သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဗုံးဖေါက်ခွဲမှု မသင်္ကာသူ ၂၀ ထိန်းသိမ်းစစ်ဆေး


သြဂုတ် ၁၂ ရက်နေ့က ထိုင်း ဗုံးဖောက်ခွဲမှုဖြစ်ခဲ့သည့်နေရာ
သြဂုတ် ၁၂ ရက်နေ့က ထိုင်း ဗုံးဖောက်ခွဲမှုဖြစ်ခဲ့သည့်နေရာ

ပြီးခဲ့တဲ့သောကြာနေ့က ထိုင်းနိုင်ငံမှာဖြစ်ခဲ့တဲ့ ဗုံးဖောက်ခွဲမှုတွေမှာ လူ ၂၀ ကျော် ပါဝင် ပတ်သက်နေတယ်လို့ ထိုင်းရဲတပ်ဖွဲ့ စုံစမ်း စစ်ဆေးရေးမှူးတွေက ပြောပေမဲ့ တရားခံတွေနဲ့ပတ်သက်တဲ့ ထင်ကြေးပေး ပြောဆိုမှုတွေ အများအပြား ရှိနေပါတယ်။

ကမ္ဘာလှည့် ခရီးသွားတွေ အလားများတဲ့ နေရာတွေမှာ လူ လေးယောက် သေဆုံးပြီး ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ လူ ၇ ယောက်ထက်မနည်းကို စစ်ဆေးမေးမြန်းဖို့ ဖမ်းဆီးထားတဲ့အကြောင်း ထိုင်းရဲတပ်ဖွဲ့ သတင်းရင်းမြစ်တွေက ဗွီအိုအေကို ပြောပါတယ်။

ငြိမ်းချမ်းရေးနဲ့ ငြိမ်ဝပ်ပိပြားရေး နိုင်ငံတော်ကောင်စီ ထိုင်းစစ်အစိုးရ ကတော့ - နိုင်ငံတော်အားလပ်ရပ်ဖြစ်တဲ့ ထိုင်းဘုရင်မကြီး မွေးနေ့ ဆင်နွှဲနေချိန်မှာ ဖြစ်ခဲ့တဲ့ ဒီတိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ စစ်တပ်ဦးဆောင်တဲ့ အစိုးရကို ဆန့်ကျင်တဲ့ နိုင်ငံရေးသမားတွေ ပါနေတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ၂၀၁၄ ခုနှစ် မေလမှာ စစ်အာဏာသိမ်း ဖယ်ရှားခံခဲ့ရတဲ့ Pheu Thai ပါတီနဲ့ ပါတီကိုထောက်ခံသူတွေ၊ အာဏာရှင် ဆန့်ကျင်ရေး ညီညွတ်သော ဒီမိုကရေစီတပ်ဦး UDD အပါအဝင် နိုင်ငံရေးပါတီတွေကတော့ ဒီဗုံးဖောက်ခွဲမှုတွေနဲ့ သူတို့ ဆက်စပ်မှု မရှိကြောင်း ပြောဆိုထားပါတယ်။

ထိုင်းနိုင်ငံမှာ ရှေ့နှစ်ထဲ ရွေးကောက်ပွဲသစ်တွေ ကျင်းပနိုင်ရေးကို ဦးတည် ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ရတဲ့ စစ်တပ်ဦးဆောင်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိုင်းပြည်သူတွေ မဲပေး အတည်ပြုခဲ့ပြီး သီတင်းတပတ်နီးပါး အကြားမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်တာပါ။

ဖွဲ့စည်းပုံသစ်အရ Pheu Thai နဲ့ ဒီမိုကရက်ပါတီတွေ အပါအဝင် နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍကို ကန့်သတ်ထားမှာဖြစ်ပြီး စစ်တပ်ရဲ့အာဏာကိုတော့ အနည်းဆုံး နောက် ၅ နှစ် ဆက်လက် ရှိနေစေမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG