သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်မြေအငြင်းပွား မှုကြောင့် ချင်းပြည်နယ် ရေဘေးဒုက္ခသည်တွေ အခက်ကြုံ


ချင်းပြည်နယ် ရေဘေးဒဏ် ကြုံခဲ့ရစဉ် ( ၃၀ ဇွန်လိုင်လ ၂၀၁၅)
ချင်းပြည်နယ် ရေဘေးဒဏ် ကြုံခဲ့ရစဉ် ( ၃၀ ဇွန်လိုင်လ ၂၀၁၅)

စစ်ကိုင်းတိုင်းဒေသကြီးနဲ့ချင်းပြည်နယ်နယ်စပ်မှာရှိနေတဲ့ ရေဘေးသင့်ပြည်သူ(၁၀၀၀)ကျော်ဟာ နှစ်ဖက်တိုင်းနဲ့ပြည်နယ် အာဏာပိုင်တွေကနေ နယ်စပ်အရေး ညိနှိုင်းမှုမပြေလည်သေးတာကြောင့် နေထိုင်ရေးမှာအခက်ကြုံနေကြရပါတယ်။ ရေဘေးဒုက္ခသည်ဖြစ်နေတဲ့ တွီးခင်ဇံရွာနဲ့တွီးတွန်း ရွာသားတွေနေထိုင်တဲ့ စခမ်းကိုနေရာပြောင်းရွှေ့ဖို့စစ်ကိုင်းတိုင်းအစိုးရ အဖွဲ့တွေကနေ ဖိအားပေးပြောဆိုခဲ့သလို ပြောင်းရွှေ့ဖို့အခက်ခဲရှိနေတယ်လို့လဲဒေသခံတွေကပြောပါတယ်။ ဒီအခြေ အနေကိုတော့ VOAထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန် ကနေအခုလိုသတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်းကလေးမြို့နယ်နဲ့ ချင်းပြည်နယ် တွန်းဇံမြို့နယ်စပ်ကြားမှာ ရှိတဲ့ ရေဘေးဒုက္ခသည်ဖြစ်နေတဲ့ တွီးခင်ဇံရွာနဲ့ တွီးတွန်းရွာသားတွေနေထိုင်တဲ့ စခန်းကို နေရာပြောင်းရွှေ့ဖို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့တွေကနေ ဖိအားပေးပြောဆိုခဲ့ တယ်လို့ လူမှုအကူညီ ပေးရေးအဖွဲ့တခုဖြစ်တဲ့ ဇီုမီးဒေသဖွံ့ဖြိုးတိုးတက်ရေးဖေါင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာပေါ့ပါက အခုလိုပြောပါတယ်။

“ပြည်သူလူထုက အဲဒီမှာ စခန်းချတော့ သူတို့က အဲဒါလည်း ကျနော်တို့ ချင်းပြည်နယ်ပဲ ဆိုပြီးနေတော့ ဝန်ကြီးချုပ်တွေလာပြီးမှ စစ်ကိုင်းတိုင်းဖြစ်တယ် ဆိုပြီး ငြင်းခုန်နေကြတာပေါ့။ အဲဒါမကဘူး ကောက်ကရွာက ချင်းပြည်နယ်ထဲမှာရှိတဲ့ ရွာကိုလည်း အဲဒါ ချင်းပြည်နယ်ဆိုပြီး ထပ်ပြီးမှ သူတို့က ရွာဟောင်းတရွာကိုလည်း သူတို့က ပြန်လည် ဒီအစိုးရဖွဲ့ကနေလာပြီးတော့ ရွှေ့ပါ မင်းတို့ရွာကို ဆိုပြီးမှ မောင်းထုတ်ချင်တာပေါ့နော်။ အခုလက်ရှိက သူတို့က ပြန်လာပြီးမှ မင်းတို့ ဒီကနေမရွှေ့ဘူးဆိုရင် ဒီလ ၁၅ ရက်ဆိုရင် မြေကော်စက်နဲ့ မင်းတို့တရွာလုံးကို ဖြတ်ဆီးမယ်ဆိုပြီးမှ မှာထားတယ်။”

ဒီပြဿနာအရင်းခံကရေဘေးသင့်ဒုက္ခသည်တွေနေထိုင်တဲ့ သစ်တော ကြိုးဝိုင်းနေရာ ဟာ စစ်ကိုင်းတိုင်း ပိုင်နက်နဲ့ ချင်းပြည်နယ်ပိုင်နက်ဆိုပြီးအငြင်းပွါးနေရာကနေ စစ်ကိုင်းတိုင်းဒေသခံအာဏာပိုင်တွေက ပြောင်းရွှေ့ဖို့ဖိအားပေး လာတာလဲဖြစ်ပါတယ်။

လက်ရှိရေဘေးဒုက္ခသည်တွေနေထိုင်တဲ့နေရာဟာ ချင်းပြည်နယ် တွန်းဇံမြို့နယ် စပ်ဖြစ်ပြီး ထပ်မံပြောင်းရွှေ့ဖို့အခက်ခဲ ရှိနေတယ်လို့ရပ်မိရပ်ဖတဦးဖြစ်တဲ့ ပူးအန်ဆိုင်ပွန်ကအခုလိုပြောပါတယ်။

“အခုတော့ ရေလည်းကောင်းကောင်းမရဘူး။ စားစရာလည်းမရှိဘူး။ အိမ်လည်းမရှိဘူး။ နေရေးထိုင်ရေးကတော့ အခက်အခဲအများကြီးရှိတယ်။”

တွီးခင်ဇံရွာနဲ့ တွီးတွန်းရွာဟာ ပြီးခဲ့တဲ့နှစ်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှံ့ရေဖုံးးလွှမ်းသွားပြီး နယ်စပ် သစ်တောကြိုးဝိုင်းမှာ ဒုက္ခသည်ရွာသစ် အဖြစ်အခြေချနေခဲ့တာဖြစ်ပြီး အိမ်ခြေပေါင်း(၆၀၀)ကျော်နဲ့ လူဦးရေ ထောင်ကျော် ရှိနေခဲ့ပါတယ်။ နေထိုင်သူအများစုက ချင်းလူမျိုးတွေဖြစ်ကြပါတယ်။

ဒီလိုနယ်မြေနယ်နမိတ်သတ်မှတ်မှုနဲ့ပက်သက်လို့ ဒီလပထမအပါတ်မှာ စစ်ကိုင်းတိုင်းဒေသကြီးနယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီးနဲ့ ချင်းပြည်နယ်နယ်စပ်ရေးရာဝန်ကြီးတို့ တွေ့ဆုံညှိနှိုင်းခဲ့ပေမဲ့ ပြေလည်မှုမရရှိခဲ့ဘူးလို့ ဇိုမီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး လဲဖြစ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လဲဖြစ်တဲ့ ဦးဂင်ကန်းလျံကပြောပါတယ်။

“စစ်ကိုင်းတိုင်းကနေ နယ်စပ်ရေးရာဝန်ကြီးတွေက ချင်းပြည်နယ် က နယ်လွန်ဝင်လာတယ်၊ သူတို့နေရာကို ရောက်တယ်တဲ့ ။ ဒါပေမယ့် သူတို့ ဒီ နယ်အနေအထားလည်း သိမှာ မဟုတ်ကြဘူးလေ။ ဒါနဲ့ မပြေလည်ဘူးဖြစ်နေတာ။ တကယ်တန်း နယ် နမိတ် သတ်မှတ်မယ် ဆိုရင်တော့ ပြည်ထောင်စု လွှတ်တော်ကနေပဲ ဆုံးဖြတ်ရမယ်လေ ကျနော်ထင်တာက ။ ဥပဒေရှိတာကို သူတို့ ဒီ တိုင်းမှူးအဆင့်၊ မြို့နယ်အုပ်ချုပ်ရေးအဆင့်တွေတော့ ဆုံးဖြတ်လို့တော့ မရဘူးလို့ ထင်တာပဲလေ။ ရှိတဲ့မြေပုံကိုကြည့်ပြီးတော့ လွှတ်တော်ကနေ ဆုံးဖြတ်ပေးရမယ်လို့ ထင်တယ်။ လောလောဆယ်မရောက်ခင် ဟိုဘက်နဲ့ ဒီဘက် ပဋိပက္ခတွေ သွေးထွက်သုံယိုမှုဖြစ်မှာလည်း ကျနော်တို့ စိုးရိမ်တယ်။”

ရေဘေးဒုက္ခသည်တွေကို နေရာပြောင်းရွှေ့ရေး အရေးကိစ္စတဲ့ပက်သက်လို့ စစ်ကိုင်းတိုင်း ဒေသကြီးနယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီးကို ကြိုးစားဆက်သွယ် ခဲ့ပေမဲ့ အဆက်အသွယ်မရရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့နှစ်က တွီးခင်ဇံရွာနဲ့ တွီးတွန်းရွာရွှံ့ရေဖုန်းလွှမ်းပြီး ရေဘေး ဒုက္ခကြုံနေရတဲ့ အခြေအနေကို နိုင်ငံတော်ပိုင် သတင်းစာကနေ ချင်းပြည်နယ် တွန်းဇံမြို့နယ်ထဲကလို့ရေးသားဖေါ်ပြထားပါတယ်။

ရေကြီးမှုကြောင့် ရွာလုံးကျွတ်ပျက်စီးခဲ့ပေမဲ့ အစိုးရအနေနဲ့ ထိုက်သင့်တဲ့ကူညီထောက်ပံ့မှု ပြန်လည်နေရာချထားပေးမှု လုပ်ဆောင်ပေးတာမျိုးမရှိဘူးလို့လဲလူမှုအကူညီပေးရေးအဖွဲ့တခုဖြစ်တဲ့ ဇီုမီးဒေသဖွံ့ဖြိုးတိုးတက်ရေးဖေါင်ဒေးရှင်း ဥက္ကဌဒေါက်တာပေါ့ပါကဆိုပါတယ်။

လက်ရှိ နှစ်ဖက်ပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရအကြား နယ်စပ်အငြင်းပွါးနေမှုကြောင့် ဒေသခံ ရေဘေးသင့် ပြည်သူတွေအတွက် နေထိုင်ရေးမှာ အာမခံချက်မရှိသလို ပြောင်းရွှေ့နေထိုင် အရေးအတွက် စိုးရိမ်နေကြရတဲ့အခြေ အနေမှာရှိနေပါတယ်။

ပြီးခဲ့တဲ့၂၀၁၅ခုနှစ်အတွင်း ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး မြေပြိုမှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။

XS
SM
MD
LG