သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအရေး ကန်-ရုရှားဆွေးနွေးမှု ရပ်တန့်နိုင်


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry

ဆီးရီးယား နိုင်ငံ Aleppo မြို့မှာ ရုရှားက လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေ ဆက်ပြီးလုပ်ဆောင်နေတာမို့ အမေရိကန်က ဆီးရီးယား အရေး ရုရှားနဲ့ သံတမန်နည်းလမ်းအရ ဆွေးနွေးပြောဆိုမှုတွေကို ဆိုင်းငံ့ရမယ့် အနေထားကို ရောက်နေပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောပါတယ်။

ရုရှားက ဆက်ပြီး ဗုံးတွေ ကြဲနေတာဟာ ဆွေးနွေးမှုတွေ ကို အလေးအနက် မထားရာရောက်တာမို့ ဆက်ပြီး ဆွေးနွေးနေတာဟာ ကြောင်းကျိုး မဆီလျှော်ဘူးလို့လည်း ဝန်ကြီးကယ်ရီက ပြောပါတယ်။

Aleppo မှာ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်မယ်လို့ ရုရှားက ကြုံးဝါးလိုက်ပြီး နာရီအတော်အကြာမှာ ဝါရှင်တန်က ကြာသပတေးနေ့ ဆွေးနွေးပွဲမှာ ဝန်ကြီး ကယ်ရီက ခုလို ပြောကြားလိုက်တာပါ။

"ကျွန်တော်တို့က တခြားနည်းလမ်း ဘာတွေ ရှိမလဲဆိုပြီး လိုက်ရှာနေချိန်မျိုးမှာ ဒါမျိုးတွေ ဖြစ်လာတတ်တာမို့ ဆီးရီးယား ပြည်သူတွေရဲ့ အနာဂါတ်နဲ့ ဒီလို အဖြစ်မျိုးတွေ အတွက် အထူးစိုးရိမ်တယ်"လို့လည်း ဝန်ကြီးကယ်ရီက ပြောပါတယ်။

ဆီးရီးယား နဲ့ Aleppo ကို လူသားချင်းစာနာမှု အကူညီတွေ ပေးခွင့်ပြုဖို့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လေးစား လိုက်နာရေးအတွက် ဆီးရီးယားသမ္မတ Bashar al-Assad ကို ဖိအားပေးအောင် ရုရှားကို အမေရိကန်က တွန်းအားပေးနေတာ ဖြစ်ပါတယ်။

အခု အဲဒီလို မလုပ်ပဲ ဆီးရီးယားနဲ့ ရုရှား အစိုးရတို့က Aleppo မှာရှိတဲ့ ဆေးရုံတွေ၊ ဒုက္ခသည်စခန်းတွေ၊ ရေပေးဝေတဲ့ နေရာတွေနဲ့ တခြားအရေးပါတဲ့ နေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်နေတာမို့ ရှက်စရာကောင်းတဲ့ နည်းဗျူဟာကို သုံးနေတယ်လို့ အမေရိကန် သမ္မတအိမ်ဖြူပြောခွင့်ရ Josh Earnest က ပြောပါတယ်။

သမ္မတ Barack Obama ကလည်း ဆီးရီးယားအရေးအတွက် ပိုကောင်းတဲ့ နည်းလမ်းတွေ ရှာဖို့ သူ့ရဲ့ လုံခြုံရေးအဖွဲ့ကို ဖိအားတွေ ဆက်ပေး နေတာပါ။ ဆီးရီးယား အရေး ရုရှားနဲ့ ဆွေးနွေးမှုအပေါ် အားထားနေပေမယ့် ရလဒ်ကတော့ အတော့်ကို စိတ်ပျက်စရာကောင်း နေတယ် လို့လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG