သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တင်းမာမှုကြောင့် မြဝတီ-မဲဆောက် နယ်စပ်တံတားပိတ်


ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံကြား မပြေမလည် ဆက်ဆံမှုတွေ ရှိခဲ့ရာက ကုန်သွယ်မှုတွေနဲ့ ကူးလူးဆက်ဆံမှုတွေရှိတဲ့ နယ်စပ်ဂိတ်တွေ ပိတ်နေတဲ့နေရာမှာ ဒီနေ့ဆိုရင် မဲဆောက်-မြဝတီ အဝင်အထွက်တွေကို မြန်မာဘက်က ပိတ်လိုက်ပါတယ်။ နယ်နိမိတ်ပိုင်ဆိုင်မှု အချေအတင် ဖြစ်ရာက မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားကို ပိတ်လိုက်တာဟာ ဒီတကြိမ်နဲ့ဆိုရင် အခုလအတွင်းမှာ ၃ ကြိမ် ရှိသွားပါပြီ။ နယ်စပ်ကုန်သွယ်မှုတွေ အတွက် အဓိကကျတဲ့ နယ်စပ်ဂိတ်မှာ အခုလို ဆက်သွယ်မှုတွေ ရပ်ဆိုင်းကုန်တာကြောင့် စီးပွားရေးလုပ်ငန်းမှာ ထိခိုက်မှုတွေ ဖြစ်လာနိုင်မယ့် အခြေအနေတွေနဲ့ ကြုံနေရတဲ့ အကြောင်းကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ဒီနေ့ နေ့ခင်း ၁၂ နာရီလောက်ကစပြီး မဲဆောက်-မြဝတီ ချစ်ကြည်ရေး တံတားကို မြန်မာဘက်က ပိတ်ခဲ့တာ ဖြစ်ပါတယ်။ ထိုင်း၊ မြန်မာ နယ်စပ်က သောင်ရင်းမြစ်မှာ ထိုင်းဘက်ခြမ်းက ကမ်းထိန်းနံရံတွေကို သောင်းရင်းမြစ်တလျှောက် နေရာတချို့မှာ တည်ဆောက်နေမှုတွေကို လုပ်နေတဲ့အတွက် မြန်မာဘက်က ကန့်ကွက်မှုတွေ လုပ်ခဲ့ပါတယ်။ ကန့်ကွက်တဲ့ကြားကပဲ တံတားအောက်က ဂိတ်တွေဘက်မှာ ကမ်းထိန်းနံရံတွေ ဆက်လုပ်နေတဲ့အတွက် တံတားကို ပိတ်လိုက်ရတာလို့ တံတားမှာ တာဝန်ကျသူတွေက ဆိုပါတယ်။

တံတားပိတ်လိုက်တဲ့အတွက် ထိုင်းဘက်ကနေ မြန်မာဘက်ကို တင်ပိ့ုနေတဲ့ ကုန်တွေကို ခေတ္တရပ်ထားရကြောင်း၊ ဒီရက်ပိုင်းအတွင်း တည်ငြိမ်မှု မရှိတဲ့အပေါ်မှာ စီးပွားရေးလုပ်တာ နစ်နာမှုတွေ ဖြစ်ရတဲ့အကြောင်း တနေ့ကို ဘတ်ငွေ ၂,၀၀၀,၀၀၀ ဖိုးလောက် ကုန်သွယ်မှု လုပ်နေတဲ့ ကုန်သည်တဦးက အခုလို ပြောပြပါတယ်။

“ဟိုနေ့က ဆယ်ဂိတ် တခါပိတ်လိုက်တယ်၊ ဆယ်ဂိတ်ပြီးတော့ ဆယ့်ခြောက်ဂိတ် တခါ ပိတ်တယ်၊ ဆယ့်ခြောက်ဂိတ် ပြဿနာဖြစ်ပြီးတော့ သူတို့ တခါ ပိတ်လိုက်ပြန်ပြီ။ အကုန်လုံး ရပ်ဆိုင်းရတယ်လေ၊ ရန်ကုန်က မှာထားတဲ့ ပစ္စည်းတွေတော့ ရပ်ထားတယ်၊ မနိုင်သေးဘူးလေ။ လာပြီးတော့ ကားခလည်းကုန်၊ စရိတ်လည်းကုန်၊ သွားလည်း သွားမရ။ ဘယ်လိုလုပ်ရမှန်း မသိဘူး။

“ဘာမှ အကြောင်းမကြားသေးဘူး၊ တံတားပိတ်တာ တမျိုးပဲသိတယ်။ ဘယ်လိုလုပ်ရမလဲ၊ သူတို့လည်း စကားတည်အောင်လည်း မပြော၊ ဘယ်လိုလုပ်မလဲ ဘာလဲ မပြော၊ ဟိုနေ့က သူတို့ တခါ ပိတ်လိုက်တယ်လေ။ အခုတော့ အမပစ္စည်းတွေ အကုန် ရပ်ဆိုင်းလိုက်တယ်။ မှာထားတဲ့ ပစ္စည်းတွေလည်း မရောင်းဘူး။ လုပ်ငန်းတွေလည်း အကုန်လုံး ရပ်ဆိုင်းပြီးတော့ မပို့သေးဘူး၊ ပို့မနိုင်ဘူး အခုအချိန်။”

ဒီနေ့ တံတားကို ပိတ်လိုက်တဲ့အချိန်မှာ မြန်မာဘက်ကို ရောက်နေတဲ့ ထိုင်းကုန်သည်တွေရဲ့ ကားတွေလည်း ထိုင်းဘက်ကို ပြန်လာလို့ မရသလို ထိုင်းဘက်ကို ရောက်နေတဲ့ မြန်မာကားတွေလည်း ပြန်သွားဖို့ ခက်ခဲနေပါတယ်။ မြန်မာဘက်က တာဝန်ရှိသူတွေ လာတဲ့အခါတိုင်း တံတားပိတ်မှုတွေကို လုပ်လေ့ရှိပါတယ်။

အခုလို တံတားပိတ်လိုက်တဲ့အတွက် ထိုင်းကုန်သည်တွေ ဘက်ကတော့ ဘတ် သိန်း ရာနဲ့ချီပြီး နစ်နာမှုတွေ ဖြစ်ရသလို မြန်မာနဲ့ စီးပွားရေးလုပ်တဲ့ အခါမှာ အခက်အခဲတွေ ရင်ဆိုင်ရတယ်လို့ ပြောကြပါတယ်။ မြန်မာဘက်ကတော့ ထိုင်းနိုင်ငံဘက်ကို ကိစ္စတခုပေါ်တိုင်း၊ မကျေနပ်မှုတွေ ရှိလာတဲ့ အခါတိုင်းမှာ တံတားကို ဖွင့်လိုက် ပိတ်လိုက် လုပ်ပြီး ညှိနှိုင်းမှုတွေ လုပ်တာတွေ ရှိခဲ့ပါတယ်။

ထိုင်း၊ မြန်မာ နယ်စပ်ဂိတ် တခုဖြစ်တဲ့ ဘုရားသုံးဆူမှာလည်း နှစ်နိုင်ငံ နယ်စပ်ကော်မတီကြား တင်းမာမှုတွေ ရှိခဲ့ရာက ဒီတပတ်ထဲမှာပဲ အဝင်အထွက်တွေကို တားမြစ်ခဲ့ပါတယ်။ နယ်နိမိတ် ပိုင်ဆိုင်မှု အငြင်းပွားရာက ဖြစ်ခဲ့တဲ့ ပြဿနာတွေကြောင့် နယ်စပ်ကို ပိတ်ထားခဲ့တာ ဒီနေ့အထိပဲ ဖြစ်ပါတယ်။

XS
SM
MD
LG