သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ် လက်ထက် ခရီးသွားလုပ်ငန်း တိုးတက်လာဖို့ မျှော်လင့်


ပုဂံ နေဝင်ချိန်အလှကို ရှု့စားနေတဲ့ ခရီးသွားဧည့်သည်များ။
ပုဂံ နေဝင်ချိန်အလှကို ရှု့စားနေတဲ့ ခရီးသွားဧည့်သည်များ။

ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရ လာပြီးနောက်ပိုင်း မြန်မာနိုင်ငံ ကို နိုင်ငံခြား ခရီးသွားတွေ ပိုပြီးလာရောက် လည်ပတ်ကြ လိမ့်မယ်လို့ မျှော်လင့် မိကြောင်း ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။ တဖက်မှာ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာဖို့ ဆိုရင် နိုင်ငံရေး တည်ငြိမ်မှုရှိဖို့ လိုအပ်သလို ၊ နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ မြန်မာနိုင်ငံကို အလွယ်တကူ လာရောက်လာအောင် အစိုးရသစ်က မူဝါဒ ရေးဆွဲပြဋ္ဌာန်းဖို့ လိုမယ်လို့ တိုက်တွန်းလိုက်ကြပါတယ်။ ကိုဉာဏ်ဝင်းအောင် က တင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို နိုင်ငံရဲ့စီးပွားရေးအတွက် မောင်းနှင်အားအဖြစ် ဦးသိန်းစိန်အစိုးရက မူဝါဒပြောင်းလဲ ချမှတ်ခဲ့တာကြောင့် ခရီးသွားလုပ်ငန်း တိုးတက်မှုတွေရှိခဲ့တာကိုလုပ်ငန်းရှင်တွေကကြိုဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ ခရီးသွား လုပ်ငန်းမှာ ဝန်ဆောင်မှုပေးနေတဲ့ ဝန်ထမ်းတွေအနေနဲ့ ခရီးသွား ဧည့်သည်တွေကို စိတ်ကျေနပ်မှု ပေးနိုင်နေတယ်လို့ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ဈေးကွက်မြှင့်တင်ရေးဥက္ကဋ္ဌ ဦးဖြိုးဝေရာဇာက ပြောပါတယ်။

"အကြမ်းဖျင်းအားြ့ဖင့် ပြောရမယ်ဆိုရင် ခရီးသွားဧည့်သည်တွေက မြန်မာနိုင်ငံကို လာတဲ့အခါမှာ သူတို့ရဲ့ ကျေနပ်နှစ်သိမ့်မှုက အိမ်နီးနားချင်းနိုင်ငံတွေထက် မနိမ့်ဘူးလို့တော့ ကျနော် အကြမ်းဖျင်း ပြောလို့ရပါတယ်။ မြန်မာနိုင်ငံကို လာလို့ရှိရင် ကျေနပ်နှစ်သိမ့်မှု ရတယ်ဆိုတဲ့ဟာရယ်။ ကျနော်တို့ ဝန်ထမ်းတွေရဲ့ ဝန်ဆောင်မှုတွေဟာ ဒေသတွင်းမှာ ရှိတဲ့ အခြားနိုင်ငံမှာရှိတဲ့ ဝန်ထမ်းတွေထက် အမြဲတမ်း အပေါ်မှာ ရှိတယ်ဆိုတာမျိုး မှတ်ချက်တွေ ကျနော်တို့ရပါတယ်။ "

ဒါပေမယ့် လက်တွေ့မှာ ခရီးသွားဧည့်သည်တွေ စိတ်ကျေနပ်မှုရအောင် တာဝန်ယူမှုအပိုင်းမှာ အားနည်းနေသေးတယ်လို့ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များ အသင်း အထွေထွေ အတွင်းရေးမှူး ဒေါ်သတိုးသူဇာအောင် က ထောက်ပြပါတယ်။

" ကျမတို့မှာ မလုံလောက်တဲ့ အချက်အလက်တွေက အများကြီး ရှိနေတဲ့ အတွက်ကြောင့် ဧည့်သည်တွေရဲ့ စိတ်ကျေနပ်မှုက လုံလောက်အောင် မရဘူး။ တခြားအရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ယှဉ်လိုက်ရင်။ အဲ့တခုကတော့ ကျမတို့တိုင်းပြည်မှာ တော်တော်ကြီးကို လိုအပ်နေတဲ့ အချက်တချက်ပဲ။ အရေးအကြီးဆုံးက တဦးနဲ့တဦး ပူးပေါင်းဆောင်ရွက်ရမယ် ခရီးသွားလုပ်ငန်းမှာ တာဝန်ယူမှု၊ တာဝန်သိမှု သိပ်ကို အရေးကြီးပါတယ်။ အဲ့တော့ တာဝန်ယူမှု၊ တာဝန်သိမှု တော်တော်လေးကို ကျမတို့ တိုင်းပြည်မှာ အားနည်းနေတယ်။ ဒါပေမဲ့ ကျမတို့မြင်ချင်တဲ့သဘောက ဒိုးဆက်ကလေးတွေလိုမျိုး ဒိုးဆက်လေးတခု လဲရင် ကျန်တဲ့သူတွေ ဆက်တိုက်လဲတဲ့ ပုံစံမျိုး ရှိတယ်။ အဲ့ဒီ့အခါကျတော့ တစုံတယောက်က သူ့ရဲ့ တာဝန်ကို မယူလိုက်ဘူး။ မယူလိုက်တဲ့အခါမှာ ခရီးသွားတွေက စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့ရင် နောက်ပိုင်း နောက်ပိုင်း Effects တွေက ကျန်တဲ့သူကိုပါ ထိခိုက်သွားတယ်။ "

၂၀၁၅ ရွေးကောက်ပွဲမှာ အများက လိုလားတဲ့ NLD ပါတီ အနိုင်ရလိုက်တဲ့ အချက် ကလဲ မြန်မာနိုင်ငံကို နိုင်ငံခြားခရီးသွားတွေ ပိုတိုးလာစေ တယ့် မျှော်လင့်မိကြောင်း ဦးဖြိုးဝေရာဇာက ပြောပါတယ်။

"အားလုံးသိတဲ့အတိုင်းပဲ NLD အနေနဲ့ Landslide အောင်မြင်မှုအပေါ်မှာ မူတည်ပြီးတော့ နိုင်ငံတကာကနေပြီးတော့ အာရုံစိုက်မှုက မြန်မာနိုင်ငံအပေါ် ပိုပြီးတော့ များလာတဲ့အတွက် ဒါ လုံးဝ ငြင်းလို့မရတဲ့ အချက်တချက်ပါပဲ။ အဲ့တော့ အပြောင်းအလဲကို မျှော်လင့်နေကြတာ ပြည်တွင်းကရော ပြည်ပကရော အဲ့တော့ အပြောင်းအလဲဖြစ်တဲ့ ဥစ္စာကို ကိုယ်တိုင် လက်တွေ့ လာပြီးတော့ ကြည့်ကြမယ့် စိတ်မျိုး ရှိကြလိမ့်မယ်လို့လဲ ထင်တယ်။ အရေးကြီးတာက အဲ့လိုမျိုးဖြစ်နေ တဲ့ မြန်မာနိုင်ငံ ကို လာချင်စိတ်ရှိတဲ့ ဧည့်သည်တွေရဲ့ လာချင်နေတဲ့ ဆန္ဒကို ကျနော်တို့က အမိအရ ဖမ်းပြီးတော့ သူတို့အတွက် လွယ်ကူစွာ လာရောက် လည်ပတ်လို့ရတယ်ဆိုတဲ့ သတင်းမျိုးကို မြန်မြန် လွှင့်ပေးနိုင်ဖို့ လိုပါတယ်။"

မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်လာတယ် ဆိုပေမယ့် နိုင်ငံရေး တည်ငြိမ်မှု ရှိမှသာ ခရီးသွားလုပ်ငန်း ပိုအောင်မြင်လိမ့်မယ် လို့ ဒေါ်သတိုးသူဇာအောင် က သုံးသပ်ပါတယ်။

"ကျမတို့ ဦးသိန်းစိန် အစိုးရ တက်လာတဲ့အချိန်ပေါ့နော်။ ၂၀၁၂ နောက်ပိုင်း ခရီးသွား လုပ်ငန်းဟာ တကယ်ပဲ ဖွံ့ဖြိုးလာပါတယ်။ ဒါပေမဲ့ ဖွံ့ဖြိုးလာတယ်ဆိုပေမဲ့ ကျမတို့ ဆိုလိုတဲ့သဘောက နိုင်ငံရေးတည်ငြိမ်တယ်ဆိုရင် ကျမတို့ ခရီးသွားလုပ်ငန်း ဟာ အောင်မြင်မယ်။ ဒုတိယတချက်က နိုင်ငံရေးတည်ငြိမ်မှု။ သူက နိုင်ငံရေး ဘယ်လောက်ပဲ အပြောင်းအလဲ လုပ်နေနေ နိုင်ငံရေးတည်ငြိမ်မှု မရှိဘူးဆိုရင် ကျမတို့ တိုင်းပြည်မှာ ကျမတို့ တိုင်းပြည်မှ မဟုတ်ဘူး။ မည်သည့်တိုင်းပြည်မှ ခရီးသွားလုပ်ငန်း တိုးတက်လာမှာ မဟုတ်ဘူး။ နိုင်ငံရေးနဲ့ အများကြီး ဆက်စပ်နေပါတယ်။"

ဒါ့အပြင် နောင်တက်လာမယ့် NLD ပါတီ အစိုးရ အနေနဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒကို အသေအချာ ရေးဆွဲဖို့လိုတယ်လို့ ဦးဖြိုးဝေရာဇာက အကြံပြုပါတယ်။

"လက်ရှိမြန်မာနိုင်ငံရဲ့ ခရီးသွား ခရီးစဉ်တွေက ဈေးနှုန်းအရဆိုရင်တော့ နည်းနည်းမြင့်နေတဲ့ဘက်မှာ ရှိနေတယ်။ အဓိက ကတော့ အစိုးရ တရပ် အနေနဲ့ကတော့ ဈေးနှုန်းကို သွားပြီး ထိန်းချုပ်လို့မရဘူး။ သို့သော်လည်းပဲ ခရီးသွားလုပ်ငန်းကို ပိုပြီးတော့ တိုးတက်အောင် လုပ်ဖို့ဆိုရင် ဝင်ငွေတိုးအောင် အရင်လုပ်မှာလား ဒါမှမဟုတ် ဧည့်သည်အရင် လာအောင် ဆွဲဆောင်မှာလား အဲ့ဒီ့လိုမျိုး မူဝါဒနဲ့ပတ်သက်ပြီးတော့ အရေးကြီးတဲ့ ဟာလေးတွေလည်း ထည့်ပြီးတော့ အစိုးရသစ်တရပ်အနေနဲ့ စဉ်းစားဖို့ လိုအပ်ပါမယ်။"

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဝန်ကြီးရဲ့ တလောက ပြောဆိုချက်အရ ၂၀၁၅ ဇန္နဝါရီလကနေ အောက်တိုဘာလအထိ နိုင်ငံခြားခရီးသွား ဧည့်သည် ၃ သန်း နီးပါး မြန်မာနိုင်ငံကို လာရောက်ခဲ့တယ်လို့ ပြောပေမယ့် ဒီအရေအတွက်ထက် နည်းနိုင်တယ်လို့ ခရီးသွားလုပ်ငန်းရှင် တွေက ခန့်မှန်းနေကြပါတယ်။

XS
SM
MD
LG