သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်လက်မှတ်မထိုးတဲ့အဖွဲ့တွေ အပါအဝင် ၂၁ ရာစုပင်လုံညီလာခံကျင်းပရေး ပူးတွဲကော်မတီ ဖွဲ့မည်


 ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးပွဲကော်မတီ(UPDJC) ရဲ့ အစည်းအဝေး နေပြည်တော်မှာကျင်းပ (Myanmar State Counsellor Office)
ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးပွဲကော်မတီ(UPDJC) ရဲ့ အစည်းအဝေး နေပြည်တော်မှာကျင်းပ (Myanmar State Counsellor Office)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံညီလာခံကျင်းပရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးပွဲကော်မတီ(UPDJC) ရဲ့ အစည်းအဝေးကို ဒီကနေ့ နေပြည်တော်မှာကျင်းပပြီး အားလုံးပါဝင်ရေးမူနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ညီလာခံပူးတွဲကျင်းပရေးအဖွဲ့ ဖွဲ့ဖို့ သဘောတူကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးပွဲကော်မတီ(UPDJC) ရဲ့ အစည်းအဝေးကို နေပြည်တော်က သင်္ဂဟဟိုတယ်မှာ မနက် ၁၀နာရီကနေ ညနေ ၄နာရီခွဲ အထိ ကျင်းပခဲ့ပြီး အစည်းအဝေးအဖွင့်အမှာစကားကို UPDJC ရဲ့ ဥက္ကဌ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

“ရေရှည်မှာ ငြိမ်းချမ်းရေးမရှိဘဲနဲ့ ဘယ်လို စီးပွားရေးတိုးတက်မှုမျိုးကိုမှ ကျမတို့ ထိန်းသိမ်းထားနိုင်မှာမဟုတ်ပါဘူး။ စီးပွားရေးဘက်က ဘယ်လောက်ပဲ တိုးတက် တိုးတက် ငြိမ်းချမ်းရေးမရှိပဲနဲ့ တိုးတက်မူက သွားနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ကျမတို့အတွက် အဓိက အရေးကြီးတာက ငြိမ်းချမ်းရေးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့နိုင်ငံ ငြိမ်းချမ်းရေးမရခဲ့တဲ့အကြောင်းအရင်းတခုဟာဆိုရင် ကျမတို့ရဲ့ ပြည်ထောင်စုသားများ အားလုံးရဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ၊စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်လို့ပဲဖြစ်ပါတယ်။ ဒါတွေကိုလည်းဖြည့်ဆည်းဖို့ ကျမတို့ စဉ်းစားရမယ်။ နိုင်ငံရေးအရလည်း ကျမတို့အားလုံးမှာ ဘုံသဘောတူညီချက်အရတခုနဲ့ အနာဂတ်ကိုလျှောက်သွားရမယ်။ဒီဘုံသဘောတူညီချက်ကရိုးရိုးလေးပါပဲ တကယ်ကို စစ်မှန်ပြီး ခိုင်မာတဲ့ ပြည်ထောက်စုကြီးတခုကို ကျမတို့ တည်ဆောက်ချင်ပါတယ်။”

အစည်းအဝေးအဖွင့်မိန့်ခွန်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်က အတိတ်တုန်းက အဆိုးတွေကို ပယ်ဖျက်ပြီးတော့ အနာဂတ်ကို ချီတက်တဲ့နေရာမှာ တစ်ယောက်နဲ့တစ်ယောက် ညီညီညွတ်ညွတ်၊ ယုံယုံကြည်ကြည်နဲ့ ချီတက်နိုင်အောင်လို့ ဘယ်လို လုပ်ရမယ်ဆိုတာ ဝိုင်းပြီးတော့ စဉ်းစားပေးကြဖို့ ထည့်သွင်းပြောကြားပါတယ်။

ဒီကနေ့ အစည်းအဝေးမှာ အရေးပါတဲ့အချက် ၃ချက်ကို ဆုံးဖြတ်ခဲ့ပြီး ပထမအချက်အဖြစ် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တင်ပြထားတဲ့ ညီလာခံကို ဒီလ ၃၁ရက်နေ့စတင်ကျင်းပရေးအဆိုကို ကန့်ကွက်သူမရှိ အတည်ပြုနိုင်ခဲ့ပါတယ်။

ကျန်ဆုံးဖြတ်ခဲ့တဲ့ အချက်တွေကိုတော့ ၂၁ရာစုပင်လုံအကြို ပြင်ဆင်ရေးကော်မတီ အတွင်းရေးမှုး ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။

“ကျနော်တို့ နိုင်ငံရေးပါတီ အစုအဖွဲ့ကနေ အဆိုတင်သွင်းတဲ့ အားလုံးပါဝင်ရေးကို ဆောင်ရွက်နိုင်ဖို့အတွက် ဒီညီလာခံကိုယ်စားလှယ်ဆိုတာထက် ညီလာခံကို ပါဝင်တက်ရောက်သူများဆိုတာကို သုံးဖို့ဆိုတာကိုလည်း အားလုံးက သဘောတူတယ်။ သဘောတူတဲ့အတွက် အားလုံးပါဝင်တက်ရောက်နိုင်ဖို့အတွက်ကို ပိုပြီးတော့ လမ်းစဖြစ်တယ် ဆိုတဲ့အနေအထားမျိုးတော့ရှိတယ်။ နောက် ပူးတွဲကျင်းပမယ့်ကော်မတီဆိုတဲ့ရှိတယ်။ အဲဒါကတော့ နိုင်ငံရေးအရ ပူးတွဲကျင်းပဖို့ဆိုတော့ ပူးတွဲကျင်းပမယ့်နေရာမှာလည်း လက်မှတ်မရေးထိုးထားတဲ့လူတွေ ပါဝင်ဖို့ကိုလည်း အားလုံးက သဘောတူတဲ့အတွက် အဓိက အရေးကြီးတဲ့ ၃ ခုကတော့ ကျတော်တို့ ဆုံးဖြတ်နိုင်ခဲ့တယ်။

အားလုံးပါဝင်တက်ရောက်ရေးအတွက် အချက်အချို့ကတော့ ညှိနှိုင်းဖို့ ကျန်ရှိနေသေးကြောင်း နဲ့ ညီလာခံနဲ့ပတ်သက်တဲ့မူဝါဒဆိုင်ရာအသေးစိတ်အချက်တွေကိုတော့ မနက်ဖြန်မှာ ဆက်လက်ဆွေးနွေးဖို့ ရှိနေပါတယ်။

အစိုးရ UPDJC ကိုယ်စားလှယ် ၁၆ ဦး၊ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် UPDJC ကိုယ်စားလှယ် ၁၅ ဦး၊ နိုင်ငံရေးပါတီ UPDJC ကိုယ်စားလှယ် ၁၆ ဦး တို့ ပါဝင် တက်ရောက်ကြပါတယ်။ ဒီကနေ့ အစည်းအဝေးဟာ ပြီးခဲ့တဲ့အပတ်က ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ၃ရက်ကြာဆွေးနွေးခဲ့တဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်တွေကို ပြန်လည်ဆွေးနွေး အတည်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG