံလာမယ့် ပြဿနာတွေက ဘာတွေပါလဲ။

ပြည်တွင်းမှာ ကုန်ချော ထုတ်ဖို့ အတွက် နိုင်ငံခြားကနေလာရောက် ရင်းနှီးမြှပ်နှံသူတွေရော၊ ပြည်တွင်းက ရင်းနှီးမြှပ်နှံသူတွေပါ ရှိနေကြတာပါ။ ္ခ ဒီလူတွေဟာ စက်ရုံံကြီးတွေတည်ပြီး လုပ်နေကြတာပါ။ ဆောက်လက်စ စက်ရုံတွေ ရှိသလို လည်နေပြီဖြစ်တဲ့ စက်ရုံတွေလည်း ရှိပါတယ်။ အခု သစ်ကို ရပ်လိုက်တဲ့ အခါ အဲဒီလူတွေဟာ အခု ကုန်ကြမ်းတွေ မရပဲ ဖြစ်ကုန်ပြီး ပြည်တွင်းမှာ အတော်ဒုက္ခရောက်ကုန်ပါတယ်။

သူတို့အတွက် သစ်ကို ဘယ်ကရမလဲ လို့ ကြည့်တဲ့အခါ သစ်လုပ်ငန်းက ဆက်ထုတ်မယ်၊ တနှစ် ဆက်ထုတ်မယ် ဆိုတော့ အဲဒီ သစ်လုပ်ငန်းက ထုတ်တဲ့ သစ်ကိုပဲ ဝိုင်းပြီး လုပြီး လေလံဆွဲကြရမယ့် အနေထားပါ။ တကယ်လို့ လေလံဆွဲမယ်ဆိုရင် သစ်ဈေးက သိပ်မြင့်သွားမှာ ဖြစ်ပါတယ်။ ဒီပုံစံနဲ့ သွားရင် မြန်မာပြည်ထဲမှာ သစ်ကို သုံးဖို့အတော်ခက်လာမယ့် သဘောရှိနေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သစ်ခုတ်တာကို ရပ်ပစ်လိုက်တာကြောင့်ပါ။

သစ်ခုတ်တာကို ရပ်ပစ်လိုက်တာဟာ sustainable management လို့ ခေါ်တဲ့ ရေရှည်တည်တံ့တဲ့ သစ်တောရရေးအတွက် စီမံအုပ်ချုပ်မှု သဘော မဖြစ်တော့တဲ့ အနေထားကို ရောက်သွားတာမို့ပါ။

သစ်ခုတ်တာကို လုံးဝ ရပ်လိုက်တဲ့ ပုံစံထက် ပိုပြီး ကောင်းမယ့် နည်းက ဘာပါလဲ။ ရေရှည်ခံမယ့် သစ်တော ပြုပြင်ထိမ်းသိမ်းရေး အတွက် သတ်မှတ်ထားတာ တွေက ဘာတွေ ပါလဲ။ ဘာတွေ လုပ်ဖို့သင့်ပါသလဲ။

ရေရှည်ခံတဲ့သစ်တောမှာ management က ခုတ်စရာ ရှိတာကို ခုတ်ရမှာ ဖြစ်သလို ထုတ်စရာ ရှိတာလည်း ထုတ်၊ သဘာဝ ပါတ်ဝန်းကျင်ကိုလည်း ထိမ်းရမယ်၊ ဒေသခံတွေရဲ့ ကောင်းကျိုး လူမှုရေးဆိုင်ရာကို ပံ့ပိုးပေးမှုလည်း ဖြစ်စေရမှာ ဖြစ်ပါတယ်။ အခု တော့ အဲဒီပုံစံ မဝင်တော့ပါဘူး။ လက်ရှိမှာ သဘာဝ ပါတ်ဝန်းကျင်ဟာ လုံးဝထိခိုက် သွားပြီမို့ ခုတ်တာတွေ အားလုံးရပ်ပြီး သဘာဝ ပါတ်ဝန်းကျင်ကိုပဲ ပြန်ပြီး စဉ်းစားတဲ့ ပုံစံမျိုး ဖြစ်သွားတာပါ။ ဒါ့ကြောင့် ပုံမှန် စီမံခန့်ခွဲမှု မဟုတ်တော့ပဲ management out သွားတဲ့ သဘောဖြစ်နေပါတယ်။

ကျွန်တော့် အမြင် ပြောရရင် ထုတ်စရာရှိတာကိုလည်း ဆက်ထုတ်သွားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်နေရာမှာ ဘယ်လောက်ပဲ ထုတ်သင့်တယ် ဆိုတာကို ရှိတဲ့ တောကို ဘယ်နေရာမှာ ဘယ်လောက်လေ ျှာ့ ထုတ်၊ ပြည်တွင်း သုံးကုန် ဖူလုံအောင်ထုတ်၊ ပြည်ပကို မပို့နဲ့၊ ပြည်တွင်းမှာပဲ လုံလောက်အောင် ထုတ်ပေးသင့်တယ်။ ဒီလိုလုပ်ရာမှာ ရှိတဲ့ စည်းကမ်းနဲ့ ဥပဒေနဲ့ ကျကျနန သတ်မှတ်ပြီး ထုတ်သင့်တယ်လို့ ထင်ပါတယ်။ အခုလိုမျိုး ရပ်ပစ်လိုက်မယ် ဆိုတာကတော့ တကယ်တော့ သစ်တောပညာ ရှုဒေါင့်က ကြည့်ရင် မှားနေပါတယ်လို့ သစ်တော ပညာရှင် ဦးဝင်းမော်က ပြောပါတယ်။

XS
SM
MD
LG