သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းသားညီလာခံ နိုဝင်ဘာတွင် ကျင်းပမည်


ရန်ကုန်ယုဒသန်ခန်းမမှာ ဗကသများအဖွဲ့ချုပ် ဒီကနေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်
ရန်ကုန်ယုဒသန်ခန်းမမှာ ဗကသများအဖွဲ့ချုပ် ဒီကနေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်

မြန်မာနိုင်ငံမှာ လူထုထောက်ခံတဲ့ ဒီမိုကရေစီအစိုးရတက်လာပြီဆိုပေမယ့် တက္ကသိုလ်တွေထဲမှာတော့ လွတ်လပ်တဲ့ကျောင်းသားသမဂ္ဂတွေအပေါ် အာဏာပိုင်တွေဖက်က အမြင်ဆိုးတွေ ရှိနေတုန်းပဲ ဗကသများအဖွဲ့ချုပ်က ပြောလိုက်ပါတယ်။ ဒါပေမယ့်လည်း တက္ကသိုလ်ကျောင်းအလိုက် လွတ်လပ်တဲ့ သမဂ္ဂတွေ ပေါ်ပေါက်လာရေးအတွက် သူတို့အနေနဲ့ ဆက်ပြီး ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။ ဗကသများအဖွဲ့ချုပ်က ဦးဆောင်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုကောင်းစံက သတင်းပေးပို့ထားပါတယ်။

သုံးရက်ကြာ တက္ကသိုလ်သမဂ္ဂများ နှီးနှောဖလှယ်ပွဲအပြီးမှာ ရန်ကုန်ယုဒသန်ခန်းမမှာ ဗကသများအဖွဲ့ချုပ်က ဦးဆောင်ပြီး ဒီကနေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်သွားတာပါ။

အစိုးရအပြောင်းအလဲဖြစ်သွားပေမဲ့ တက္ကသိုလ်အာဏာပိုင်တွေဘက်က ကျောင်းသားသမဂ္ဂတွေအပေါ် မယုံကြည်မှုတွေ ဖိနှိပ်ချုပ်ချယ်မှုတွေရှိနေသေးတယ်လို့ ဗကသအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အထွေထွေ အတွင်းရေးမှူး မဖြိုးဖြိုးအောင်ကပြောလိုက်ပါတယ်။

“အစိုးရအပြောင်းအလဲဖြစ်သွားပေမယ့်လဲ တက္ကသိုလ်ထဲမှာ တက္ကသိုလ်အာဏာပိုင်တွေရဲ့ သမဂ္ဂတွေအပေါ်မှာ အမြင်ဆိုးပေါ့နော် လွတ်လပ်တဲ့သမဂ္ဂတွေ အပေါ်မှာ အမြင်ဆိုးကအရင်လို ရှိနေတုန်းပဲ။ မယုံကြည်မှုတွေ သံသယတွေနဲ့ ရှိနေစဲပဲ ဆိုတဲ့ကိစ္စတွေကတော့ ဒါနည်းနည်းပြင်ဆင်ဖို့လိုအပ်လိမ့်မယ်လို့ကျမတို့ထင်တယ်။ ဒါကြောင့်မို့လို့လဲ ကျမတို့ကြေညာချက်ထဲမှာ ထည့်သွင်းထားတာဖြစ်ပါတယ်။ အရင်အစိုးရကတည်းက ကျောင်းအာဏာပိုင်တွေက ဖွဲ့စည်းထားပေးတဲ့ ကျောင်းသား union ဆိုတဲ့ ကျောင်းသားအဖွဲ့အစည်းတွေရှိနေတယ်ဆိုတော့ အဲလိုအဖွဲ့အစည်းတွေ အပေါ်မှာပဲ အခွင့်အရေးပိုပေးတာမျိုးတွေ လွတ်လပ်တဲ့သမဂ္ဂတွေအပေါ်မှာ အမှီအခိုကင်းတဲ့ သမဂ္ဂတွေအပေါ်မှာ အနှောက်အယှက်ပေးတာမျိုးတွေ၊ တစုံတရာဖိနှိပ်တာမျိုးတွေ၊ ခွဲခြားဆက်ဆံတာမျိုးတွေ ဖြစ်နေတာက တကယ်တမ်းဆိုရင် ကျမတို့ တိုင်းပြည်အပြောင်းအလဲအတွက် အင်မတန်မှအရေးကြီးတဲ့ institution ပေါ့နော် ၊ ဖွဲ့စည်းမှုဖြစ်တဲ့ လွတ်လပ်တဲ့ သမဂ္ဂတွေအပေါ်မှာ အနှောက်အယှက်ပေးနေတာဆိုတော့ တိုင်းပြည်အတွက် နစ်နာတယ်လို့ ကျမတို့အနေနဲ့မြင်ပါတယ်။ ဒါကြောင့်မို့လို့ လွတ်လပ်တဲ့အဖွဲ့အစည်း လွတ်လပ်တဲ့ကျောင်းသားသမဂ္ဂတွေ ပိုပြီးတော့ အောင်မြင်စွာ ရှင်သန်နိုင်ဖို့ကလည်း မရှိမဖြစ် စဉ်းစားရမယ်အချက်ပါလို့ ကျမတို့အနေနဲ့ တိုက်တွန်းချင်တာပါ။”

ပဲခူးမြို့ ကျောက်တန်းရွာမှာ သုံးရက်ကြာကျင်းပခဲ့တဲ့ တက္ကသိုလ်ပေါင်းစုံ နှီးနှောဖလှယ်ပွဲကနေ လွတ်လပ်တဲ့ ဖယ်ဒရယ်စနစ်ကိုအခြေခံတဲ့ ကျောင်းသားထုညီလာခံကြီးကို နိုဝင်ဘာလအတွင်းကျင်းပသွားနိုင်ဖို့ကိုလည်း သဘောတူညီခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ မကြာခင်ကပဲ ဖွဲ့စည်းခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ (နကသ)က ဦးဆောင်ပြီးတော့ ကျောင်းသား ညီလာခံတရပ်ကို ခေါ်ယူ ကျင်းပနိုင်ဖို့ ပြင်ဆင်နေတာရှိပါတယ်။ ဒါကြောင့် ကျောင်းသားညီလာခံနှစ်ခုအပြိုင်သဘောမျိုးတော့ဖြစ်နေပါတယ်။ နကသက ဦးဆောင်းကျင်းပမယ့် ကျောင်းသားညီလာခံနဲ့ပတ်သက်လို့တော့ ဗကသ အတွင်းရေးမှုး မဖြိုးဖြိုးအောင်က အခုလို ပြောသွားပါတယ်။

“ကျောင်းသားသမဂ္ဂဆိုတာက ကျမတို့အမြင်ပေါ့နော် အမှီအခိုကင်းတယ် လွတ်လပ်တဲ့ သမဂ္ဂ လွတ်လပ်တဲ့ စံချိန်စံညွန်းနဲ့ အခြေခံမှုရှိတဲ့ သမဂ္ဂ မျိုးတွေဖြစ်စေချင်တယ်။ နောက်တခါ ကျောင်းသားထု ညီလာခံဆိုတာကလည်း တကယ်ကို ကျောင်းသားကိုယ်စားလှယ် အားလုံး နိုင်ငံအနှံ့က ပါဝင်တဲ့ ကျောင်းသားတွေကိုယ်တိုင်က သူတို့ကိုယ်တိုင် အားထုတ်ကြိုးပမ်းမှု နဲ့ ဖြစ်ပေါ်လာတဲ့ညီလာခံမျိုး၊ အဲဒီညီလာခံမျိုးကလည်း တကယ်ကို လွတ်လပ်တဲ့ ရွေးကောက်တင်မြှောက်တဲ့ သမဂ္ဂအဖွဲ့တွေ ပေါ်ပေါက်လာဖို့မျိုးတွေ ကျမတို့ဖြစ်စေချင်ပါတယ်။ ကျမတို့လည်း အဲဒီပုံစံမျိုးကိုသွားဖို့ ဒီမှာဆိုရင် ကျမတို့ ကြေညာချက်ထဲမှာပါသလို ပြီးခဲ့တဲ့ ဆွေးနွေးပွဲ ၃ ရက်လုံးမှာလည်း ကျမတို့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ကျမတို့ ကျောင်းသားတို့ညီလာခံက တကယ်ကို ကျမတို့ စဉ်းစားထားတဲ့အတိုင်း ဒီမိုကရေစီ စံချိန်စံညွန်း နဲ့ညီတဲ့ လွတ်လပ်တဲ့ ကျောင်းသားတို့ညီလာခံ မျိုးဖြစ်ဖို့လိုအပ်ပါတယ်။”

ဗကသများအဖွဲ့ချုပ်ခေါင်းဆောင်အများစုဟာ အခု အစိုးရသစ်တက်လာပြီးနောက် လပိုင်းမှာ အကျဉ်းထောင်အသီးသီးကနေ ပြန်လွတ်လာကြတာပါ။ ပြီးခဲ့တဲ့အစိုးရလက်ထက်တုန်းက အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ဆန္ဒပြခဲ့တာကြောင့် ကျောင်းသားလှုပ်ရှားမှုတွေ အကြမ်းဖက်ဖြိုခွဲခံရပြီး၊ ဗကသ ကျောင်းသားအတော်များများ ဖမ်းဆီးခံခဲ့ရပါတယ်။ အခုအချိန်မှာတော့ အမျိုးသားပညာရေးဥပဒေပြန်လည်ပြင်ဆင်ရေးနဲ့ပတ်သက်လို့တော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေဆုံခွင့်ရပြီးမှသာ၊ ရှေ့လုပ်ငန်းစဉ်တွေကို အသေးစိတ်ဆောင်ရွက်နိုင်မယ်လို့ မဖြိုးဖြိုးအောင်က ပြောပါတယ်။ ဗကသများအဖွဲ့ချုပ်အနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ဆုံခွင့်ရဖို့ တောင်းဆိုထားပေမယ့်၊ အခုအချိန်အထိ တွေ့ခွင့်မရသေးပါဘူး။ ဒါပေမယ့်လည်း မကြာခင်ကဖွဲ့စည်းခဲ့တဲ့ နကသအဖွဲ့နဲ့တော့ ပညာရေးဝန်ကြီးက တွေ့ဆုံခဲ့တာရှိပါတယ်။

ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ဦးဆောင်လုပ်တဲ့ တက္ကသိုလ်သမဂ္ဂများ နှီးနှောဖလှယ်ပွဲကို ဇူလိုင်လ ၂ရက်နေ့ကနေ ၄ရက်နေ့ထိ ပဲခူးမြို့ ကျောက်တန်းရွာမှာ ကျင်းပခဲ့ပြီး၊ ကျောင်းသားကိုယ်စားလှယ် နှစ်ရာကျော် တတ်ရောက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG