သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံ ခရီးစဉ် ဆက်လက် ညှိနှိုင်းဆဲ


ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီ၀ (Abhisit Vejjajiva) မြန်မာပြည်ကိုသွားမယ့် ခရီးစဉ်ဟာ အခုချိန်အထိ ဘယ်နေ့သွားမယ် ဆိုတာကို အတည်မပြုနိုင်သေးပါဘူး။ ဒါပေမဲ့ သွားမယ့် ခရီးစဉ်ကိုတော့ နှစ်နိုင်ငံ အစိုးရအကြား သဘောတူညီမှု ရှိထားပြီလို့ ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ ထိုင်းနဲ့ မြန်မာ ဆက်ဆံရေးမှာ စီးပွားရေးသာ မကဘဲ နယ်စပ်ကိစ္စ၊ ဒုက္ခသည်ကိစ္စနဲ့ အလုပ်သမား ကိစ္စတွေကလည်း အရေးကြီးနေတာကြောင့်် ထိုင်းဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ဟာ အရေးပါတဲ့ ခရီးစဉ်တခု ဖြစ်လိမ့်မယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ အပြည့်အစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

ပုံမှန်အားဖြင့် ဆိုရင်တော့ ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ် အသစ်တဦး တက်လာပြီး မကြာခင်မှာပဲ အိမ်နီးချင်း တိုင်းပြည်တွေကို ချစ်ကြည်ရေးခရီး ထွက်လေ့ရှိတာပါ။ ၂၀၀၈ ခုနှစ်ကုန်ပိုင်းမှာ ဝန်ကြီးချုပ် ဖြစ်လာခဲ့တဲ့ မစ္စတာ အဘီဆစ်ကတော့ အခုချိန်ထိ မြန်မာပြည်ကို ခရီးမထွက်နိုင်သေးပါဘူး။ အခုလဆန်းပိုင်းမှာပဲ မြန်မာပြည်ကို သွားမယ်လို့ ပြီးခဲ့တဲ့လတုန်းက ထိုင်းအစိုးရဘက်က ကြေညာခဲ့ပေမဲ့လည်း ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။

ထိုင်းအစိုးရရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပန်နိတန် ဝပ်တာနာယာဂွန် (Panitan Wattanayagorn) ဗွီအိုအေကို ဒီကနေ့ ရှင်းပြခဲ့တာကတော့ ဝန်ကြီးချုပ်ရဲ့ မြန်မာပြည်ကိုသွားဖို့ ခရီးစဉ်ကို နှစ်ဘက်အစိုးရ အကြားမှာ သဘောတူညီမှုတော့ ရှိထားပြီ၊ ဒါပေမဲ့ သွားဖို့ရက်ကိုတော့ အတည်မပြုနိုင်သေးဘူး။ သွားနိုင်အောင် နှစ်ဘက်အစိုးရ အကြား လုပ်ဖို့ရှိတဲ့ ကိစ္စတွေ ဆောင်ရွက်နေကြပါတယ်လို့ ဆိုပါတယ်။

ထိုင်းဝန်ကြီးချုပ် မစ္စတာ အဘီဆစ်ဟာ ဒီမိုကရက်ပါတီရဲ့ ခေါင်းဆောင်လည်း ဖြစ်ပြီးတော့ မြန်မာ့ ဒီမိုကရေစီရေးကိုလည်း အားပေးထောက်ခံတဲ့သူ ဖြစ်လို့ သူ့ရဲ့ မြန်မာပြည် ခရီးစဉ်ကတော့ ထူးခြားမှုတွေ ရှိလာနိုင်တယ်လို့ ထိုင်း၊ မြန်မာ ဆက်ဆံရေးကို စောင့်ကြည့် လေ့လာနေတဲ့ ကိုကျော်လင်းဦးက ယူဆပါတယ်။

“မစ္စတာ အဘီဆစ်က မြန်မာပြည်မှာရှိတဲ့ လူ့အခွင့်အရေး ကိစ္စတွေ၊ ဒီမိုကရေစီရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကိုလည်း ပွင့်ပွင့်လင်းလင်း ပြောနေဆိုနေတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့ အခါကြတော့ မြန်မာစစ်အစိုးရဘက်က နေပြီးတော့ အဘီဆစ်ပေါ်မှာ ထားတဲ့ သဘောထားကတော့ သိပ်ပြီး ရင်းရင်းနှီးနှီး ရှိတယ်လို့တော့ မထင်ပါဘူး။ ဒါပေမဲ့လည်း အာဆီယံ အဖွဲ့ထဲမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို တခြား အာဆီယံ အဖွဲ့ဝင်တွေက စိုးရိမ်သလိုပဲ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ကလည်း စိုးရိမ်မှု ပြတဲ့သဘော ရှိပါတယ်။

“အနောက်နိုင်ငံတွေက ပြောဆိုသလောက်ကတော့ မြန်မာပြည်ရဲ့ ပြည်တွင်းရေးကို သိပ်ပြီးတော့ ထင်ထင်ရှားရှားတော့ ပြောလိမ့်မယ် မထင်ဘူး။ ဒါပေမဲ့လည်း သူတို့ဖြစ်စေချင်တဲ့ ပုံစံကတော့ အတိုင်းအတာ တရပ်အထိ အာဆီယံကို ကိုယ်စားပြုပြီးတော့ မစ္စတာ အဘီဆစ်က ပြောလိမ့်မယ်လို့ ယူဆပါတယ်။”

ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးတွေမှာ သိန်းနဲ့ချီတဲ့ မြန်မာဒုက္ခသည်တွေကို ထိုင်းဘက်မှာ လက်ခံထားတဲ့ ကိစ္စ၊ သန်းနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေ ထိုင်းနိုင်ငံထဲမှာ ရှိနေတဲ့ကိစ္စ၊ မူးယစ်ဆေးဝါး ပြဿနာ၊ လူကုန်ကူးမှု ပြဿနာ၊ တိတိကျကျ မသတ်မှတ်နိုင်သေးတဲ့ နယ်စပ်ပြဿနာ စတဲ့ ကိစ္စတွေ ရှိသလို စီးပွားရေးအရလည်း ထိုင်းနိုင်ငံဟာ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ကြီးကြီးမားမား လုပ်ထားတဲ့ နိုင်ငံပါ။ အဲဒါကြောင့် ထိုင်းဝန်ကြီးချုပ်ရဲ့ မြန်မာပြည် ခရီးစဉ်မှာ နှစ်နိုင်ငံ စီးပွားရေးကိစ္စကလည်း အဓိကကျလိမ့်မယ်၊ ဒါဟာ ထိုင်းနိုင်ငံရဲ့ တိုက်ရိုက် အကျိုးစီးပွားနဲ့လည်း ပတ်သက်နေတယ်လို့ ကိုကျော်လင်းဦးက သုံးသပ်ပါတယ်။

“မြန်မာနဲ့ ထိုင်းနိုင်ငံကြားမှာ ကုန်သွယ်ရေးက အဓိက လွှမ်းမိုးပါတယ်။ မြန်မာနိုင်ငံကနေ သဘာဝဓာတ်ငွေ့ ဝယ်နေတာတွေရှိတယ်။ ထိုင်းနိုင်ငံကနေပြီး မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံမှု အကြီးကြီးတွေလည်း လုပ်ဖို့ရှိပါတယ်။ ရေနက်ဆိပ်ကမ်း ထားဝယ်မှာ ဖောက်ဖို့ကိစ္စတွေ၊ နောက်တခုက အခု လတ်တလော ဖြစ်နေတဲ့ ပြဿနာက နယ်စပ်ပြဿနာပေါ့။ မဲဆောက်မှာ တံတားတွေကို မြန်မာဘက်က ပိတ်ထားပါတယ်။ ဒါ ကုန်သွယ်ရေးလည်း အင်မတန် ထိခိုက်နေတယ်ပေါ့ဗျာ။ ဒီလိုပြဿနာတွေကိုလည်း သူတို့ ဦးစားပေးပြီးတော့မှ ဖြေရှင်းရလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံဘက်က၊ ထိုင်းအစိုးရ ဘက်ကနေပြီးတော့ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကို တကယ့်ကို အရေးတကြီးနဲ့ သွားချင်တဲ့ဆန္ဒ ရှိနေပုံရပါတယ်။”

ထိုင်းဝန်ကြီးချုပ် မစ္စတာ အဘီဆစ်ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက မြန်မာပြည်ကို သွားဖို့ စီစဉ်ခဲ့တာပါ။ အဲဒီတုန်းက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု ရုံးတင်စစ်ဆေးနေချိန် ဖြစ်ပြီး သူ့ရဲ့ခရီးစဉ်ကို မြန်မာအာဏာပိုင်တွေက ရွှေ့ဆိုင်းဖို့ ပန်ကြားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ထိုင်းနိုင်ငံအတွင်း နိုင်ငံရေး မတည်မငြိမ် ဖြစ်မှုတွေ ရှိခဲ့ပါတယ်။ အခုလောလောဆယ်မှာလည်း ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံကြားက ရှေးဟောင်း ဘာသာရေးဝတ်ကျောင်း တခုနဲ့ ပတ်သက်ပြီး သူပိုင်တယ်၊ ငါပိုင်တယ် အငြင်းပွားနေပြီး နှစ်နိုင်ငံ ဆက်ဆံရေးက တင်းမာနေတာပါ။

မြန်မာနယ်စပ်မှာလည်း ထိုင်းနဲ့ ကုန်သွယ်ရေးတွေ ရပ်တန့်နေတာ အရက် ၂၀ ကျော်နေလို့ ထိုင်း စီးပွားရေးသမားတွေဘက်က ညည်းညူနေကြပါတယ်။ ထိုင်းနိုင်ငံက စီးပွားရေး လုပ်ငန်းရှင်တွေကတော့ မြန်မာနဲ့ စီးပွားရေးလုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်ဖို့ အစိုးရကို တွန်းအားပေးနေတာတွေ ရှိနေပါတယ်။ မြန်မာပြည်မှာ ရွေးကောက်ပွဲတွေ မကျင်းပခင် ထိုင်းဝန်ကြီးချုပ်ရဲ့ ခရီးစဉ် ဖြစ်လာနိုင်ပြီး ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲ နောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံရေး ကိစ္စတွေကိုလည်း ထိုင်းဝန်ကြီးချုပ်ရဲ့ မြန်မာပြည် ခရီးစဉ်မှာ ပြောဆိုကြမယ့် သဘောတွေ ရှိတယ်လို့ သုံးသပ်မှုတွေ ထွက်နေပါတယ်။

XS
SM
MD
LG