သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလင်တန်ဖောင်ဒေးရှင်းကို သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ


ရီပတ်ဘလစ်ကန် သမ္မတလောင်း Donald Trump
ရီပတ်ဘလစ်ကန် သမ္မတလောင်း Donald Trump

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Hillary Clinton နဲ့ ခင်ပွန်းဖြစ်သူ သမ္မတဟောင်း Bill Clinton တို့ရဲ့ ကလင်တန်ဖောင်ဒေးရှင်းကို သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံးလုပ်ဖို့ ရီပတ်ဘလစ်ကန် သမ္မတလောင်း Donald Trump က တောင်းဆိုလိုက်သလို၊ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) ကို မယုံရဘူးလို့လည်း ပြောဆိုလိုက်ပါတယ်။

Ohio ပြည်နယ် Akron မြို့က တနင်္လာနေ့ စည်းရုံးရေးခရီးစဉ်အတွင်းမှာတော့ ပြိုင်ဘက်ဖြစ်တဲ့ ကလင်တန်ရဲ့ ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေအဖြစ် ရည်ညွှန်းသုံးနှုန်းပြီး၊ သူ့အနေနဲ့ တုန်လှုပ်မိတဲ့အထိ ဖြစ်ရတဲ့အကြောင်း Trump က အဓိကအာရုံစိုက် ပြောဆိုခဲ့တာပါ။ ပရဟိတ အဖွဲ့အစည်းတခုဖြစ်တဲ့ ကလင်တန် ဖောင်ဒေးရှင်းမှာ အလှူငွေအဓိက ထည့်ဝင်ခဲ့သူတွေဟာ၊ ဟီလာရီ ကလင်တန် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူနေစဉ် ကာလအတွင်း ကလင်တန် ဒါမှမဟုတ် သူ့ရဲ့လက်ထောက်တွေနဲ့ ဆက်သွယ်နိုင်တဲ့ အထူးအခွင့်အရေး ရခဲ့သူတွေ ဖြစ်တယ်ဆိုပြီး Trump က စွပ်စွဲနေတာ ဖြစ်ပါတယ်။

ကလင်တန်ကတော့ စွပ်စွဲချက်တွေဟာ မမှန်ဘူးဆိုပြီး အစဉ်တစိုက် ငြင်းဆန်ထားတာပါ။ အခြေအတင် ဖြစ်စရာတွေ ကြုံခဲ့ရပြီးနောက်၊ အသစ်ထပ်မံ ထုတ်ပြန်ခဲ့တဲ့ ဝန်ကြီးဟောင်း ကလင်တန်ရဲ့ အီးမေးလ်တွေထဲမှာတော့ သူ့လက်ထောက် တချို့ကို အခွင့်အရေးရအောင် တောင်းခံတာမျိုးတွေ တွေ့ရပေမဲ့၊ တောင်းတဲ့အတိုင်း ပေးတာမျိုး၊ ကလင်တန်ကိုယ်တိုင် ပတ်သက်နေတာမျိုး အထောက်အထား တစုံတရာတော့ မတွေ့ခဲ့ကြရပါဘူး။ သမ္မတဟောင်း Bill Clinton ကတော့၊ ဇနီးဖြစ်သူ သမ္မတအဖြစ် ရွေးချယ်ခံရပြီ ဆိုရင်တော့၊ ဖောင်ဒေးရှင်းနဲ့ ပတ်သက်လို့ အပြောင်းအလဲတွေ လုပ်မှာဖြစ်တဲ့အကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ကြေညာထားပါတယ်။

ကလင်တန် ဖောင်ဒေးရှင်းအတွက် ပြည်ပကအလှူရှင်တွေ၊ ကော်ပိုရေးရှင်းကြီးတွေက အထောက်အပံ့တွေကို လက်ခံတော့မှာ မဟုတ်သလို၊ သူကိုယ်တိုင်လည်း ဘုတ်အဖွဲ့ဝင်အဖြစ်က နှုတ်ထွက်မယ့်အကြောင်း သမ္မတလောင်း ကလင်တန်က ပြောဆိုခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG