သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ Netanyahu နှစ်နိုင်ငံ သွေးစည်းမှုပြသ


သမ္မတ Donald Trump နဲ့ အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu တို့ အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲအတွင်း ခေါင်းဆောင် ၂ ဦးက ညီညွတ်မှုရှိကြောင်း ပြသခဲ့ကြပါတယ်။

အစ္စရေးလ်နဲ့ ပါလက်စတိုင်းအကြားက ပဋိပက္ခ ပြေလည်ရေးအတွက် နှစ်နိုင်ငံ အတူယှဉ်တွဲ နေထိုင်ရေးဆိုတဲ့ မူဝါဒတခုထဲ မဟုတ်ဘဲ တခြားနည်းလမ်းအတွက်မှာ သူ့အနေနဲ့ တံခါးဖွင့်ထားကြောင်း သမ္မတ Trump ပြောကြားခဲ့တဲ့ကြားကပဲ အခုလို ညီညွတ်မှုရှိကြောင်း ပြသခဲ့ကြတာ ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းပဋိပက္ခ ရေရှည်အဖြေရရေးအတွက် တနိုင်ငံထဲ ပေါင်းစည်း တည်ရှိရေးကိစ္စကို လက်ခံကောင်း လက်ခံမယ်ဆိုတဲ့ သဘောမျိုး သမ္မတ Trump က ပြောကြားလိုက်တာဟာ အမေရိကန် အစိုးရ အဆက်ဆက်က ရေရှည် လက်ခံလာခဲ့တဲ့ လွတ်လပ်တဲ့ ပါလက်စတိုင်း နိုင်ငံဟာ အစ္စရေးနဲ့အတူ ယှဉ်တွဲ တည်ရှိရမယ်ဆိုတဲ့ မူဝါဒနဲ့ ဆန့်ကျင်ဘက်သဘော သက်ရောက်နေပါတယ်။

သူ့အနေနဲ့ နှစ်နိုင်ငံ ယှဉ်တွဲနေထိုင်ရေး၊ တနိုင်ငံထဲ ပေါင်းစည်း တည်ရှိရေး ဆိုတဲ့ လမ်းကြောင်း ၂ ခုကို လေ့လာနေကြောင်း၊ ဒါပေမဲ့ နှစ်ဘက်စလုံးက လက်ခံတဲ့ တနိုင်ငံထဲ ပူးတွဲ တည်ရှိရေးကိစ္စကို သူ့အနေနဲ့ သဘောကျကြောင်း သမ္မတ Trump က သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

အစ္စရေးလ်က သိမ်းပိုက်ထားတဲ့ ပါကလက်စတိုင်း ဒေသမှာ ဂျူးလူမျိုးတွေ ပါလက်စတိုင်း ဒေသမှာ ရွေ့ပြောင်း အခြေချ နေထိုင်တဲ့ကိစ္စကို ရပ်ဆိုင်းထားပေးစေလိုကြောင်းလည်း သမ္မတ Trump ဝန်ကြီးချုပ် Netanyahu ကို ပြောပါတယ်။

အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu ကလည်း နှစ်နိုင်ငံ ယှဉ်တွဲနေထိုင်ရေး မူဝါဒကို လက်ခံဖို့ ကတိမပြုနိုင်ကြောင်း၊ ရွှေ့ပြောင်း အခြေချ နေထိုင်မှုကိစ္စအတွက် သမ္မတ Trump နဲ့ နောက်ပိုင်းမှာ ဆွေးနွေးဖို့ စီစဉ်ထားကြောင်း၊ ဒါမှလည်း အမေရိကန်နဲ့ အစ္စရေးလ်တို့အကြား နားလည်မှု လွဲမှားမှုတွေကို ရှောင်ရှားနိုင်မှာဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG