သုံးရလွယ်ကူစေသည့် Link များ

ထိုင်းနိုင်ငံရေးပဋိပက္ခ မြန်မာနယ်စပ်ကုန်သွယ်ရေး ထိခိုက်

  • Zaw Hlaing

ထိုင်းနိုင်ငံရေးပဋိပက္ခ မြန်မာနယ်စပ်ကုန်သွယ်ရေး ထိခိုက်

ထိုင်းနိုင်ငံတွင်း မတည်မငြိမ်ဖြစ်နေတဲ့ နိုင်ငံရေးဂယက်က ထိုင်းမြန်မာနယ်စပ် ကုန်သွယ်မှုတွေမှာလည်း ထိခိုက်တာတွေ ရှိနေပါတယ်။

ထိုင်းနိုင်ငံတွင်း မတည်မငြိမ်ဖြစ်နေတဲ့ နိုင်ငံရေးဂယက်က ထိုင်းမြန်မာနယ်စပ် ကုန်သွယ်မှုတွေမှာလည်း ထိခိုက်တာတွေ ရှိနေပါတယ်။
မြန်မာပြည်ထဲက ကုန်သည်တချို့ဟာ ထိုင်းမြန်မာနယ်စပ်က ဈေးကွက်တွေအတွင်း ကုန်ပစ္စည်းတွေကို လိုချင်သလောက်ဝယ်လို့မရတဲ့
အခက်အခဲတွေရှိနေတယ်လို့ ပြောတယ်ဆိုတဲ့အကြောင်း မသင်းသီရိက တင်ပြပေးထားပါတယ်။

ဘန်ကောက်မြို့မှာ ဖြစ်နေတဲ့ နိုင်ငံရေးပဋိပက္ခ ဂယက်တွေကြောင့် ဘန်ကောက်ကနေ ကုန်ကားတွေဆင်းမလာလို့ မဲဆောက်မြို့က ဈေးကွက်ထဲမှာ တချို့ပစ္စည်းတွေပြတ်လို့ မြန်မာပြည်က ကုန်သည်တွေ အခက်အခဲ ဖြစ်နေကြတာပါ။

အခုအချိန် မြန်မာပြည်မှာက ပူပြင်းလှတဲ့ရာသီဥတုကြောင့် အရောင်းသွက်နေတဲ့ ဓာတ်ဆားထုတ်ကို ကုန်သည်တွေ အဓိက ၀ယ်ချင်နေတာ ဖြစ်ပေမဲ့ လိုချင်သလောက်ဝယ်မရဘဲ ဖြစ်နေပြီး အခုဆိုရင် သုံးလေးရက်ထက်မက ပစ္စည်းတွေ စောင့်ဝယ်နေရလို့ မြ၀တီဘက်မှာ မြန်မာကုန်သည်တချို့ သောင်တင်နေကြတယ်လို့ မြ၀တီမြို့က ကုန်သည်တဦးက ပြောပြပါတယ်။

“အရမ်းနေပူတဲ့အချိန်မှာ ဒီဗမာပြည်အတွက် အရမ်းပူအိုက်တဲ့အတွက် လိုအပ်တဲ့ ဓာတ်ဆားတွေကလည်း မရနိုင်ဘူး။ နောက် ဒီမှာဆို ကုန်သည်တွေကလည်း တန်းစီပြီး စောင့်နေရတာ။ သူ့အလှည့်နဲ့သူပေါ့၊ တန်းစီပြီးစောင့်နေရတာ။ အဲဒီအချိန်မှာ သူတို့ ဆန္ဒပြမှုတွေ များနေတော့ ယာဉ်တန်း တရက်နှစ်ရက် ခေါက်ရတာပေါ့နော်။ အဲဒီ အခက်အခဲလေးတွေ ဖြစ်တာပေါ့။ ၀ယ်ချင်တိုင်း ၀ယ်လို့မရတာ တခုပါပဲ။ မဲဆောက်မြို့မှာရှိတဲ့ ဈေးဆိုင် အကုန်လုံးကို လျှောက်မေးကြည့်ပြီးတော့ ၀ယ်မယ်ဆိုရင်တောင်မှ အရင် စီနီယာရှိတဲ့ ကုန်သည်တွေရပြီးမှ ကိုယ်က ရတယ်ဆိုတော့လေ လေးငါးရက်တော့ နောက်ကျပါတယ်။”

မြန်မာပြည်ထဲမှာ ဈေးကွက်သွက်နေတဲ့ ဓာတ်ဆားထုတ်တွေဝယ်ဖို့ အခက်အခဲ ဖြစ်နေတင်မဟုတ်ပဲ အထည်အလိပ်နဲ့ အ၀တ်အစားတွေ တခါ ဘန်ကောက်မြို့နား ခြံတွေကနေ နယ်စပ်ဈေးကွက်တွေထဲပို့နေတဲ့ ပန်းပင်တွေလည်း ၀ယ်မရ ဖြစ်နေတယ်လို့ ဆိုပါတယ်။

“အ၀တ်အစားဝယ်တဲ့လူတွေဆိုလို့ရှိရင်လည်း သူတို့ အ၀တ်ဝယ်တဲ့လိုင်းမှာပေါ့နော်၊ ၀ယ်တဲ့ဟာတွေ ရောက်မလာဘူး။ ရောက်လာတော့လည်း နည်းနည်းလေးပဲဆိုတော့ ကုန်သည်တွေက သူ့အလှည့်ကျ စောင့်ရတယ်ဆိုတော့ လေးငါးရက် တော့ စောင့်လိုက်ရတာပေါ့။ ပစ္စည်းတွေ ၀ယ်ရတဲ့ တခြားအခက်အခဲဆိုတော့ ပန်းပင်တွေဝယ်ရတာလည်း အခက်အခဲ ရှိပါတယ်။ ယိုးဒယားသစ်ခွတို့၊ ယိုးဒယားကထွက်တဲ့ ပန်းအလှစိုက်ပစ္စည်းတွေလေ၊ အဲဒါတွေကိုလည်း ၀ယ်ရခက်ပါ တယ်။ ဒါရိုက်တင်ဖို့ ကားအခက်အခဲရှိတာရယ်၊ ခြံတွေက ဒီဘက်ကို လာပို့လို့ မရတာတွေရယ်၊ အဲဒါလေးတွေ အခက် အခဲ ရှိပါတယ်။”

အခုလို ဘန်ကောက်က ကုန်ကားတွေ မဲဆောက်ဘက် ဆင်းမလာနိုင်တဲ့အတွက် တချို့ကုန်ပစ္စည်းတွေဆိုဈေးတက် တာတွေ ရှိနေတယ်လို့ မြန်မာပြည်ဘက်ကနေ လာကြတဲ့ ကုန်သည်တွေ တွက်ခြေမကိုက်ဖြစ်နေတာမျိုးတွေလည်း ရှိနေတယ်လို့ အဲဒီကုန်သည်က ပြောပါတယ်။

“အခု ဒီရန်ကုန်မှာ ပြန်သွင်းတဲ့ဈေးဆိုလို့ရှိရင် ကျနော့်အသိတယောက်ဆိုရင် အထည်ဆိုရင် သူ ရန်ကုန်မှာသွင်းတဲ့ဈေးနဲ့ မဲဆောက်မှာ ၀ယ်တဲ့ဈေးနဲ့ အတူတူဖြစ်နေတော့ သူလည်း ဈေးမကိုက်ဘူးပေါ့။ ပြီးခဲ့တဲ့အခေါက်ကတော့ ရသလောက်လေးပဲဝယ်ပြီး အောက်ဆင်းသွားတယ်။ နောက်တခေါက် တနင်္ဂနွေနေ့ကျမှ သူပြန်တက်လာမှပဲ အဲဒီဘက်က အခြေအနေကို သိရမယ်။”

ဒါကတော့ ထိုင်းမြန်မာနယ်စပ် မြ၀တီမြို့မှာ ဈေးလာဝယ်နေတဲ့ ရန်ကုန်က ကုန်သည်တဦးကပြောပြခဲ့တာပါ။ တကယ်တော့ ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးထဲမှာ မြ၀တီမဲဆောက် ဈေးကွက်က တော်တော် ကြီးကြီးမားမားလို့ ဆိုရမှာဖြစ်ပြီး ထိုင်းပစ္စည်း တော်တော်များများဟာ မဲဆောက်နဲ့ မြ၀တီလမ်းတွေကနေ မြန်မာပြည်ထဲကိုဝင်နေတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်တွေကထက်စာရင် ထိုင်းဘက်က ပစ္စည်းတွေဝယ်ဖို့ မြ၀တီကို ကုန်သည်တွေအလာ နည်းသွားသလို အရောင်းအ၀ယ်တွေဟာလည်း အရင်ကလောက် မကောင်းတော့ဘူးလို့လည်း မြ၀တီမြို့က ကုန်သည်တွေက ပြောကြပါတယ်။

XS
SM
MD
LG