သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့သစ်တော ထိမ်းသိမ်းရေးအတွက် အရေးပါတဲ့ စီမံခန့်ခွဲမှု


Myanmar Logging
Myanmar Logging

ရေရှည်ခံမယ့် သစ်တော ပြုပြင်ထိမ်းသိမ်းရေး အတွက် အရေးပါတဲ့ စီမံခန့်ခွဲမှုစံနစ် အကြောင်း သစ်တောပညာရှင် ဦးဝင်းမော်က ပြောပြပေးမှာပါ။

တိုက်ရိုက် လင့်ခ်

သစ်တော သယံဇာတနဲ့ နံမယ်ကြီးတဲ့ မြန်မာနိုင်ငံအတွက် လက်ရှိမှာ သစ်တော စီမံခန့်ခွဲရေးနဲ့ ပါတ်သက်ပြီး ဘာတွေ လိုအပ်နေပါသလဲ။

သစ်တောတွေကို ရေရှည်တည်တံ့ ခိုင်မြဲအောင် အုပ်ချုပ်တဲ့ စံနစ်မှာ သစ်တောရဲ့ သဘာဝပါတ်ဝန်းကျင်၊ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေ နောက် စီးပွါးရေးတွေ အဲဒီ ၃ မျိုးကို အဓိကထားပြီး စဉ်းစားရပါမယ်။ အဲဒီတော့ သစ်တောထွက် ပစ္စည်းလည်း ရှိရမယ်၊ သဘာဝ ပါတ်ဝန်းကျင်ကိုလည်း ထိမ်းသိမ်းရမယ်၊ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးရမယ် ဆိုတဲ့ ထဲမှာ အခု သစ်တောထွက်ပစ္စည်း ထုတ်တာကို တနှစ် ရပ်မယ်ဆို ဆုံးဖြတ်လိုက်တာက စီးပွါးရေး အနေနဲ့ ဝင်ငွေကို ဖြတ်တောက်လိုက်တဲ့ သဘော၊ ဒီသစ်တောထွက် ပစ္စည်းကို မထုတ်တော့ဘူးလို့ ဖြစ်သွားတဲ့အတွက် ကျွန်တော်တို့ အရင် ဆွဲထားတဲ့ သစ်ထုတ်လုပ်မှု sustainable management ရေရှည်ခံမယ့် စီမံခန့်ခွဲမှုကနေ ဘေးကို ထွက်သွားတဲ့ သဘောဖြစ်နေတယ်။ ဒီ့အတွက် သစ်တောပညာ ရှုဒေါင့်က ကြည့်ရင် ဒါက လွဲနေပါတယ်။

အခုလို မြန်မာနိုင်ငံမှာ သစ်ထုတ်လုပ်မှု တနှစ်ရပ်ဆိုင်းလိုက်တာဟာ သစ်တောပြုန်းတီးမှုကို ကာကွယ်ဖို့လို့ ပြောပေမယ့် တကယ်တမ်းမှာ အကာကွယ် မပေးနိုင်တဲ့ ယိုပေါက်တွေက အများကြီး ရှိနေတာပါ။

ကျွန်တော်တို့ မြန်မာပြည်မှာ သစ်ထုတ်လုပ်တဲ့ အဖွဲ့အစည်းက သုံးမျိုး ရှိပါတယ်။ ၁ က သစ်လုပ်ငန်း၊ ၂ က သစ်ကုမ္ပဏီတွေက ထုတ်တယ်၊ ၃ က ကချင်တို့ ကရင်တို့က လက်နက်ကိုင် အဖွဲ့အစည်းတွေက တရားမဝင်ထုတ်တာတွေ ဆိုပြီး ၃ မျိုးရှိပါတယ်။ အဲဒီ ၃ မျိုးထဲမှာ သစ်လုပ်ငန်းက သစ်ထုတ်တာကို လက်ကျန်သစ်ကိုပဲ ထုတ်ခွင့်ပေးမယ်၊ ကျန်တဲ့ သစ်ကုမ္ပဏီတွေကို ဆက်ပြီး ထုတ်ခွင့် မပေးတော့ဘူး။ လက်နက်ကိုင် အဖွဲ့အစည်းတွေ ကထုတ်နေတာကိုလည်း ထိမ်းမယ်ဆိုပြီး လုပ်တဲ့ သဘောပါ။ ဒါပေမယ့် ကျွန်တော်တို့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဘယ်လို ထိမ်းနိုင်မလဲ။ သစ်တောဦးစီးက လူတွေ အဲဒီကို သွားလို့ မရဘူး။ ဟိုတခေါက်က သစ်တောက သွားတားတဲ့အခါ ပစ်သတ်တာတွေ ရှိတယ်။ အဲဒီမှာ တရားဥပဒေ စိုးမိုးမှုကလည်း မရှိဘူး။ အဲဒီ ဘက်က သစ်တွေ မခုတ်အောင်လို့ ကျွန်တော်တို့ မတားနိုင်ဘူး။ နောက်တခုက သစ်ကုမ္ပဏီတွေကလည်း အရင်တိုင်းမှုးတွေ စစ်တိုင်းမှုးတွေကို ခွင့်ပြုထားတာတွေ ရှိတယ်။ အဲဒါတွေက ခွင့်ပြုထားပြီးသားတွေ၊ အဲဒါတွေကိုရော ခွင့်ပြုပြီးသားတွေ၊ ပိုက်ဆံသွင်းပြီးသားတွေ ရှိနေတယ်။ အဲဒါတွေကိုရော ဖြတ်မလား ဆိုတာကလည်း မပြောနိုင်ဘူး။ သစ်လုပ်ငန်းကိုလည်း ခွင့်ပြုမယ် သစ်လုပ်ငန်းကိုတော့ လက်ကျန်သစ်ကို ခွင့်ပြုမယ် ဆိုတာပဲ ကျွန်တော်တို့ သိထားတယ်။

ဒီလိုမျိုး အခြေနေတွေနဲ့ အစိုးကတော့ တနှစ် ရပ်မယ် ပြောတယ်။ နောက်ကွယ်ကတော့ ယိုပေါက်တွေက အများကြီး ရှိနေတယ်။ ဒီလို အခြေနေမျိုးမှာ မြန်မာနိုင်ငံရဲ့ သစ်တောတွေ၊ သစ်တွေ မဆုံးရှုံးအောင်၊ သစ်တောပါတ်ဝန်းကျင်ကို မထိခိုက်အောင် ဘာတွေ လုပ်သင့်ပါသလဲ။

သစ် အဓိက ထုတ်နေတာက လက်နက်ကိုင် အဖွဲ့အစည်းပါ။ အဲဒီ လက်နက်ကိုင် အဖွဲ့အစည်းက ထုတ်နေတာကို ထိမ်းဖို့ အတွက် အဓိကက ငြိမ်းချမ်းရေး ရဖို့ပဲ။ ငြိမ်းချမ်းရေး ရမယ်။ စစ်ပွဲတွေ မဖြစ်ဖူး။ သစ်တော ဥပဒေက အားလုံးအပေါ် သက်ရောက်မယ်၊ ထိမ်းသိမ်းနိုင်ရမယ်။ ဒါမှသာလျင် လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိတဲ့ကချင်ပြည်နယ်တို့၊ ကရင်ပြည်နယ်တို့၊ တနင်္သာရီတို့ အဲဒီနေရာတွေကို ကျွန်တော်တို့က ထိမ်းသိမ်းနိုင်မယ်။ နံပါတ် ၂ အချက် တနှစ်ရပ်မယ်သာ ပြောတာ သစ်လုပ်ငန်းက ဆက်ထုတ်နေမယ် ဆိုတာက အဲဒီ သစ်လုပ်ငန်းက ထုတ်ခွင့်ပြုထားတာ ဘယ်လောက်ကျန်နေတာလဲ တောထဲမှာ။ သူက ဥပမာ တန် တသောင်း ကျန်နေတယ် ဆိုရင် အဲဒီ တန်တသောင်းကို ထုတ်ချင် ထုတ်နေမှာ၊ သစ်လုပ်ငန်းကလည်း သူကိုယ်တိုင် ထုတ်တာ မဟုတ်ဖူး။ သူကနေ ကန်ထရိုက်ပြန်ပေးတာ။ အဲဒီ သစ်ကုမ္ပဏီတွေ ခွင့်ပြုထားတဲ့ သစ်ကုမ္ပဏီက ဟာတွေကိုကျတော့ ကျွန်တော်တို့က အဲဒါတွေကို စီစစ်ပြီးတော့ ရပ်သင့်ရင် ရပ်ခိုင်းရမယ်။ ခုတ်ပြီးသားဖြစ်ရင် ခုတ်ခွင့်ပေးရမယ်။ အဲဒါတွေကိုပဲ ကျွန်တော်တို့က အာရုံစိုက်ပြီး လုပ်ရမှာပေါ့။

သစ်လုပ်ငန်းက ကျတော့ သစ်လုပ်ငန်းက သစ်ထုတ်ခွင့် ပြုထားတာက အခု modified procedure ဆိုတာ ရှိတယ်။ သူတို့ ခုတ်ချင်တဲ့ သစ်တွေ အကုန်ခုတ်ခဲ့။ ပြီး ပုံထား။ အဲဒီပုံထားတဲ့ သစ်ကို ကျွန်တော်တို့ သစ်တောကနေပြီးတော့ ခုတ်ခွင့်ပြုရတဲ့ စံနစ်။ အဲဒီစံနစ်က ကျွန်တော့ အမြင်ပြောရရင် လုံးဝ မှားနေတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ သစ်တောက ခွင့်ပြုတဲ့ သစ်။ သစ်တောကနေ အပင်ကို ရိုက်ပေးတဲ့သစ်ကိုသာလျင် သစ်လုပ်ငန်းက ထုတ်ရမှာ ဖြစ်တယ်။ ဒါပေမယ် အဲဒီလို မဟုတ်တော့ ပဲနဲ့ သစ်လုပ်ငန်းက ခုတ်တဲ့ သစ်ကို၊ ခုတ်ပြီး ပုံထားတဲ့ သစ်ကိုမှ သစ်တောက သွားပြီးတော့ တံဆိပ်ရိုက်ပြီး ခွင့်ပြုပေးတဲ့ စံနစ်က။ အဲဒီစံနစ်ကြောင့် အခု ဒီသစ်တော ပျက်တာ အဲဒါတွေလည်း ပါနေပါတယ်။

ဒီစံနစ်ကို ဘယ်အချိန်ကစပြီး ကျင့်သုံးလာတာပါလဲ။

၂၀၀၂ - ၂၀၀၃ လောက်ကစတာပါ။ နိုင်ငံတော်က ဘတ်ဂျက်လျာထား ချက်တွေက ဘယ်ဌာနက ဒေါ်လာ သန်းဘယ်လောက် လိုတယ်။ ဘယ်ဌာနက ဒေါ်လာ သန်း ဘယ်လောက် ရှာရမယ်။ ဆိုတာမျိုး target ချတာမျိုး ဖြစ်လာတဲ့ အခါမှာ ဒီပိုက်ဆံဝင်ငွေ များများရဖို့ သစ်များများ ထုတ်ဖို့ drive ဖြစ်လာတာပါ။ အဓိကက အစိုးရကနေ ငွေလိုတယ်။ ငွေဘယ်လောက်ရှာပေးရမယ်၊ target က ဒီလောက်ရှိတယ် ဆိုတာမျိုး ဖြစ်လာတဲ့ အခါမှာ အဲဒီလို ထုတ်ဖို့ ဖြစ်လာတယ်။

တောထဲက သစ်ကိုထုတ်ဖို့ ဆိုတာက သစ်တောကနေ ပင်ထောင် လိုက်ရိုက်ပေးမယ် ဆိုရင်၊ ဥပမာ ဆိုပါတော့ ကြိုးဝိုင်းတဝိုင်းမှာ သစ်ပင် ကပြန့်ပြီး ပေါက်နေတယ် ဆိုရင် ဒါမျိုးကို လိုက်မထုတ်နိုင်ဘူး။ အဲဒါကြောင့် တောကို လမ်းဖေါက်တယ်။ ဖေါက်တဲ့ နေရာကနေပဲ ရှိသမ ျှ သစ်တွေ အကုန်လုံးကို ထုတ်ပစ်လိုက်တာ။ တကယ်တော့ သစ်တောက ခွင့်ပြုမယ် ဆိုရင် သစ်တောခွင့်ပြုတဲ့ size အရွယ်အစားဟာ ကြိုးဝိုင်းတခုလုံမှာ ပြန့်နေတယ်။ အဲဒီလို အရွယ်အစား ပြန့်နေတာကို လိုက်မထုတ်ပဲနဲ့ အနီး အနားကဟာကိုပဲ အပြောင် ထုတ်ပစ်လိုက်တာ။ အဲဒီတော့ ရှိသမ ျှ သစ်ကိုအကုန် ခုတ်တဲ့ သဘောဖြစ်သွားတော့ ကျွန်တော်တို့ သစ်တောက ရေးထားတဲ့ felling cycle တို့ working plan တို့ ဆိုတာတွေဟာ လုံးဝ သုံးလို့ မရတော့ဘူး ဖြစ်သွားတယ်။ အဲဒါကြောင့် တောက ပျက်သွားတာ။ အဲဒါကို အခု ကျွန်တော်တို့ ပြန်ပြီးလုပ်မယ် ဆိုရင် ဒီ working plan တွေ ပြန်ဆွဲရမယ်၊ felling cycle တွေ ပြန်လုပ်ရမယ်။

အခုလို ပြင်စရာတွေက အများကြီးလုပ်ဖို့လို နေတဲ့ ထဲက မြန်မာနိုင်ငံရဲ့ သစ်တောတွေကို ထိမ်းသိမ်းချင်ရင် ပထမဦးဆုံး working plan လို့ခေါ်တဲ့ သစ်တော လုပ်ကိုင် စီမံကိန်းကို စပြီး လုပ်ဖို့ လိုအပ်ပါတယ်။

ဒီစီမံကိန်းကို ဆွဲမယ်ဆိုရင် သစ်တောထဲမှာ ရှိတဲ့ သစ်ပင်ရဲ့ မြေပုံကို ထုတ်ဖို့လိုပါတယ်။ သစ်ပင်တွေ တည်ရှိပုံကို ပြတဲ့ သစ်ပင်တွေရဲ့ မြေပုံ၊ သစ်ပင်တွေရဲ့ အရွယ်အစားတွေ၊ အမျိုးအစားတွေကို စာရင်းကောက်ယူရမှာ ဖြစ်ပါတယ်။ ဒီစာရင်းကို ရမှ နှစ်စဉ် တောထွက် ပစ္စည်းအဖြစ် ဥပမာ ကျွန်း၊ သစ်မာ တခြားသစ်မျိုး စသဖြင့် ခွဲပြီး ဘယ်အမျိုးအစားကို ဘယ်အတိုင်းတာထိ ခုတ်မယ် ဆိုတာကို တွက်လို့ ရမှာ ဖြစ်ပါတယ်။ သစ်ပင်တွေရဲ့ grade ပေါ်မူတည်ပြီး အနေထားကိုကြည့်ပြီး နှစ်စဉ် သစ်ခုတ်နိုင်တဲ့ ပမာဏ သတ်မှတ်ချက် ကို AAC လို့ခေါ်ပါတယ်။ တနှစ်အတွက် ခုတ်နိုင်တဲ့ annual allowable cut - AAC ကို တွက်ချက်ပြီးမှ ထုတ်ရမှာပါ။

အခုလက်ရှိမှာ မြန်မာနိုင်ငံရဲ့ သစ်တောတွေဟာ တောပြုန်းတဲ့ အနေထားကို ရောက်နေပါတယ်။ အခုလို တောပြုန်းနေရင်လည်း ပြုန်းပစေ ဒီရှိတဲ့ တောရဲ့ AAC ကို ပြန်တွက်ရမယ်။ ဒီ working plan ကို ပြန်ဆွဲရမှာ ဖြစ်ပါတယ်။ တကယ့်လက်ရှိ မြေပြင်မှာ ရှိတဲ့ အနေအထားကို ပြန်ဆွဲရမှာပါ။ ပြီးရင် AAC ကို ပြန်တွက်ပြီး သတ်မှတ်တဲ့ ခွင့်ပြု နိုင်တဲ့ တောထွက်ပစ္စည်းကို ပြန်ထုတ်လို့ ရမှာပါ။ ဒီလိုလုပ်မှသာ sustainable forest planning ဖြစ်တာပါ။ အဲဒီလို မလုပ်ပဲ အကုန်လုံး ရပ်ပစ်လိုက်မယ် ဆိုရင် သစ်တောထွက် ပစ္စည်းကို ကျွန်တော်တို့ လုံးဝ ထုတ်မသုံးပဲနဲ့ သစ်တောကြီးကို ထိုင်ပြီး အလှကြည့်တဲ့ သဘော ဖြစ်သွားပါလိမ့်မယ်။

ဒါ့ကြောင့် စီမံခန့်ခွဲမှုဟာ သိပ်ကို အရေးပါတယ်လို့ သစ်တောပညာရှင် ဦးဝင်းမော်က ပြောပါတယ်။

sustainable forest management ရေရှည်ခံမယ့် သစ်တော ဖြစ်ဖို့ စီမံခန့်ခွဲမှု ဆိုတဲ့ ထဲမှာ သစ်တောကနေ သစ်တောထွက် ပစ္စည်းရဖို့ လိုသလို၊ သဘာဝ ဝန်းကျင်ကို ထိမ်းသိမ်းရမှာ ဖြစ်တဲ့ အပြင် social ပြည်သူတွေရဲ့ လူမှုရေး လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်ရမှာ ဖြစ်ပါတယ်။

မြန်မာတွေပြောနေကျ စကားရပ်တခုဖြစ်တဲ့ သားစဉ် မြေးဆက် အစဉ် အဆက်အတွက် လိုအပ်တာကို ဆက်ပြီး သုံးနိုင်ရမှာ ဖြစ်ပါတယ်။ အခု သားစဉ်မြေးဆက် မဟုတ်တော့ပဲ မခုတ်နဲ့တော့ ရပ်တော့လို့ ပြောတာဟာ မသုံးစွဲနိုင်တော့တဲ့ အနေထားကို ရောက်သွားတာမို့ ဒီစီမံခန့်ခွဲမှု ပျက်သွားပြီလို့လည်း သုံးသပ်ပါတယ်။

XS
SM
MD
LG