သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းပန်းရောင်ကဒ်ကိုင် လုပ်သားတွေ နောက်လစပြီး အလုပ်ပြောင်းခွင့်ရမည်


ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထုတ်ပေးထားတဲ့ အလုပ်လုပ်ခွင့်ကဒ်ပြား ပန်းရောင်ကဒ် ကိုင်ဆောင်ထားတဲ့ အလုပ်သမားများအနေနဲ့ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့က စတင်ပြီး အလုပ်ပြောင်းရွှေ့တာ၊ အလုပ်ရှင်ပြောင်းရွှေ့တာကို လုပ်နိုင်ပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့မှာပဲ ထိုင်းအစိုးရဘက်က ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ မြန်မာအလုပ်သမားတွေအတွက် အကျိုးရှိတဲ့အကြောင်း အလုပ်သမားရေး လုပ်နေသူတွေကော၊ မြန်မာအလုပ်သမားတွေ ကပါ ပြောဆိုကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတွင်းမှာ ထိုင်းအစိုးရက ထုတ်ပေးထားတဲ့ အလုပ်လုပ်ခွင့်လက်မှတ် ပန်းရောင်ကဒ် ကိုင်ဆောင်ထားသူတွေအနေနဲ့ စက်တင်ဘာလ ၁ ရက်နေ့ကစပြီး အလုပ်ရှင်ပြောင်းရွှေ့တာ၊ အလုပ်ပြောင်းရွှေ့တာကို လုပ်နိုင်ပြီဖြစ်တယ်လို့ ထိုင်းအစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ အလုပ်သမားတွေအတွက်ကော၊ အလုပ်ရှင်တွေအတွက်ပါ အကျိုးရှိတဲ့အကြောင်း အလုပ်သမားတွေကို ကူညီပေးနေတဲ့ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ဖြစ်တဲ့ AAC အဖွဲရဲ့ ဒါရိုက်တာ ဦးခိုင်ကြီး က ပြောပါတယ်။

“အခုထုတ်ပေးတဲ့ ပန်းရောင်ကဒ်တွေကို အလုပ်ရှင်၊ အလုပ်သမား ပြောင်းလို့ရတယ်ဆိုရင် ကျနော်တို့ အလုပ်သမားတွေအတွက်တော့ ကောင်းပါတယ်။ ကျနော်တို့ကတော့ ကြိုက်တယ်လေ။ ဘာလို့ကြိုက်လဲဆိုတော့ အလုပ်ရှင်က ကောင်းနေတယ်၊ အလုပ်က ကောင်းနေတယ်ဆိုရင် ပြောင်းဖို့ဆိုတာ ကျနော်တို့အတွက် မလိုအပ်ပေမဲ့ အလုပ်ရှင်က တအားဖိအားပေးပြီးတော့မှ ကြားပွဲစားနဲ့ မှတ်ပုံတင်ထားတဲ့ ပန်းရောင်ကဒ်တွေက အလုပ်မရှိဘဲနဲ့ သူတို့က တခြားသူဌေးတွေဆီမှာ သွားလုပ်ရရင် အဲဒီမှာ အာဏာပိုင်တွေ ဝင်စစ်တာတို့၊ အဖွဲ့အစည်းတွေ ဝင်စစ်တာတို့ဆိုရင် နေထိုင်ခွင့်မမှန်လို့ အဖမ်းခံရတဲ့ဟာတွေလည်း ကင်းလွတ်သွားတာပေါ့။ အလုပ်သမားတွေအတွက် လမ်းစရှာလို့ရတာပေါ့။ ကျနော်တို့ကတော့ ဒါ ကောင်းတယ်လို့ပဲ ယူဆပါတယ်။ အကျိုးဖြစ်ပါတယ်။ ကျနော်တို့အမြင်ကတော့ အလုပ်သမားကူညီတဲ့သူတွေကတော့ ထိုင်းမှာရောက်တဲ့အလုပ်သမားတွေ ခဏခဏ ပြောင်းခွင့်မရတဲ့အတွက် ဒုက္ခရောက်နေတာ များတဲ့အခါကျတော့ ကျနော်တို့ အလုပ်သမားလည်း အကျိုးရှိတယ်၊ အလုပ်ရှင်လည်း အကျိုးရှိနိုင်တယ်။ ဘာလို့လဲဆိုတော့ အလုပ်ပြောင်းလို့မရတဲ့ ကလေးကိုခေါ်ပြီးတော့ အလုပ်ခိုင်းထားရင် အလုပ်ရှင်လည်း အဖမ်းခံရမယ်။ အလုပ်သမားလည်း အဖမ်းခံရမယ်ဆိုတော့ အခုက လုပ်ငန်းရှင်ပါ ပြောင်းခွင့်ရတယ်၊ အလုပ်သမားကလည်း work permit ပြောင်းခွင့်ရတယ် ဆိုတဲ့အတွက်ကြောင့် အလုပ်ရုံမှာလုပ်နေရင် မှန်မှန်ကန်ကန်ဖြစ်နေရင် နှစ်ဘက်နှစ်လမ်း အကျိုးရှိတာပေါ့။”

မကြာခင်ကမှ အလုပ်ရှင်နဲ့ ပြဿနာတက်ပြီး အလုပ်ထုတ်ပစ်ခံရတဲ့ မြန်မာအလုပ်သမား တဦးကလည်း ဒီလို ပြောင်းရွှေ့ခွင့် ရမယ်ဆိုတဲ့သတင်းကြောင့် အလုပ်သမားတွေအတွက် အကျိုးရှိတယ်လို့ အခုလို ပြောဆိုပါတယ်။

“အလုပ် ဒီနိုင်ငံမှာလုပ်မယ်ဆိုရင် တခြားလုပ်ငန်းကို ပြောင်းဖို့အတွက် သူတို့အရင်က ပြောထားတာတော့ ၂ နှစ်ပြီးမှ ပြောင်းလို့ရမယ်၊ သက်တမ်းသေသွားမှ ပြောင်းလို့ရတယ်ပေါ့ အဲ့လိုကြေညာထားတယ်။ အရင်တုန်းက လုပ်တဲ့အလုပ်ရုံက တနေ့ ၃၀၀ မရဘူးဗျာ။ အဲ့လို ပြောင်းခွင့်ရသွားတဲ့အတွက် တနေ့ ၃၀၀ ရတဲ့လုပ်ငန်းကို ကိုယ့်သူငယ်ချင်း အဆက်အသွယ်တွေနဲ့ သွားမယ်ပေါ့။ အဲ့လိုပေါ့။ သေချာပေါက် ပြောင်းခွင့်ရှိရင်တော့ အကျိုးရှိနိုင်တယ်။”

ထိုင်းနိုင်ငံတွင်းမှာ ထုတ်ပေးထားတဲ့ အလုပ်လုပ်ခွင့်ကဒ်ပြားဟာ သက်တမ်း ၁၀ နှစ်ထိရှိပြီး ၂ နှစ် တခါမှ သက်တမ်းတိုးရတာပါ။ ဒီကဒ်ပြားတွေကို ထိုင်းစစ်အစိုးရလက်ထက်မှာ သက်တမ်း ၁၀ နှစ်အထိ တိုးပေးမှာဖြစ်တယ်လို့ ကြေညာထားတာပါ။ ထိုင်းနိုင်ငံတွင်းမှာ အလုပ်သမား လိုအပ်ချက်တွေ ရှိနေတဲ့အတွက်ရော၊ မကြာခင်က ဖြစ်ပျက်ခဲ့တဲ့ အလုပ်သမား ပြဿနာတွေကြောင့်ပါ အဆင်ပြေအောင် လုပ်ဆောင်ပေးတာလို့ ယူဆကြောင်း အလုပ်သမားရေး ဆောင်ရွက်နေသူတွေက ဆိုပါတယ်။ ထိုင်းနိုင်ငံတွင်းမှာ ဒီလို အလုပ်လုပ်ခွင့်ကဒ်ပြားတွေဟာ အလုပ်သမားတွေ အဆင်ပြေမယ်ဆိုရင် နိုင်ငံကူးလက်မှတ်ကို လုပ်ဆောင်တော့မှာ မဟုတ်တဲ့အကြောင်း အလုပ်သမားရေး လုပ်နေသူတွေက ဆိုပါတယ်။ ထိုင်းနိုင်ငံတွင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ သန်းထက်မနည်းရှိပြီး အလုပ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG